နိုင်ငံအနှံ့ ကြီးမားပြင်းထန်တဲ့ ထိုးစစ်တွေဖြစ်လာနိုင်ကြောင်း လေ့လာသူတွေပြော
2024.05.23

အာဏာသိမ်းကာလ သုံးနှစ်ကျော်လာချိန်မှာ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေပြင်းထန်နေသလို တော်လှန်ရေးအင်အားစုတွေဘက်က ကြီးမားတဲ့ထိုးစစ်တွေ ဒီနှစ်ထဲမှာလုပ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းကတည်းစတင်ခဲ့တဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေဟာ ၂၀၂၄ ခုနှစ်ထဲအထိ စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေပြီး စစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေကို ကွပ်ကဲရတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လို နေရာမျိုးတွေအထိ သိမ်းပိုက်နိုင်လာနိုင်တယ်လို့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နိုင်တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဗျူဟာအရ အရေးပါတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတချို့ကို စွန့်လွှတ်လာရသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မြို့ကြီးတချို့ကိုပါ သိမ်းပိုက်ထိန်းချုပ်လာနိုင်တာပါ။
လက်ရှိအချိန်မှာတော့ တပ်မ (၁၀) ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခု (၂၀) နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီ တပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံခန့် ယိုယွင်းပြုန်းတီးအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း သုံးနှစ်ပြည့်ဖြစ်တဲ့ မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
"စစ်ကြောင်းအားလုံး နေပြည်တော်ချီတက်ကြဆိုတာမျိုး ဒီနှစ်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်”
စစ်ကောင်စီဘက်က တိုက်ခိုက်ရေးအင်အားတွေ ယိုယွင်းပြုန်းတီးလာတာကြောင့် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေဘက်ကို အပြည့်အ၀ရောက်နေပြီလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ စစ်ကောင်စီတပ်က အရင်က အင်အားအလုံးအရင်းနဲ့ တပ်ဖြန့်ချထားပေမယ့် လက်ရှိမှာ မြို့ပေါ်တွေလောက်မှာပဲ အင်အားချထားနိုင်တော့တယ်လို့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ခင်ဦးမြို့နယ်အခြေစိုက် (KhinOo Supporting Organization) KSO အဖွဲ့ တာဝန်ခံ ဗိုလ်လင်းရောင် က ပြောပါတယ်။
“ကျွန်တော်တို့ ခင်ဦးမြို့နယ်ထဲမှာ နဂိုက တပ်စွဲရွာတွေပေါ့နော်။ သူတို့အထိုင်စခန်းချထားတဲ့ဟာတွေလည်း သူတို့အထိုင်စခန်းတွေ မချနိုင်တော့ဘူး။ စစ်ကောင်စီရဲ့ အင်အားတွေ အတော်လေးကို ယုတ်လျော့သွားပြီ။ သူတို့အထိုင် မြို့ပေါ်မှာဆိုရင် မြို့ပေါ်မှာအထိုင်ချထားတဲ့နေရာလေးကလွဲရင် ကျန်တဲ့နေရာတွေမှာ သူတို့သွားတာလာတာတို့၊ စစ်ကြောင်းထိုးတာတို့ အခုချိန်ထိတော့ ဘာမှမရှိတော့ဘူး။ အားသာချက်ကတော့ အဓိက အဲဒါတွေပါပဲ”
မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းနဲ့ မကွေးလို အညာဒေသမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် တိုင်းရင်းသားဒေသတွေလိုမျိုး ကြီးမားတဲ့ ထိုးစစ်တွေဖော်ဆောင်နိုင်ဖို့ ခက်ခဲနိုင်သေးတယ်လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။
“ထုနဲ့ထည်နဲ့ ထိုးစစ်ဆင်နိုင်ဖို့ဆိုတာကျတော့လည်း ကျွန်တော်တို့မှာ တပ်တွေရဲ့ စုဖွဲ့မှုပေါ့နော်။ တပ်တွေဆိုတာ အညာမှာရှိတဲ့ တပ်တွေအားလုံးကို ဆိုလိုတာပေါ့နော်။ တပ်ဖွဲ့စည်းပုံတွေ၊ စစ်ပုံကျမှုတွေ၊ COC လိုက်နာနိုင်မှုတွေ၊ လက်နက်တပ်ဆင်မှုတွေ၊ ဗျူဟာမြောက်တဲ့ လက်နက်တွေ ရှိနေတယ် မနေဘူး ဆိုတာတွေပေါ့နော် အဲဒါတွေကို ပကတိအရှိတရားအတိုင်း ချုံကြည့်ရရင်တော့ ကျွန်တော်တို့ဒီဘက်မှာတော့ ထုနဲ့ထည်နဲ့ ထိုးစစ်ဆင်နိုင်ဖို့ဆိုတာတော့ ဖြစ်နိုင်ခြေတော့ နည်းသေးတယ်လို့ ပြောလို့ရတယ်”
ဒါပေမဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒီဒေသတွေမှာ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေတွေကို ထိန်းချုပ် ထားနိုင်တာ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့တာနဲ့ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နိုင်တာ စတဲ့ အားသာချက်တွေတော့ ရနေပြီလို့ သူက ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းနေတာက စစ်တပ်ရဲ့အင်အား ချည့်နဲ့နေတာကို ဖော်ပြနေပြီး စစ်တပ်ထိပ်ပိုင်းအရာရှိတွေ မကြာခဏ အပြောင်းအလဲ လုပ်နေတာကလည်း စစ်ရေးအရ အရေးနိမ့်မှုနဲ့ ကွပ်ကဲမှုဖရိုဖရဲဖြစ်နေတာကို ထင်ရှားစေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲမှာလည်း စစ်ရေးအရှိန်ကို တစ်ဆင့်ချင်းမြှင့်တင်တိုက်ခိုက်မှာကြောင့် အောင်ပွဲတွေ ထပ်ရလာဖို့ ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။
“လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ စစ်ရေးရည်မှန်းချက်အတိုင်းပဲ အခုချိန်မှာဆိုရင်တော့ နွေဦး တော်လှန်ရေးက တိုင်းရင်းသားတွေရဲ့ နယ်စပ်ဒေသတွေ တောင်တန်းဒေသတွေကနေပြီးတော့ ပြည်မ ဒေသတွေဆီကို တဖြည်းဖြည်းနဲ့ ရွေ့ပြီးတော့ အောင်ပွဲတွေရလာတာကို မြင်ရမှာဖြစ်ပါတယ်။ ရှေ့လာမဲ့ လတွေမှာလည်း တော်လှန်ရေးအရှိန်အဟုန် တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ပြီးတော့ တိုက်ခိုက်ချေမှုန်းသွားဖို့ ရှိပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှတော့ ပိုပြီးတော့ သိသာထင်ရှားတဲ့ အောင်ပွဲတွေ ရလာဖို့ရှိတယ်လို့ ပြောချင်ပါတယ်”
စစ်ကောင်စီတပ်ကတော့ နိုင်ငံတစ်ဝန်းက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အသာစီးရယူပြီး တုံ့ပြန်တိုက်ခိုက်နေတာပါ။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာ အရပ်သား သေဆုံးသူ ၅၁၄ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၁၅၂ ဦးအထိ ရှိခဲ့ပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေက အရှိန်အဟုန်နဲ့ထိုးစစ်ဆင်နေပေမဲ့ စစ်တပ်ကတော့ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်လို့ ဒီနှစ်ထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာလိမ့်မယ်လို့ ပြောပါတယ်။
“စစ်တပ်ကတော့ လွယ်လွယ်နဲ့ အလျှော့ပေးတဲ့အမျိုးတော့ လုံး၀မရှိဘူးပေါ့နော်။ ဒါက တန်းနင်းပွိုင့်လို့ ပြောဖို့က ခက်တယ်။ ဒီပွဲကို ပြီးသွားပြီလို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ မှားသွားမှာပေါ့နော်။ စစ်တပ်မှာက အရန်တွေ ဒုတွေက အများကြီးကျန်တယ်။ အခုပဲ သူဒုတည်ဆောက်နေပြီလေ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သူ ဒုတည်ဆောက်လိုက်ပြီပေါ့နော်။ ဒုတည်ဆောက်လိုက်လို့ အရန်အင်အားထွက်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် တည်း သူ့ဘက်ကပြန်လည်ပြီးတော့ တိုက်စစ်ဆင်မှာပဲ။ ဒီ ၂၀၂၄ ကတော့ ပြင်းထန်မဲ့အနေအထားရှိတယ်”
လက်ရှိမှာတော့ စစ်တပ်ရဲ့ စစ်ရေးစီမံခန့်ခွဲမှုတွေကတော့ ညံ့ဖျင်းနေတာကို တွေ့ရတယ်လို့ သူက ဝေဖန်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့အသုံးပြုတဲ့ ဒရုန်းနည်းပညာတွေကိုလည်း ပြန်လေ့လာနေပြီး စစ်ပွဲတွေမှာ တန်ပြန်တိုက်ခိုက်တာတွေ လုပ်လာပြီလို့ ပြောပါတယ်။
စစ်ရေးပြင်းထန်မှုတွေ ရှိလာရင်တော့ နှစ်ဖက်တပ်တွေရဲ့ ထိခိုက်ကျဆုံးမှုတွေအပြင် အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးရတာ၊ သေဆုံးထိခိုက်တာတွေ ပိုများလာလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေ ပူပေါင်းဆင်နွှဲတဲ့ မဟာဗျူဟာကျတဲ့ထိုးစစ်တွေ ဒီနှစ်ထဲမှာ မြင်လာရဖို့ရှိတယ်လို့ သုံးသပ်ပါတယ်။
“အခုက ပြည်နယ်တစ်ခုချင်းလွတ်မြောက်မှုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ PDF တွေပူးပေါင်းပြီးလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအဆင့်ပြီးရင် ပြည်နဲ့တိုင်းတွေကြားထဲမှာ ဆက်စပ်တဲ့ မဟာ ဗျူဟာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ဥပမာအားဖြင့် KIA ရဲ့ လှုပ်ရှားမှုတွေနဲ့ စစ်ကိုင်းတိုင်းရဲ့ ဆက်စပ်မှုတွေ၊ TNLA နဲ့ မန္တလေးမှာရှိနေတဲ့ PDF တွေရဲ့ပေါင်းစပ်မှုတွေ အခုပုံပေါ်လာတော့မှာ။ အဲဒါပြီးရင်တော့ စစ်ကြောင်းအားလုံး နေပြည်တော်ချီတက်ကြဆိုတာမျိုး ဒီနှစ်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး မြန်မာနိုင်ငံတစ်ဝန်းက မြို့ပေါင်း ၅၅ မြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ သုတေသနအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် ပထမငါးလအတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၈၀) ဖြစ်ခဲ့ပြီး စစ်ဆင်ရေးစတင်ပြီး ငါးလအတွင်းမှာ တိုက်ပွဲပေါင်း (၈၇၈) ကြိမ်ထိ ဖြစ်ခဲ့တာကြောင့် စစ်ရေးအရှိန် မြင့်တက်လာနေတယ်လို့လည်း BNI-Myanmar Peace Monitor ရဲ့ ဧပြီလ ၃၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။