နိုင်ငံတစ်ဝန်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု ပိုများလာ

မန္တလေးမြို့မှာ သွေးသောက်ဆိုတဲ့အဖွဲ့ရဲ့ လက်ချက်နဲ့ NLD ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံနေရချိန်မှာပဲ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းနဲ့ ဧရာဝတီတိုင်းမှာ သွေးသောက်လိုအဖွဲ့တွေ နာမည်မျိုးစုံနဲ့ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေသူတွေကို သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ကို လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် လုပ်ဆောင်လာကြပါတယ်။
မန္တလေးမှာ သွေးသောက်အဖွဲ့၊ နေပြည်တော်မှာ သွေးသစ္စာ၊ ရန်ကုန်မှာ Yangon Castigate Group (YCS)၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲမှာ မျိုးချစ် ညွန့်ပေါင်းအဖွဲ့၊ တနင်္သာရီတိုင်းဘက်မှာ စွန်ရဲအဖွဲ့ စတဲ့ နာမည်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာတာပါ။
သူတို့ဟာ NLD ပါတီဝင်တွေ၊ ပါတီကို ထောက်ခံသူတွေ၊ PDF အဖွဲ့တွေနဲ့ သူတို့နဲ့ ဆက်နွှယ်သူတွေ၊ သတင်းမီဒီယာတချို့နဲ့ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲပြီး သတ်ဖြတ် နေသူတွေကို လက်တုံ့ပြန် သတ်ဖြတ်ချေမှုန်းမယ်ဆိုပြီး လှုမှုကွန်ရက်စာမျက်နှာတွေကနေ တစ်ဆင့် တညီတညွတ်တည်း ထုတ်ပြန်ထားကြပါတယ်။
ဒီအဖွဲ့တွေရဲ့ ခြိမ်းခြောက်သတ်ဖြတ်မှုတွေဟာ နိုင်ငံအနှံ့အပြားကို ပျံ့နှံ့လာပြီ ဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်လာနေတယ်လို့ တနင်္သာရီတိုင်း ထားဝယ်ဒေသက သပိတ်စစ်ကြောင်းတွေမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။
"ကျနော် ဘာသွားစိုးရိမ်လဲဆိုရင် ကိုယ့်ကိုမဟုတ်ဘဲ ကိုယ့်မိသားစုဝင်တွေပေါ့။ ကိုယ့်မိသားစုဝင်တွေကို လာရောက်သတ်ဖြတ်မှာ စိုးရိမ်မိတာပေါ့။ ဒါကတော့ တော်တော်လေး စိုးရိမ်ရတဲ့ အချက်တစ်ခုပေါ့။ အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားတွေမရှိဘူး မြေပြင်မှာကကျတော့။ ဘယ်အစုအဖွဲ့ကမှ သေချာ မြေပြင် မစိုးမိုးနိုင်တဲ့ အနေအထား တစ်ခုရှိတာဆိုတော့ ကြားထဲက ပြည်သူတွေအတွက် ကတော့ တော်တော်စိုးရိမ်ဖို့ကောင်းတဲ့ အနေအထားတစ်ခုပေါ့နော်"
စွန်ရဲဆိုတဲ့ အဖွဲ့က တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီကို ဆန္ဒပြနေသူတွေ ရဲ့ နေရပ်လိပ်စာကို ရရှိထားပြီး မိသားစုဝင်တွေရဲ့ အသက်အန္တရာယ် အနှောင့်အယှက် မခံချင်ဘူးဆိုရင် ဆန္ဒပြနေတာတွေကို ရပ်တန့်ဖို့ မေလ ၂ ရက်နေ့မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ခြိမ်းခြောက်ရေးသားခဲ့ပါတယ်။
စွန်ရဲအဖွဲ့ဟာ ဧပြီလ ၂၈ ရက်နေ့မှာ လောင်းလုံးမြို့နယ် ပန္ဒလဲရွာက ရပ်မိရပ်ဖ သုံးဦးကို နေအိမ်တွေထဲထိ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့သလို မေလ ၃ ရက်နေ့မှာလည်း ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ နောက်ထပ် အမျိုးသားတစ်ဦးကို သတ်ဖြတ် ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက မေလ ၃ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာတော့ မျိုးချစ်ညွန့်ပေါင်းအဖွဲ့ဆိုတဲ့ နာမည်နဲ့ စတင်ပေါ်ပေါက် လာပြီး ဝက်ထီးကန်မြို့ လွှစင်ရွာက စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သွေးသောက်အဖွဲ့အမည်နဲ့ တယ်လီဂရမ် ချန်နယ်မှာ မေလ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ဝက်ထီးကန်ဘက်မှာတော့ အဲဒီလိုမျိုး သတ်ဖြတ်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ခြိမ်းခြောက်မှုတွေက သူတို့ဒေသထိ ရောက်လာပြီလို့ ပြောဆို ကြပါတယ်။
