စစ်ကောင်စီကို အသိအမှတ်ပြုသူတွေစာရင်း Justice For Myanmar ဖော်ထုတ်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.01.25
စစ်ကောင်စီကို အသိအမှတ်ပြုသူတွေစာရင်း Justice  For Myanmar ဖော်ထုတ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai တို့သည် ရန်ကုန်မြို့တွင် ပြုလုပ်သည့် တရုတ်နှစ်သစ်ကူး အခမ်းအနားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်နေစဉ်။
AFP

မြန်မာနိုင်ငံက တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုနေတဲ့ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆၀ ကျော်ရဲ့ အမည်စာရင်းကို Just For Myanmar အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြလိုက်ပါတယ်။

“အာဏာရှင်စနစ်တစ်ရပ် ဖော်ဆောင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာကို အစိုးရတွေ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ တရားမဝင် မြန်မာစစ်ကောင်စီအပေါ် ဘယ်လို ဘယ်ပုံ ပံ့ပိုးနေတာတွေ အဲဒီပံ့ပိုးမှုတွေ ရပ်တန့်သွားအောင် ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။ ကုလသမဂ္ဂအပါအဝင် နိုင်ငံစုံက အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းပေါင်း (၆၀) ကျော်က မြန်မာအာဏာသိမ်း စစ်ကောင်စီကို ကူညီပံ့ပိုးပေးနေပုံ အသေးစိတ်ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်တွေထဲမှာ- နိုင်ငံတကာအစိုးရ ၂၂ ဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့ အစည်း ၂၆ ဖွဲ့၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း ၈ ဖွဲ့ နဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်း ၈ ဖွဲ့တို့ ပတ်သက်ဆက်နွယ်နေကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့ပြင် စစ်အုပ်စုကို အဓိက ထောက်ပံ့ပေးနေတဲ့ အမျိုးအစား လေးမျိုးရှိနေရာမှာ (၁)စစ်အုပ်စုကို နိုင်ငံတကာဆွေးနွေးပွဲတွေမှာ မြန်မာကိုယ်စား ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် သံတမန်ဆက်ဆံရေးနဲ့ ဆောင်ရွက်ချက်တွေကနေ တစ်ဆင့် တရားဝင်မှု ရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ (၂)စစ်အုပ်စု အကျိုးစီးပွားအတွက် အသိပညာနဲ့ ကျွမ်းကျင်မှုတွေပေးနိုင်တဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ (၃)ဖွံ့ဖြိုးရေးနဲ့ ချေးငွေ အစီအစဉ်တွေ စစ်အုပ်စုအောက်က ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ သွယ်ဝိုက်ပူးပေါင်းတာတွေနဲ့ ငွေကြေးပံ့ပိုးမှုတွေ၊ (၄) စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ဟိုတယ်လုပ်ငန်း၊ ရုံးခန်းတွေ၊ အိမ်ရာငှားရမ်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။

ဒါ့ပြင် စစ်အုပ်စုအတွက် နောက်ထပ် ဘဏ္ဍာငွေ၊ အာဏာနဲ့ အရင်းအမြစ်တွေ ဘယ်လိုကာကွယ်ရမယ် စစ်အုပ်စုကို ကူညီပံ့ပိုးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ဥပဒေကြောင်းဆိုင်ရာ စဉ်းစားဖွယ်ရာတွေ အကျိုးဆက်တွေအတွက် ဆန်းစစ်သုံးသပ်ချက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Just For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း- “မြန်မာစစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး အခုထိ ပြည်သူ ၂၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသလို တစ်သောင်း သုံးထောင်ခြောက်ရာကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ပြည်သူတွေအပေါ် မြေလှန် မီးရှို့ စစ်ဆင်ရေးတွေ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှု ဗုံးကြဲမှုတွေကြောင့် ပြည်သူတစ်သန်းကျော် ထွက်ပြေးခဲ့ရတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးကြီးတစ်ရပ် ပေါ်ပေါက်စေခဲ့ကြောင်း ပြောဆိုပါတယ်။

အခုအချိန်ထိတော့ စစ်ကောင်စီရဲ့ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်နိုင်တဲ့ ရံပုံငွေနဲ့ အရင်းအမြစ်တွေ ရရှိနေနိုင်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအများစုက လစ်လျူရှုနေပြီး တားဆီးကာကွယ်ပေးမှု မရှိသလောက်ဖြစ်နေတဲ့အပြင် စစ်အုပ်စုကို တက်တက်ကြွကြွ ပံ့ပိုးကူညီနေတာကိုသာ တွေ့နေရတာဟာ လက်ခံနိုင်စရာမရှိကြောင်းလည်း ပြောဆိုပါတယ်။

ဒါ့ပြင် နိုင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးနေတာ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာ စတဲ့ စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှု ပုံစံအားလုံးဟာ လက်ခံနိုင်စရာမရှိ ကြောင်းလည်း မရတနာမောင်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။