တပ်နေရာချထားရေး ICG ဝေဖန်မှုအပေါ် အမြင်မတူကြ


2019.09.26
kengtong-tnla-622.jpg ကျိုင်းတုံမြို့မှာ ၂ဝ၁၉ စက်တင်ဘာလ ၁၇ ရက်နေ့ကကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ PSLF/ TNLA ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

TNLA, AA နဲ့ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ အစိုးရ၊ တပ်မတော်တို့နဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ စက်တင်ဘာလထဲမှာ ၂ ကြိမ်တွေ့ဆုံခဲ့ကြပေမယ့် တပ်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရကြသေးပါဘူး။

နှစ်ဖက်စလုံးမှာ အဆိုပြုချက်တွေ ရှိကြပေမယ့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေတော့ မလုပ်ရသေးပါဘူး။ တပ်နေရာ ချထားပြီး နယ်မြေသတ်မှတ်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အဆိုပြုချက်တွေနဲ့ အစိုးရ တပ်မတော်ရဲ့ အဆိုပြုချက်တွေဟာ သဘောထားမတူညီမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

TNLA က ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းဒေသ၊ MNDAA ကို ကိုးကန့်ဒေသ၊ ရခိုင့်တပ်တော် AA ကို ကချင်ပြည်နယ် လိုင်ဇာမှာ ထားရှိဖို့ တပ်မတော်က အဆိုပြုထားတယ်လို့ သိရပါတယ်။

ဒီလိုနေရာချထားမှုအပေါ် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ ကျေနပ်မှုမရှိဘဲ သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာသာ တပ်တွေကိုထားနိုင်ဖို့ ကြိုးစားဆွေးနွေးပေမယ့် မအောင်မြင်သေးပါဘူး။

ဒါကြောင့် နယ်မြေသတ်မှတ်ချထားရေးကို လက်မခံတာဟာ မြန်မာ့ငြိမ်းချမ်းရေးမှာ လက်တွေ့မကျတဲ့အချက်ဖြစ် တယ်လို့ ICG က အစီရင်ခံစာမှာ ပြောထားတာပါ။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ICG အစီရင် ခံစာဟာ မှန်ကန်မှု မရှိကြောင်း၊ မြေပြင်အခြေအနေနဲ့ ကွာဟမှုတွေ ရှိကြောင်း သုံးသပ်ပါတယ်။

"အဲဒီ ICG ကလူတွေက တပ်နေရာချထားရေးဆိုတဲ့ အယူအဆ လုပ်ပုံကိုင်ပုံ လုပ်နည်းစနစ်ကို သေချာ နားမလည်ဘူးလို့ ကျွန်တော်ထင်တယ်ဗျ၊ တပ်နေရာချထားရေ ဆိုတာက တစ်ဖက်တည်းက နယ်မြေကိုစွန့်ရတာ မဟုတ်ပါဘူး၊ တပ်မတော် အဖွဲ့အစည်းကကော တစ်ဖက်အဖွဲ့အစည်းကကော နှစ်ဖက်တပ်တွေ နီးနေတယ် မတော်တဆပစ်ခတ်မှုတွေ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ နေရာမျိုးမှာ ဘယ်သူက ဘယ်နေရာမှာနေမလဲဆိုတာကို အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရတာ တဖက်သတ် နယ်မြေစွန့်တာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ICG ရဲ့ သုံးသပ်ချက်က လုံးဝမှားနေတယ်လို့ပဲ ပြောချင်ပါတယ်။"

လက်ရှိငြိမ်းချမ်းရေးဟာ တပ်နေရာချထားရေးကြောင့် ဝေးကွာနေတာ မဟုတ်ဘဲ အစိုးရရဲ့ လုပ်ဆောင်ချက် အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