ဒီလုပ်ရပ်တွေဟာ NUG၊ PDF နဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့သူတွေအပေါ် မထောက်ခံ ရဲအောင် လုပ်နေကြတာလို့ ပြည်မြို့နယ် NLD တိုင်းအမတ် ဦးကျော်ဇေယျက ပြောပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်အပေါ် NUG အစိုးရအပေါ် ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ အပေါ်ကို မထောက်ခံရဲအောင်၊ မဝန်းရံရဲအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် ဒီကိစ္စသည်လည်း ဒီထဲက သူတို့ရဲ့ နောက်ဆုံးနည်းနာတစ်ခု ဖြစ်လိမ့်မယ်။ နိုင်ငံရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့သူတွေကို၊ သူတို့ရဲ့ မိသားစုတွေကို အဓိကပစ်မှတ်ထားနိုင်တယ်။ အခုလောလောဆယ်တော့ ပြည်သူတွေ အားလုံးက သတိကြီးကြီးနဲ့ နေထိုင်သွားလာနေရတဲ့အချိန်၊ အင်မတန် စိုးရိမ်စရာ ကောင်းတဲ့အခြေအနေတစ်ခုတော့ ရှိနေပြီဖြစ်တယ်"
ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာတော့ NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနဲ့ သူ့မိသားစုအသက်အန္တရာယ်ကို မအူပင်သွေးသောက်ဆိုတဲ့အဖွဲ့က ခြိမ်းခြောက်ထားကြောင်း မေလ ၉ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မေလ ၈ ရက် ညကလည်း မအူပင်သွေးသောက်အဖွဲ့က မအူပင်မြို့ခံ ကိုဇော်ဝင်းမြင့်ကို နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရပ်ကွက်တချို့မှာလည်း သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာမျိုးတွေ လုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဟာ ပြိုကျပျက်စီးနေပြီး နိုင်ငံရေးနဲ့ ဆက်သွယ်သူ မှန်သမျှဟာ မလုံခြုံတော့ဘူးလို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။
"စိုးရိမ်စရာကောင်းပါတယ်။ ကျနော်တို့ခေါ်တာတော့ Spirally Downward ပေါ့နော်၊ ကြောင်လိမ်လှေကားနဲ့ အောက်ကို ဆင်းသွားသလိုမျိုးပေါ့နော်။ ဟိုဘက်ကသတ်၊ ဒီဘက်ကသတ်နဲ့ ဒီလိုပုံစံမျိုးတွေလည်း ဆက်ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတာကတော့ Rule of Law ပေါ့နော်၊ တရားဥပဒေ စိုးမိုးရေးတစ်ခုလုံးဟာ ပြိုကျသွားတဲ့ အနေအထား မျိုး ဖြစ်တယ်။ ဘယ်သူမှ မလုံခြုံတော့တဲ့ အနေအထားမျိုး ဖြစ်လာတာပေါ့။ အဲဒီ အနေအထားမှာတော့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်ရပ်တည်ဖို့ပေါ့နော်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ သူတွေတောင် မလုံခြုံတော့တဲ့အနေအထားမျိုး ဖြစ်လာတာပေါ့"
အဲဒီ သွေးသောက်အဖွဲ့ရဲ့ နောက်ကွယ်မှာ တိုင်းပြည်အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ကလည်း တစ်နည်းတစ်ဖုံ ပါဝင်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်အဖွဲ့တစ်ခုကိုပဲ ဖွဲ့စည်းတာရှိပြီး အခြားဘယ်အဖွဲ့အစည်းမှ ဖွဲ့စည်းလုပ်ဆောင်နေတာမရှိဘူးလို့ ဧပြီလ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
PDF တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေမှာ စစ်ကောင်စီဘက်က ဖိဖိစီးစီး လိုက်လံဖမ်းဆီးတာ၊ အရေးယူဖော်ထုတ်တာတွေလုပ်ပေမယ့် သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်မှုတွေကိုတော့ စစ်ကောင်စီက လျစ်လျူရှုထားတယ်ဆိုတဲ့ ဝေဖန်ချက်ကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းပါတယ်။
