သုံးနှစ်အတွင်း စစ်ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် ခုနစ်စင်းပစ်ချခံရ

ပြီးခဲ့တဲ့သုံးနှစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ခုနစ်စင်းကို ကချင်၊ ကရင်၊ ကရင်နီ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့ပါတယ်။

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပျက်အစီးများအား တွေ့ရစဉ်။ Citizen Journalist

ပြီးခဲ့တဲ့သုံးနှစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ် စုစုပေါင်း ခုနစ်စင်းကို ကချင်၊ ကရင်၊ ကရင်နီ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၁ မေလက Mi-35 ဂျက်တိုက်လေယာဉ်တစ်စင်းကို ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ KIA အဖွဲ့ကပစ်ချခဲ့ပါတယ်

၂၀၂၃ ဖေဖော်ဝါရီလ ၃ ရက်မှာတော့ စစ်ကောင်စီက ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးမှာအသုံးပြုတဲ့ ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF-124) ရဲ့ ပြန်ကြားရေးတာဝန်ခံက အဲဒီရက်မှာ RFA ကိုပြောထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လမှာတော့ ကရင်နီဒေသ ဘောလခဲမြို့နယ်မှာ K-8W အပေါ့စား ဂျက်တိုက်လေယာဉ်တစ်စင်းကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့ပါတယ်

အဲဒီနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှာတစ်ခါ K-8 လေယာဉ်တစ်စင်းကို ကရင်နီပူးပေါင်းတပ်တွေပစ်ချခဲ့ပြီး လေယာဉ်အပိုင်းအစတွေကိုလည်း ရှာတွေ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဒီထက်ပိုပြီး လေယာဉ်တွေကိုပစ်ချနိုင်ရင် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် ပြိုကျသွားနိုင်တယ်”

အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ Mi-17 ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း၊ ဇန်နဝါရီ ၁၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ FTC 2000G ဂျက်တိုက်လေယာဉ်တစ်စင်းကို KIA ကချင်လွတ်မြောက်ရေးတပ်က ပစ်ချခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ Eurocopter AS 365 Dauphin အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို KNLA ကရင် အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေက ပစ်ချခဲ့ပါတယ်

ကရင်နီပြည်လို့ခေါ်တဲ့ ကယားပြည်နယ်မှာတော့ ရှိသမျှလက်နက်ငယ်တွေနဲ့ဝိုင်းပစ်လို့ K-8W လေယာဉ်ပျက်ကျခဲ့တာလို့ ကလလတအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် KIA နဲ့ KNLA အဖွဲ့ကတော့ ဘယ်လို လက်နက်အမျိုးအစားတွေသုံးပြီး လေယာဉ်တွေကို ပစ်ချခဲ့လဲဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Eurocopter AS 365 လေယာဉ်ကိုတော့ အရပ်ဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးတွေမှာအသုံးပြုဖို့ ဥရောပကဝယ်ထားတာလို့ စစ်လက်နက်ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဂျက်တိုက်လေယာဉ်တွေ ပစ်ချခံရပြီးနောက်ပိုင်းမှာ ဗုံးသီးအလုံးရေ ရာနဲ့ချီသယ်နိုင်တဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေကို စစ်ကောင်စီဘက်က အသုံးပြုလာတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကိုပြောပါတယ်။

“အခုအခြေအနေမှာကတော့ စစ်တိုက်တဲ့ဂျက်ဖိုက်တာတို့ ရဟတ်ယာဉ်တို့ကို မသုံးတော့ဘဲ ဒီ Y-1တို့ Y-12 တို့ပေါ့နော်။ ကုန်တင်တဲ့ ရဟတ်ယာဉ်တွေအထိ သူတို့သုံးလာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အဲဒါက သူတို့ဘက်က ရှိတဲ့လေယာဉ်တွေ အားလုံးထုတ်သုံးတဲ့ပုံစံ ဖြစ်နေတာတွေ့ရတယ်။ ရဟတ်ယာဉ်တွေကိုလည်း နေရာတကာမှာသုံးဖို့ အဆင်မပြေလောက်ဘူးလို့ ထင်တယ်။ အဲဒါကြောင့် ဗုံးသီးတွေ အများကြီးသယ်နိုင်တဲ့ Y-12 တို့ကိုသုံးတာကိုကြည့်လိုက်ရင် တော်တော်ကို အကျပ်အတည်း လာတာတွေ့ရတယ်လို့ မြင်ပါတယ်”

