မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ကြောင်း ICG ထောက်ပြ
2024.05.30

မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်း နယ်စွန်နယ်ဖျား နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေထံ အလျင်အမြန် ဆုံးရှုံးနေတာကြောင့် နိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတွေ ဗဟိုချုပ်ကိုင်မှုက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားဖို့ သေချာသလောက်ရှိနေကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က မေလ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အင်အားချိနဲ့လာတဲ့ စစ်ကောင်စီကတော့ အာဏာကို ဆက်လက်ဖက်တွယ်နေပြီး ဆုံးရှုံးနယ်မြေတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၊ လက်စားချေနေတယ်လို့ ဆိုပါတယ်။
ICG ရဲ့ထောက်ပြမှုဟာ လက်ရှိအခြေအနေအတိုင်း ဆက်သွားရင် ဆိုတဲ့သဘောမျိုးသာ ဖြစ်တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဒုတိယဥက္ကဋ္ဌ ဆလိုင်းပီတာထန်းက RFA ကို ပြောပါတယ်။
“ကျွန်တော်ကတော့ ကျွန်တော်တို့တိုင်းပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲမယ်လို့တော့ မမျှော်လင့်သေးပါဘူးခင်ဗျ။ ကျွန်တော့်အမြင်ကတော့ ဒါ အခုလက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေအနေနဲ့သော်လည်းကောင်း၊ ပြည်နယ်အလိုက်သော်လည်းကောင်း ကျွန်တော်တို့ ကိုယ့်ပြည်နယ်၊ ကိုယ့်နယ်မြေကို အရယူကြတယ်ဆိုတဲ့နေရာမှာ မူလပိုင်ရှင်တွေက ပြန်ယူတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားချင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီဆိုတာလည်းပဲ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်နယ်တွေ အကုန်စုပေါင်းလိုက်ပြီးတော့ ပြည်ထောင်စုအသွင် သွားတဲ့ဟာမျိုးက ဒါကျွန်တော်တို့သွားချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ့နော်။ သူတို့ (ICG) ထောက်ပြတာကလည်း ဒီအတိုင်း ဆက်သွားနေရင်လို့ ပြောတဲ့သဘောပါ။ ကျွန်တော်ကတော့ ဒီအတိုင်းသွားမယ်လို့ မယူဆဘူး”
ချင်းပြည်နယ်မှာ မေလ ၂၁ ရက်နေ့က သိမ်းယူနိုင်ခဲ့တဲ့ တွန်းဇံမြို့အပါအဝင် ကျီခါး၊ ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ဆယ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။
ICG ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းမှုအလွန်မှာ ထွက်ပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့တွေဟာလည်း စစ်တပ်ကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားပေမဲ့ လက်နက်၊ ခဲယမ်းမီးကျောက် အလုံအလောက်မရှိဘူးလို့ ဖော်ပြပါတယ်။
“ICG ကဖော်ပြသလို မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအခြေအနေမျိုး ရောက်စရာမရှိဘူး”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ လက်ရှိအချိန်မှာ တော်လှန်ရေး အင်အားစုတွေဟာ လက်နက်အင်အားအရ အောင်မြင်မှုတွေ ရရှိနေပြီလို့ ပြောပါတယ်။
“ကျွန်တော်တို့ ဒီတော်လှန်ရေး အင်အားစုတွေအကုန်လုံးကတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို သွားဖို့ဆိုတာ ကျွန်တော်တို့ ဘုံရည်မှန်းချက်နဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်နေတာ ဖြစ်တယ်လို့ပြောချင်တယ်။ ကျွန်တော်တို့ ဘုံရည်မှန်းချက်အတိုင်း သွားနေတာဖြစ်တယ်။ နောက်တစ်ခုက လက်နက်အင်အားအရ ပြောမယ်ဆိုရင် ကမ္ဘာမှာ ဘယ်တိုက်ပွဲမှာမှ မရှိဘူးတဲ့အောင်မြင်မှုမျိုး အခုရနေပြီ။ အဲဒါကြောင့် ထပ်ပြီးတော့ လိုအပ်တာတွေကို ဖြည့်တင်းရင်း၊ သွားရင်းနဲ့ပဲ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အထိကို ကျွန်တော်တို့က မဖြစ်မနေကို သွားမှာပါဗျ”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ အင်အားအခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကို တိုးချဲ့နေကြတယ်လို့ ICG က ဖော်ပြပါတယ်။