"ဘယ်အထောက်အထားနဲ့ ပြောသလဲဆိုတာပဲ ကျနော်တို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသည် ကိုယ့်ပြည်သူတစ်ယောက် ပေါ့နော်။ မည်သူပဲမဆို ကိုယ့်ပြည်သူတစ်ယောက် သေဆုံးတာရှိရင်၊ ဒဏ်ရာရတာရှိရင် သေမှုသေခင်းအရ အမှုဖွင့်ပေးထားတာ ရှိတယ်။ အမှုဖွင့်ပေးပြီး လိုက်လံစုံစမ်းတာမျိုး ရှိတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်လျက်ရှိတယ်။ သွေးသောက်အဖွဲ့ ဆိုတာလည်း လုပ်ကြံဖန်တီးထားတဲ့အဖွဲ့လို့ပဲ ပြောရမှာပဲ။ ပိုပြီး မငြိမ်မသက် ဖြစ်နေတဲ့ ပုံစံမျိုးပေါက်အောင် တစ်ဖက်အဖွဲ့အစည်းအနေနဲ့ တစ်ဖက်လှည့်နဲ့ လုပ်ဆောင်နေတယ် လို့ ကျနော်တို့ မြင်တယ်"
RFA လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ သွေးသောက်အဖွဲ့နဲ့ အလားတူ တခြားအမည်ခံအဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူဟာ ဧပြီလ ၂၅ ရက်နေ့ ကနေ မေလ ၁၀ ရက် ဒီနေ့အထိ ၁၈ ဦးထိ ရှိနေပါပြီ။
အခုသေဆုံးခဲ့ရတဲ့သူတွေဟာ မန္တလေး၊ ရန်ကုန်၊ ကျောက်ဆည်၊ စဉ့်ကူး၊ လောင်းလုံး စတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF တပ်သားရဲ့ မိသားစုဝင်နဲ့ သာမန်ပြည်သူတွေ ပါဝင်ပါတယ်။
"အဓိက ဘယ်သူ့အပေါ်မှာ တာဝန်ရှိမလဲဆိုတော့ လက်ရှိ အာဏာထိန်းသိမ်းရယူထားတဲ့ အဖွဲ့အစည်းအပေါ်မှာတော့ တာဝန်အပြည့်အဝ ရှိပါတယ်"
အခုလို အပြန်အလှန်သတ်ဖြတ်မှုတွေ ဖြစ်လာတာက အာဏာသိမ်းထားတဲ့ စစ်ကောင်စီမှာ တာဝန်အပြည့်အဝရှိတယ်လို့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက မှတ်ချက်ပြုပါတယ်။
"အခု တဖြည်းဖြည်းနဲ့ နိုင်ငံရေးအားပြိုင်မှုပေါ့နော်။ အဖွဲ့အစည်းနှစ်ရပ်ရဲ့ နိုင်ငံရေး အားပြိုင်မှု ပြင်းထန်လာတာနဲ့ အမျှ အောက်ခြေမှာ တစ်ဖက်ကလည်းပဲ ဒလန် ရှင်းလင်းရေး ဆိုတဲ့ လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် လုပ်လာတယ်။ တစ်ဖက်က လည်းပဲ ဒါကို တန်ပြန်ပြီးတော့မှ သွေးသောက်အဖွဲ့ကလည်း တစ်ဖက်အဖွဲ့ အစည်းထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဒါတွေကို လွယ်လွယ်ကူကူ သုတ်သင်ရှင်းလင်း တာတွေ လုပ်လာတော့ တရားဥပဒေ စိုးမိုးရေး လုံးဝပျက်ပြားသွားတဲ့ အခြေအနေပါပဲ။ အဓိက ဘယ်သူ့အပေါ်မှာ တာဝန်ရှိမလဲဆိုတော့ လက်ရှိ အာဏာထိန်းသိမ်းရယူထားတဲ့ အဖွဲ့အစည်းအပေါ်မှာတော့ တာဝန်အပြည့်အဝ ရှိပါတယ်"
ဒီအခြေအနေတွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ ဖြစ်ပြီး တိုင်းပြည်ဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်နေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"နှစ်ဖက်အပြန်အလှန်စိုးမိုးဖို့ အားပြိုင်နေတဲ့ ကာလမှာ ဖြစ်တတ်တဲ့ သဘောသဘာဝပါ။ အဲဒါကြောင့် ဘယ်ဟာမှ၊ ဘယ်ဘက်ကမှ မှန်တယ်၊ မှားတယ်လို့ ဒီအဖြစ်အပျက် အနေနဲ့တော့ ပြောစရာမရှိပါဘူး။ တစ်ခုလုံးအနေနဲ့ပြောရင်တော့ စစ်ကောင်စီရဲ့ လက်နက်အားကိုး ပြည်သူတွေအပေါ် ဖိနှိပ်မှုကြောင့်ဖြစ်လာတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ ကျနော်တို့တိုင်းပြည်ဟာ ကျရှုံးနိုင်ငံဖြစ်နေပြီလားဆိုရင် ဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။ အဘက်ဘက်က ကျရှုံးနေတာပါပဲ"
သွေးသောက်အဖွဲ့ဟာ မဘသအဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့က လူတွေကို အသွင်ပြောင်းပြီး သွေးသောက်အဖွဲ့ အဖြစ် ပြောင်းလဲတာတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံတဲ့လူတွေ ပါဝင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပြီး အခုချိန်ထိတော့ ခိုင်လုံတဲ့သက်သေ အထောက် အထားတွေ မတွေ့ရပါဘူး။
အခုလိုအခြေအနေတွေကြောင့် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွပ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေ ဆုံးရှုံးနေပြီး အခြေခံအကျဆုံး အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်နေထိုင်ခွင့်ကိုပါ စိုးရိမ်ပူပန်ရတဲ့ အနေအထားထိ ရောက်ရှိနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။