ရပ်ကွက်၊ ကျေးရွာအထိ လက်နက်တပ်ဆင်မဲ့ ဗဟိုကြီးကြပ်ရေးအဖွဲ့ စစ်ကောင်စီ ဖွဲ့စည်း
2024.08.19

နိုင်ငံတစ်ဝန်း မြို့သိမ်းတိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်က ဖွဲ့စည်းလိုက်တယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်တွေက RFA ကို ဒီနေ့ အတည်ပြုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေတစ်ဆင့် ပေါက်ကြားလာတဲ့ အမိန့်ကြေညာစာမှာ ဩဂုတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာ တွေ့ရပါတယ်။
“အဲဒီလိုလက်နက်တပ်ဆင်မှုများလာတာနဲ့အမျှ မြို့ပြမှာ အကြမ်းဖက်မှုတွေနဲ့ လူ့အဖွဲ့အစည်း မတည်ငြိမ်မှုတွေ ပိုမိုပြီးတော့ များပြားလာစရာ၊ ရှုပ်ထွေးလာစရာရှိတယ်”
ဒီအဖွဲ့ကို စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနဲ့ အဖွဲ့ဝင် ဆယ်ဦးတို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက အကြီးအကဲ အရာရှိတွေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်ဦးစီးဌာနတွေက ရာထူးကြီးပိုင်းတွေလည်း ပါဝင်ပါတယ်။
အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေထဲမှတော့ နေပြည်တော်အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းတာ၊ လက်နက်တွေ တပ်ဆင်တာတွေကို ကွပ်ကဲဖို့ စတဲ့ အချက်တွေအပါအဝင် အချက် ၁၃ ချက် ပါရှိပါတယ်။
ဆက်နွှယ်သောသတင်းများ
နိုင်ငံအနှံ့ ကြီးမားပြင်းထန်တဲ့ ထိုးစစ်တွေဖြစ်လာနိုင်ကြောင်း လေ့လာသူတွေပြော
ပထမအကြိမ် စစ်သင်တန်းဆင်းပြီးသူတွေ ရှေ့တန်းပို့ခံနေရ
ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့
ဒီအဖွဲ့နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးကို ဆက်လက် မေးမြန်းရာမှာ ရပ်ကွက်၊ ကျေးရွာတွေ လုံခြုံရေးအတွက် အခုလို ဖွဲ့စည်းလိုက်တာလို့ RFA ကို ပြောပါတယ်။
“ကနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ဒီရပ်ကွက်ကျေးရွာ မလုံခြုံမှု၊ လူသတ်မှုတွေဖြစ်နေလို့ ဖြစ်ပါတယ်။ အဲလို လူသတ်မှုတွေမရှိဘူး။ ရပ်ကွက်ကျေးရွာ လုံခြုံမှုရှိမှ ဘယ်အစိုးရမဆို စစ်ဆင်ရေးက အောင်မြင်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကိုရည်ရွယ်ပြီးတော့ အခုမှသိသွားပြီးတော့ ဒီအဖွဲ့ကို ဖွဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”
စစ်ကောင်စီရဲ့ အမိန့်ကြေညာစာအရ ဒီအဖွဲ့ဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတွေ တပ်ဆင်ပေးရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ တိုက်ပွဲဝင်နိုင်ရေးအတွက် လေ့ကျင့်ပေးတာတွေ ကိုပါ စီမံဖို့တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလူတွေကို လက်နက်တပ်ဆင် လေ့ကျင့်ပေးမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိပါဘူး။
အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်သူ CDM ဗိုလ်ကြီးဇင်ယော်ကတော့ ဒါဟာ ပြည်သူကို အကာအကွယ်ယူတဲ့ မဟာဗျူဟာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ငါတို့ စစ်သားတွေနဲ့ချည်းပဲဆိုရင်တော့ မရတော့ဘူး။ လက်နက်တွေပဲချတော့မှာ သူတို့စိတ်ထဲမှာ ထင်လာတာက ပြည်သူတွေမှာ အရည်အချင်းရှိတယ်၊ ပြည်သူတွေကို တစ်ဖက်လှည့်ပြီး စည်းရုံးရတော့မယ်ဆိုတဲ့အနေအထားမျိုးပေါ့။ သူ့စစ်သားတွေကို မယုံတော့တဲ့ အနေအထားတစ်ခုမှာ ပြည်သူကို အကာအကွယ်ယူတဲ့ပုံစံနဲ့ မဟာဗျူဟာကျကျ လုပ်တယ်လို့ ပြောရမှာဖြစ်ပါတယ်”
စစ်လက်နက်ပစ္စည်းပေးမယ်ဆိုပေမဲ့လည်း ဖွဲ့စည်းမဲ့အဖွဲ့မှာ ပါဝင်မဲ့သူတွေရဲ့ အခြေအနေကို ကြည့်ပြီးမှ လက်နက်ပေးအပ်တာမျိုးဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်အင်အားလျော့နည်းလာတာနဲ့အတူ စစ်လက်နက်ပစ္စည်းတွေလည်း ဖြည့်တင်းဖို့ အလျဉ်မမီတဲ့အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ အင်အားဟာ ဘက်ပေါင်းစုံက ယိုယွင်းလာပြီဖြစ်လို့ စစ်ကောင်စီက နည်းလမ်းသစ်ရှာတာ ဖြစ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
“အဲဒီလိုဖွဲ့စည်းရတဲ့ အကြောင်းအရင်းကလည်း များစွာရှိပါတယ်။ အဓိကအကြောင်းအရင်းကတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်က နေရာစုံ၊ ဘက်ပေါင်းစုံမှာ ယိုယွင်းပျက်စီးနေတဲ့အတွက်ကြောင့် ဖွဲ့စည်းလိုက်တာပါ။ ဆိုတော့ အခုအသစ်ဖွဲ့စည်းလိုက်မဲ့အဖွဲ့တွေမှာလည်း တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အဆင့်တွေကိုပါ (လက်နက်) တပ်ဆင်ပေးမယ်လို့ ပါထားပေမဲ့လည်း တကယ်တမ်းကျတော့ တပ်ဆင်ပေးနိုင်မှုက ရှိမှာမဟုတ်ဘူး။ ရှိတယ်ဆိုရင်လည်း အဲဒီတပ်ဆင်ပေးတဲ့ ပစ္စည်းတွေက သူတို့အတွက် လက်နက်ခဲယမ်း မီးကျောက်တွေက သူတို့အတွက် ပြောင်းပြန်အကျိုးရလဒ်ကိုပဲ ရလိမ့်မယ်”
စစ်ကောင်စီရဲ့ အမိန့်ကြေညာစာထဲမှာ ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အနေနဲ့ ဖွဲ့စည်းလိုက်တဲ့အဖွဲ့တွေကို အင်အား တိုးချဲ့ ပြင်ဆင်မှုတွေ အဆက်မပြတ် ဆောင်ရွက်ဖို့၊ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ နဲ့ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းတွေ ကိုယ်တွယ်အသုံးပြုနိုင်ရေး အတတ်ပညာရှင်တွေကို ထည့်သွင်းဖွဲ့စည်းဖို့ တာဝန်ပေးထားပါတယ်။
စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်တာတွေလုပ်လာရင် အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အရင်ကထက် ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
“ဘာပဲဖြစ်ဖြစ် အဲဒီလိုလက်နက်တပ်ဆင်မှုများလာတာနဲ့အမျှ မြို့ပြမှာ အကြမ်းဖက်မှုတွေနဲ့ လူ့အဖွဲ့အစည်း မတည်ငြိမ်မှုတွေ ပိုမိုပြီးတော့ များပြားလာစရာ၊ ရှုပ်ထွေးလာစရာရှိတယ်လို့ ကျွန်တော် မြင်ပါတယ် ခင်ဗျ”
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်း ဥပဒေတစ်ရပ်ကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ ဥပဒေအရ အကောင်အထည်ဖော်ရာမှာ လုပ်ငန်းကော်မတီ ခုနစ်ခုနဲ့ လုပ်ငန်းအဖွဲ့ ခြောက်ခုအထိ ဖွဲ့စည်းရမယ်လို့ ဖော်ပြထားပါတယ်။