တပ်နေရာချထားရေးကိစ္စကြောင့် ဒီလက်နက်ကိုင်သုံးဖွဲ့ကို မြန်မာ့ငြိမ်းချမ်းရေးမှာ ချန်လှပ်ထားသမျှကာလပတ်လုံး စစ်ရေးပဋိပက္ခတွေဆက်ရှိနေမှာဖြစ်ပြီး ငြိမ်းချမ်း ရေးကဏ္ဍလည်း အလှမ်းဝေးနေဦးမယ်လို့ ICG က ထောက်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက ICG ထောက်ပြထားတာတွေဟာ အချက်အလက်မှားနေပြီး တပ်မတော်အနေနဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်ရောက်လှုပ်ရှားတဲ့နယ်မြေတွေမှာ တပ်စခန်းနေရာယူတာမျိုးတွေကို မကြိုက်ကြောင်း ပြောပါတယ်။

"အခုတပ်မတော်လုပ်နေတဲ့ ပေါ်လစီက ဒီနယ်မြေတွေထဲမှာ သူတို့စခန်းချတာကိုက သူတို့လက်မခံဘူး၊ လက်မခံတော့ စခန်းချတာနဲ့ တပ်မတော်က အကုန်ဝင်တိုက်ပစ်တယ်၊ ဒါကို ဒီနယ်မြေတွေက တစ်ကယ်တမ်းက ဒီ သုံးဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမဟုတ်ဘူး၊ ဝင်ရောက်လှုပ်ရှားတဲ့ နယ်မြေတွေဘဲ ထိန်းချုပ်တယ်ဆိုတဲ့ အဆင့်မှာမရှိဘူး၊ အခု ICG ရေးတဲ့ ပုံစံက ဒီနယ်မြေတွေကို EAO တွေက ထိန်းချုပ်ထားတယ် တပ်မတော်က ဒါကို ထိန်းချုပ်ထားတာကို လက်လွှတ်ပြီးတော့ ပြန်ဆိုတဲ့သဘောမျိုး အဲလိုမျိုးရေးထားတာကို အဲတော့ အချက်အလက်အရတော့ နည်းနည်းလေးမှားနေတယ်"

ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ တအောင်း၊ ကိုးကန့်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဟာ မြန်မာ့ငြိမ်းချမ်းရေးမှာ ပြသနာတစ်ရပ်အဖြစ် တည်ရှိနေခဲ့တယ်၊ အထူးသဖြင့် အဲဒီကာလတုန်းက အစိုးရနဲ့ တပ်မတော်ဟာ အဲဒီသုံးဖွဲ့ကို ငြိမ်းချမ်းရေး စကားဝိုင်းကနေ ဖယ်ကျဉ်ထားသလို၊ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်မှု ရပ်စဲရေးကဏ္ဍမှာလည်း ချန်လှပ်ထားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီလိုချန်လှပ်ထားမှုကို တွန်းလှန်ပြတဲ့အနေနဲ့ သူတို့သုံးဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တုန်းက မန္တလေးတိုင်း ပြင်ဦးလွင် မြို့က စစ်ဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့က တပ်ရင်းဌာနချုပ်တစ်ခုနဲ့ မူဆယ်-ရွှေလီ ကုန်သွယ်ရေး ဇုန်အားထားရာ လမ်းမကြီးပေါ်က လုံခြုံရေးဂိတ်ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တာ သူတို့ရဲ့စစ်ရေး စွမ်းရည်ကို ပြသရာရောက်သလို၊ ရခိုင်မြောက်ပိုင်းမှာ AA အပေါ် တပ်မတော်ရဲ့ စစ်ဆင်ရေးကိုလည်း ဖိအားပေးရာ ရောက်တယ်လို့ ဆိုထားပါတယ်။

AA ရခိုင့်တပ်တော် ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ICG ထုတ်ပြန်ချက်ဟာ မှန်ကန်တယ်လို့ ပြောပါတယ်။