လာမယ့်ကာလတွေမှာ စစ်ကောင်စီဟာ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဒီထက်ပိုဆုံးရှုံးရနိုင်တယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က သုံးသပ်ပါတယ်။

“အဓိကက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့ကမဆို လေကြောင်းတိုက်ခိုက်မှုတွေ အားနည်းသွားအောင်၊ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုမှု အားနည်းသွားအောင်ဆိုတဲ့ Concept က အခုချိန်မှာ အကုန်လုံးမှာရှိနေပြီပေါ့နော်။ လက်ရှိအချိန်မှာ အဲဒီအတွက်လည်း အကုန်လုံးက ဘယ်အချိန်မှာ တိုက်ခိုက်ရမယ်ဆိုတာ ပြင်ဆင်နေပြီ အဲဒီအတွက်လည်း အခုလက်ရှိ ၂၀၂၃၊ ၂၀၂၄ ကြားမှာဆိုရင် စစ်ကောင်စီရဲ့ လေယာဉ်ပျက်ကျတဲ့နှုန်းက ပိုများလာတယ်။ နောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းကို အဓိက ထားပြီးတော့မှ တိုက်ခိုက်ပြီးတော့မှ ဖြိုဖျက်ဖျက်ဆီးပြီးမှုတွေ ရှိလာမယ်လို့ ယူဆပါတယ်။ အဲဒီအတွက် စစ်ကောင်စီရဲ့ လေယာဉ်ဟာ ဒီထက်ပိုပြီးပျက်စီးဖို့ပဲရှိတယ်”

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဒီထက်ပိုပြီး လေယာဉ်တွေကိုပစ်ချနိုင်ရင် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် ပြိုကျသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တကယ်လို့သာ လေကြောင်းထိုးစစ်မှာ လေယာဉ်တွေကို ဒီထက်ပိုပြီး တိုက်ခိုက်နိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေးမှာ သိပ်ပြီးထိရောက်တဲ့ အနေအထားတစ်ခု ပြောင်းလဲသွားမှာပါ။ တစ်နည်းအားဖြင့်ပြောရရင် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် ပြိုကျသွားမယ်လို့ ယူဆရပါတယ်”

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ လေယာဉ်တွေကို အတိုက်အခံအင်အားစုတွေဘက်က ပစ်ချနေတာက ခေတ်မီဆန်းသစ်တဲ့လက်နက်တွေ ပိုင်ဆိုင်ထားလို့မဟုတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် ပျက်ကျသွားတာလို့ဆိုပါတယ်။

“ကျွန်တော်တို့ခေတ်ကတည်းကလည်း PV-7 တုန်းကလည်း ပစ်ချခံရတာပဲ။ အဲဒီတုန်းက ပွိုင့်ဖိုက်စက်သေနတ်တွေနဲ့ ပစ်တာပေါ့။ အနိမ့်ပျံတွေဆိုတော့ အနိမ့်ပျံကို ပစ်ခတ်နိုင်တဲ့စွမ်းရည်ကတော့ ရှိနေပြီးသားပေါ့။ လတ်တလောကျသွားတဲ့ လေယာဉ်ကိုပြောရရင် မြေပြင်တပ်မှူးက မြေပြင်ကိုမရှင်းနိုင်လို့ စနိုက်ဘာတစ်ခုခုရှိလို့ ပစ်ချခံရတာပေါ့။ ဒါကတော့ အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်စစ်ပွဲမှာ ဆုံးရှုံးတာတွေဆို အစင်းရေကို လေးငါးထောင်လောက်ရှိတာကိုး။ ဒီလောက်ကတော့ ဖြစ်တတ်ပါတယ်။ ဒါတွေက ဖြစ်တတ်တဲ့ကိစ္စလို့ ပြောလို့ရပါတယ်”

