ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်မှု ပြည်သူ့နေ့စဉ်ဘဝကို ထိခိုက်
ရန်ကုန်တိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့်တွေကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ် ပင်နေရာကနေ အခုဆိုရင် ပိတ်ပင်ခံရတဲ့မြို့နယ်တွေဟာ အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနဲ့ ဒလ စတဲ့ မြို့နယ်ငါးခုအထိ ရှိလာပါတယ်။
ယခင်ကတော့ ဆိုင်ကယ်တစ်စီးပေါ်မှာ အမျိုးသားနှစ်ဦးမစီးဖို့နဲ့ အမျိုးသားက နောက်က နေမစီးဖို့ တားမြစ်ခဲ့တာပါ။ အခုတော့ အဲဒီမြို့နယ်တွေမှာ ဆိုင်ကယ်ကို လုံးဝစီးနင်းခွင့် မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က သန်လျင်မြို့နယ်ကို စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ် ပင်ခဲ့ပြီးနောက် လမ်းမတွေပေါ်မှာ ဆိုင်ကယ်စီးနင်းသူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေအထိ ရှိလာသလို ဆိုင်ကယ်ကို အပြီးသတ် သိမ်းဆည်းတာတွေကိုပါ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သန်လျင်မှာ ဆိုင်ကယ်တွေမစီးဖို့ ကြေညာလိုက်တဲ့နေ့ကစပြီး ဈေးသွားရတာလည်း ဒုက္ခရောက်တယ်"
အခုပိတ်ပင်မှုကြောင့် ဆိုင်ကယ်နဲ့ စားဝတ်နေရေး ရပ်တည်နေကြရသူတွေ အခက်တွေ့နေ ကြရတယ်လို့ ရန်ကုန်မြို့ ဆိုင်ကယ်ကယ်ရီသမား ကိုဇော်ဇော်ဦးက ပြောပါတယ်။
"စားဝတ်နေရေးပေါ့ ပထမဆုံးက၊ ငွေကြေးမလုံလောက်မှု၊ ခေတ်ကောင်းတဲ့အချိန်ကဆို ပိုက်ဆံရတယ်၊ ခေတ်မကောင်းတဲ့ အခုချိန်ကာလမှာလည်း အရင်ကထက် မရပေမယ့် နည်းနည်းပါးပါး မိသားစုစားဝတ်နေရေးအတွက် လုံလောက်တဲ့ငွေပမာဏရတယ်၊ အခု က လုံလောက်တဲ့ ငွေပမာဏမရတဲ့အပြင် တော်တော်လေးကို ကြံဖန်နေရတယ်၊ အ ကြွေးတင်တဲ့လူကလည်း တင်တယ်၊ ကျနော်တို့ဆို ချေးတာက သွားချေးရင်တောင် ပိုက်ဆံမချေးချင်ကြဘူး၊ မယုံတဲ့ လူနဲ့၊ ဝင်ငွေနဲ့ ထွက်ငွေကို မမျှတအောင် မပေးနိုင်မှာ စိုးရိမ်တဲ့လူနဲ့ ငွေရေးကြေးရေးအခက်အခဲ ရှိတယ်ပေါ့နော်"
ဆိုင်ကယ်စီးနင်းခွင့် မပိတ်ပင်ခင်က မိသားစု စားဝတ်နေရေးပြေလည်ခဲ့တာကြောင့် ဆိုင်ကယ်ကယ်ရီဆွဲခွင့်ကို ပြန်ခွင့်ပြုပေးစေချင်တယ်လို့ သူက ပြောပါတယ်။
အခုလို ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့အကြောင်း စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တွေက ဆိုင်ကယ် ပိုင်ရှင်တွေကို ခေါ်ယူ အသိပေးလာတာလို့ သန်လျင်ဒေသခံတွေက ပြော ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးအရဆိုပြီး အကြောင်းပြပေမယ့် ဒေသခံတွေ ကတော့ PDF အဖွဲ့တွေက ဆိုင်ကယ်ကိုအသုံးပြုပြီး ရဲစခန်းတွေ၊ ယဉ်ထိန်းရဲရုံးတွေနဲ့ စစ် ကောင်စီတပ်သားတွေ လုံခြုံရေးယူထားပေးတဲ့ ဘဏ်တွေ စတဲ့နေရာတွေကို မိုင်းခွဲ၊ ပစ် ခတ်တာတွေကြောင့် ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်နေတာလို့ ပြောကြပါတယ်။
သန်လျင်မြို့နယ်မှာနေထိုင်တဲ့ ဆိုင်ကယ် ကယ်ရီသမား ကိုကျော်ကျော်ဦးကတော့ မိသားစု စားဝတ်နေရေးအတွက် အခြားအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်နေရတယ်လို့ ပြောပါ တယ်။