အရှိန်ရနေပြီဖြစ်တဲ့ နိုင်ငံ့နယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတဲ့ဖြစ်စဥ်ဟာ မြန်မာနိုင်ငံက ပြည်သူလူထုတွေ တောင့်တခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို အထောက်အကူမဖြစ်ဘဲ စိန်ခေါ်မှုသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ICG ရဲ့ဖော်ပြချက်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေသာဖြစ်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုက ဝိုင်းဝန်းဆက်လက်တိုက်ပွဲဝင်ကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ကိုယ့်ပြည်နယ် လွတ်မြောက်ပြီးတာနဲ့ ပြီးပြီလို့ အေးအေးလူလူ ထိုင်နေလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်မှု မုချပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် သူ (ICG) ပြောတာက အခုရောက်ရှိနေတဲ့ တော်လှန်ရေးရဲ့အဆင့် တစ်ဆင့်အတွင်းမှာ ဖြစ်နေတဲ့အနေအထားပေါ်ကိုကြည့်တာ။ ဒီအခြေအနေကနေပြီးတော့ အားလုံးပူးပေါင်းပြီးတော့ စစ်အာဏာရှင် မြေမြုပ်သင်္ဂြိုလ်ရေးလုပ်ငန်းစဥ်မှာ အများစုက ဝိုင်းဝန်းတိုက်ပွဲဝင်ကြလိမ့်မယ်လို့ မျှော်လင့်စရာ အခြေအနေရှိပါတယ်”
ICG ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ လက်ရှိအခြေအနေကြောင့် မြန်မာစစ်တပ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အချင်းချင်း ဝေဖန်ပြစ်တင်မှုတွေရှိနေပေမဲ့ မြန်မာစစ်တပ်ဟာ မကြာခင် ပြိုလဲတော့မယ့် အနေအထားမျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
ဒါဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေ အားကောင်းတဲ့ မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသကိုချီတက်ပြီး မြို့ကြီးတွေနဲ့ စစ်စခန်းဌာနချုပ်တွေကိုသိမ်းပိုက်ဖို့ ဆန္ဒမရှိတာကြောင့်လို့ ဆိုပါတယ်။
ICG ရဲ့ ဒီနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ ICG ကဖော်ပြသလို မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအခြေအနေမျိုး ရောက်စရာမရှိဘူးလို့ ပြောပါတယ်။
“သူတို့( ICG) ပြောတဲ့သဘောကတော့ ကျရှုံးနိုင်ငံပေါ့နော်။ အဲဒီတော့ ကျွန်တော့်အမြင်အရ ပြောမယ်ဆိုရင် ကျရှုံးနိုင်ငံက ဖြစ်ဖို့မရှိဘူး။ တစ်ခုပဲရှိတယ်။ စစ်တပ်က ဘာပဲပြောပြော လုပ်တာ ကိုင်တာက ညံ့ခဲ့တယ်။ မှားခဲ့တယ်။ အဲဒီတော့ ဒီအမှားက ကျွန်တော်တို့က အဖတ်ဆယ်လို့မရတဲ့အမှား မဟုတ်ဘူး။ ဒါက ပြန်ပြင်ဆင်လို့ရတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဆင့် ရောက်စရာမရှိဘူးလို့ ကျွန်တော်ကတော့ ယူဆတယ်”
လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရာမှာ ဗဟိုအာဏာပိုင်အစိုးရတစ်ရပ်နဲ့ ပုံသေဆက်ဆံတာထက်ကျော်လွန်ပြီး မူဝါဒပိုင်းချိန်ညှိဖို့ လိုအပ်တယ်လို့လည်း ICG ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နယ်မြေတွေ အစိတ်စိတ် အပိုင်းပိုင်းကွဲတဲ့ အခြေအနေနဲ့ နေသားကျပြီးဖြစ်တာကြောင့် တခြားပြည်တွင်းစစ်ဖြစ်ပွားတဲ့ နိုင်ငံတွေမှာလိုတော့ သူတစ်လူ ငါတစ်မင်း လက်နက်ကိုင်အဖွဲ့တွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်လာမယ်လို့ ကြိုတင်မတွက်ဆနိုင်ဘူးလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ လတ်တလော နေပြည်တော်တစ်ဝိုက်ကို အင်အားကောင်းကောင်းနဲ့ အပြည့်အဝထိန်းချုပ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်မြေပြင်ဆုံးရှုံးမှုတွေကို လက်စားချေနေတာကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ သွေးထွက်သံယိုတွေ ဆက်ဖြစ်နေဦးမယ်လို့ ICG က ဖော်ပြထားပါတယ်။ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အခြေစိုက်တဲ့ ICG အဖွဲ့ဟာ မြန်မာနိုင်ငံတင်မကဘဲ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲပဋိပက္ခတွေနဲ့ပတ်သက်ပြီး အဓိက လေ့လာဆန်းစစ် ထုတ်ပြန်ပေးတဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
(မှတ်ချက် - မူလသတင်းတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဒုတိယဥက္ကဋ္ဌ ဆလိုင်းပီတာထန်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်တပ်အရာရှိဟောင်းတို့၏မှတ်ချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)