လေကြောင်းကနေ ဒရုန်းနဲ့ရိက္ခာသယ်ပို့ဖို့အတွက် ဒရုန်းတပ်ဖွဲ့တွေလည်း စစ်ကောင်စီအနေနဲ့ ပြင်ဆင်ပြီးတာကြောင့် ရိက္ခာပို့ဖို့လာတဲ့ ရဟတ်ယာဉ်တချို့ ပစ်ချခံရမှာမဟုတ်တော့ဘူးလို့လည်း သူကပြောပါတယ်။

လေယာဉ်တွေကိုပစ်ချနိုင်တာက စစ်ကောင်စီအနေနဲ့ သွေးပျက်စရာ အခြေအနေပဲလို့ စစ်ရေးလေ့လာသူ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“သူတို့သွေးပျက်နေကြတာပေါ့။ အပေါ်စီးကနေ လေ့ကျင့်ထားတဲ့အပြင် နိုင်ငံတကာ အကူအညီလည်း ရတယ်လေ။ အဲဒါမျိုးတွေ ရတဲ့အခါကျတော့ သူက အပေါ်စီးကနေပစ်မှာပဲ။ အဲဒါကို တို့က ကြောက်ကြောက်ရွံ့ရွံ့နဲ့ မော့ကြည့်နေစရာကိုမလိုဘူး။ ကြောက်ကြောက်ရွံ့ရွံ့နဲ့မော့ကြည့်ရင် သူတို့ကခြောက်မှာပဲ။ မကြောက်ဘူးကွာဆိုပြီး ပြရမယ်။ KNLA က ဘယ်လိုတိုက်သွားလည်း အဲဒါကြည့်ရမယ်။ အဲဒါနမူနာရှိပြီးသားပဲ”

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာပစ်ချခံခဲ့ရတဲ့ EuroCopter AS-365 ရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ (၇၁) နှစ်ပြည့် လေတပ်အခမ်းအနားတွင် Eurocopter 365 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း တပ်တော်ဝင်နေပုံကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo: Myanmar Military)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က ကရင်နီဒေသမှာပစ်ချခဲ့တဲ့ K-8W ကို စစ်တပ်က အပူတပြင်းရှာဖွေပြီး အပျက်အစီးတွေကို တစ်စမကျန် ကောက်ယူသွားသလို လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားခဲ့ကြတဲ့ ဗိုလ်ကြီး သော်ဇင်ကို “ဗိုလ်မှူး/သူရဘွဲ”နဲ့ ဗိုလ်အောင်ဖြိုးကျော်အား “ဗိုလ်ကြီး/သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်”တို့ကို စစ်ကောင်စီဥက္ကဋ္ဌက ဇူလိုင်လ ၂၄ရက်မှာပေးအပ်ခဲ့တယ်လို့ ကလလတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ပစ်ချခဲ့တဲ့လေယာဉ်ပေါ်က ဗိုလ်မှူးခိုင်သန့်မိုးကိုလည်း ကရင်နီတပ်တွေက လက်ရဖမ်းမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို သုံးနှစ်အတွင်း လေယာဉ် ခုနစ်စင်းပျက်ကျတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးခြား ထုတ်ပြန်ကြေညာတာ မတွေ့ရသလို RFA အနေနဲ့လည်း လွတ်လွတ်လပ်လပ် စုံစမ်းအတည်ပြုခွင့်မရပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားအနည်းဆုံး ၁၄၂၉ ယောက်ရှိပြီး ၂၆၄၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org