"ကယ်ရီဆွဲတုန်းက တစ်နေ့ကို တစ်သောင်းကျော်ကျော် သောင်းရှစ်ထောင်၊ သောင်းကိုး ထောင် နီးပါးရတယ်၊ ကယ်ရီမဆွဲတာ ဘယ်လောက်ကြာပြီလဲဆိုတော့ ငါးလပိုင်းကျော် ကျော် ကတည်းကဆိုတော့ နည်းနည်းကြာပြီ၊ ငါးလပိုင်းနောက်ပိုင်း ဆိုင်ကယ်တွေ ပိတ်လိုက်တော့ အပြင်မှာ ကြုံရာကျပန်းပေါ့ တွေ့တဲ့အလုပ်ပဲ လုပ်ရတယ်၊ ဆိုင်ကယ်ကို ရပ်ကွက်ထဲ သူတို့ပတ်တဲ့အချိန်နဲ့တိုးရင် သိမ်းတယ်၊ အဲဒါကြောင့် ကျနော်တို့လည်း မစီး ရဲဘူး၊ ကယ်ရီ မဆွဲရဲဘူး၊ စားဝတ်နေရေး အဆင်မပြေဘူးခင်ဗျ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအတွင်းက စည် ပင်သာယာ နယ်နိမိတ် အပြင်မှာရှိတဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ တွံတေး၊ ဒလ၊ ဆိပ်ကြီးခနောင်တိုနဲ့ လှိုင်သာယာ အစရှိတဲ့ မြို့နယ်တွေကို ဆိုင်ကယ်စီးနင်းခွင့်ပြုခဲ့တာပါ။
အဲဒီမြို့နယ်အများစုကို YBS ပြေးဆွဲတာနည်းပါးတာကြောင့် သွားရေးလာရေးအတွက် ဆိုင် ကယ်ကို အသုံးပြုနေကြရတာဖြစ်ပါတယ်။ ရန်ကုန်မှာ မြို့နယ် ၃၃ မြို့နယ်ရှိတဲ့ထဲက ၂၁ မြို့နယ်ဟာ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ရှိပါတယ်။ ၁၂ မြို့နယ်ကတော့ စည်ပင်သာ ယာနယ်နိမိတ် ပြင်ပမှာရှိပြီး အာဏာမသိမ်းခင်က ဆိုင်ကယ်စီးခွင့် ရခဲ့ပါတယ်။
အခုတော့ ဆိုင်ကယ်စီးနင်းခွင့် မရှိတော့တာကြောင့် ဈေးသွားဖို့အတွက်တောင် အခက်အခဲ ဖြစ်လာတယ်လို့ သန်လျင်မြို့နယ်က အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်သန်းနွဲ့က ပြောပါတယ်။
"သန်လျင်မှာ ဆိုင်ကယ်တွေမစီးဖို့ ကြေညာလိုက်တဲ့နေ့ကစပြီး ဈေးသွားရတာလည်း ဒုက္ခရောက်တယ်၊ အန်တီတို့ အသက်ကြီးတဲ့ လူတွေဆိုရင် အမြဲတမ်း ဆေးခန်းသွားနေရ တယ်လေ၊ ကျန်းမာရေးအတွက်သွားလည်း အဆင်မပြေဘူး၊ ဟိုနားဒီနား ဈေးဝယ်သွား ရင်တောင် အဆင်မပြေဘူး၊ ဈေးသွားလို့ ဘုရားပန်းလေးတစ်ခု လိုချင်ရင်တောင် အသွား အပြန် ကယ်ရီခက ၂၅၀၀ အဲလောက်တော့ ကုန်တယ်၊ သန်လျင်မှာ ဆိုင်ကယ်စီးနင်းခွင့် မပြုတာက ဈေးဝယ်တဲ့ သူတွေအတွက် အများကြီးအခက်အခဲရှိတယ်"
စစ်ကောင်စီက ပိတ်ပင်ပြီးနောက် ဆိုင်ကယ်စီးနင်းသူတွေကိုတွေ့ရင် ပစ်ခတ်ဖမ်းဆီးခံရတဲ့ အထိ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က သန်လျင်မြို့နယ်၊ ထားမလုံကျေးရွာက ဆိုင်ကယ် ကယ်ရီ ဂိတ်ကို စစ်တပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နှစ်ဦး ဖမ်း ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ သွားလာရေးအတွက် အခြားရွေးချယ်စရာလည်း မရှိတာကြောင့် အခက်အခဲတွေနဲ့ ဆက်လက်ကြုံနေကြရဦးမယ်လို့ သန်လျင်မြို့နယ်က ဆိုင်ကယ်စီးနင်း အသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုမင်းဦးက ပြောပါတယ်။
"ဒီမြို့မှာကတော့ သွားရေးလာရေးက ဒီဆိုင်ကယ်ပဲ အဓိကထားပြီး အသုံးပြုကြတာပဲ လေ၊ အခုဟာက သုံးဘီးတို့၊ ဘာတို့ဆိုတာ တစ်နေရာနဲ့ တစ်နေရာ အရင်က နှစ်ရာ၊ သုံး ရာနဲ့ ရောက်နေတာ။ အခုကျ တစ်ထောင်တို့၊ နှစ်ထောင်တို့ကုန်တော့ နိစ္စဓူဝ အကုန် ဒုက္ခရောက်ကြတယ်။ ပြန်အသုံးပြုခိုင်းရင်တော့ အဆင်ပြေတာပေါ့။ ဒါလေးကျတော့ လည်း လူတွေက အကုန်သုံးနေကြတော့၊ သွားရေးလာရေး အဆင်ပြေရင်တော့ လုပ်ငန်း တွေလည်း ကောင်းလာမှာပါပဲ"
စစ်ကောင်စီက အခုနောက်ပိုင်း ဆိုင်ကယ်တွေအပြင် လျှပ်စစ်စက်ဘီးတွေကိုပါ ဖမ်းဆီး သိမ်းဆည်းတာတွေလည်း ရှိနေတယ်လို့ သန်လျင်ဒေသခံတွေက ပြောပါတယ်။
အခုလို ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ပိတ်ပင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒေသခံတွေကတော့ အခုပိတ်ပင်မှု ကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝတွေအတွက် ပိုပြီးအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ပြောကြ ပါတယ်။