"သူတို့သုံးသပ်တာ မှန်ကန်တယ်လို့ ပြောလို့ရတယ်၊ ကျွန်တော်တို့ ဒီရခိုင့်တပ်တော် ဆိုလို့ရှိရင် ရခိုင်ပြည်မှာ အခြေချခွင့် လုံးဝမပေးနိုင်ဘူးဆိုပြီးတော့ အဲလို တစ်ဖက်သတ် ပြောတဲ့ဟာမျိုး ဒါငြိမ်းချမ်းရေးကို ဦးတည်တဲ့ စကားမျိုး မဟုတ်ဘူးလို့ အရင်လည်း ကျတော်တို့ ပြောခဲ့ဖူးတယ်၊ တော်တော်လေးကို တစ်ဖက်သတ်ဆန်တဲ့ အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးအတွက်တော့ အတားအဆီးတွေ ဖြစ်နိုင်တာပေါ့ နောက်ဗမာစစ်တပ်ဘက်က သူတို့ရဲ့ တင်းမာတဲ့ သဘောထားတွေကို ဘာမှအပြောင်းအလဲမလုပ်ဘူး၊ တင်းမာတဲ့သဘောထားတွေကို ဆက်ပြီးတော့ ကိုင်စွဲနေမယ်ဆိုလို့ရှိရင်တော့ ဒါ ICG ရဲ့ သုံးသပ်ချက်က မှန်တယ်လို့ ပြောလို့ရတယ်"

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်နေရာချထားမှုကိစ္စတွေနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က လုပ်ဆောင်နေတာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ မသိကြောင်း RFA ကို ပြောပါတယ်။

"နောက်ပိုင်းလုပ်တဲ့ဟာတွေကတော့ Bilateral ထိုးဖို့တို့ဘာတို့ လုပ်တဲ့ဟာတွေလည်း ကျတော်တို့ မသိသေးဘူး တပ်နေရာချထားရေးကို ဘယ်လိုလုပ်ထားတယ်ဘာညာဆိုတာ မသိသေးဘူး၊ ကျိုင်းတုံဆွေးနွေးပွဲမှာတော့ ဒါနဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေးနိုင်မယ့်သူ မပါတဲ့အတွက်ကြောင့်မို့ လက်မှတ်မထိုးနိုင်ဘူးဆိုတာ သိရတယ်၊ အဲအချိန်ထိကတော့ ကျတော်တို့တွေ့ရသလောက်ကတော့ တပ်နေရာချထားရေး အသေးစိတ်မပါသေးဘူးဆိုတာ သိရတယ်"

NRPC တာဝန်ရှိသူတွေဆီကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တရုတ်-မြန်မာနယ်စပ် ဗမာပြည်ကွန်မြူနစ်ပါတီမှာ တာဝန်ယူခဲ့ဖူးသူ ယခု ရန်ကုန်မှာ နေထိုင်ပြီး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တပ်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု အဆင်မပြေသေးရင်တော့ ငြိမ်းချမ်းရေးဟာ ဝေးကွာနေဦးမှာပဲလို့ သုံးသပ်ပါတယ်။

"တပ်တွေအခုရောက်နေတဲ့နေရာတွေကို အရင်အသိအမှတ်ပြုပြီးတော့ တပ်နေရာချထားရေးကို ဆွေးနွေးတာ အကောင်းဆုံးပါပဲ၊ ဒါမှအပစ်ရပ်လို့ရမှာကို ဒုတိယအဆင့်ကျတော့မှဘဲ ဒီတပ်တွေက ဘယ်နေရာတွေမှာ ရှိသင့်တယ် ဘယ်နေရာတွေမှာရှိရင် ပိုကောင်းမယ်ဆိုတာ တဖြည်းဖြည်းညှိနှိုင်းဆွေးနွေးဖြေရှင်းရင်တော့ ပိုကောင်းပါတယ်၊ လောလောဆယ် ရောက်နေတဲ့နေရာတွေကို အသိအမှတ်ဆိုလို့ရှိရင် တိုက်ပွဲကတော့ ရပ်လို့ရမှာ မဟုတ်ဘူး"

ICG အဖွဲ့ဟာ မြန်မာနိုင်ငံတင်မကပဲ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဓိက လေ့လာဆန်းစစ်ထုတ်ပြန်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြသည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။