မိုးဗြဲမှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် နေအိမ် ၁၀၀ ခန့် ပျက်စီး

2022.09.12
မိုးဗြဲမှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် နေအိမ် ၁၀၀ ခန့် ပျက်စီး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Mobye People Defense Force

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲ တွေ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲတွေ မှာ လက်နက်ကြီးကျည်တွေကျလို့ နေအိမ် အလုံး ၁၀၀ လောက် ထိခိုက် ပျက်စီးခဲ့ရသလို အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က ဝှါရီဆူးပလိုင်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ ပေါ်က ခရစ်ယာန်ဘုရားကျောင်းမှာဝင်ရောက်တပ်စွဲရာကနေ ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

“မြို့ပေါ်ပဲဗျ။ တိုက်ပွဲတိုင်းက မြို့ပေါ်မှာပဲ။ တော်တော်လေးပြင်းထန်တယ်ဗျ"

ဒီနေ့ထိလည်း တိုက်ပွဲတွေရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့ မိုးဗြဲအခြေအနေကတော့ စစ်ရေးကတော့ လက်နက်ငယ်တော့ ကြားနေရတယ်။ အဓိက ကတော့ လက်နက်ကြီးတွေ မကြားရသေးတာ။ အဓိကကတော့ စစ်တပ်က ဝှါရီဆူးပလိုင်ကျေးရွာ ကနေ တပ်ဆုတ်လာရင်း ထိတွေ့တိုက်ပွဲ အဲဒီလိုပုံစံ ဖြစ်သွား တာ”

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေ အတွင်း လွိုင်ကော်မြို့ အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့ တာကြောင့် စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက် မနေ့ကအထိ မိုးဗြဲမြို့ ပွဲကုန်း အမှတ်(၁)၊ (၂)၊ (၃) ရပ်ကွက်တွေက နေအိမ် ၁၀၀ ခန့် ပျက်စီးသွားတယ်လို့ ဖော်ပြထား ပါတယ်။ အဲဒီအထဲက နေအိမ် ၄၀ ခန့်ဟာ မနေ့က တစ်ရက်တည်းမှာ ပျက်စီးခဲ့ရတာလို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက်ကြီးကြောင့် ရပ်ကွက်တစ်ခုလုံး ကြေမွသလောက်ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြပေမယ့် တချို့ကလည်း အိမ်စောင့်အဖြစ် ဆက်ပြီးနေကြတယ်လို့ သူက ပြောပါတယ်။

“မြို့ပေါ်ပဲဗျ။ တိုက်ပွဲတိုင်းက မြို့ပေါ်မှာပဲ။ တော်တော်လေးပြင်းထန်တယ်ဗျ။ နေ့တိုင်းလိုလိုပဲ။ မနေ့ညက တော်တော်လေးပြင်းထန်တယ်။ ၁၁ နာရီ ၅ မိနစ်ကနေ စတာ ၆ နာရီ ၅၇ မိနစ်မှာ ပြီးသွား တာ။ ၆ နာရီ ၅၀ မိနစ်မှာ အိမ် နှစ်လုံး မီးလောင်သွားတယ်။ လက်နက်ကြီး လွိုင်ကော်က နေ ထုလာတာပေါ့လေ။ အဲဒါက ပွဲကုန်း ၂ (ရပ်ကွက်)။ ပွဲကုန်း ၂ ရယ် ၃ ရယ်က ကြေမွသလောက် ဖြစ်သွားပြီ”

တိုက်ပွဲတွေဟာ မနက်ပိုင်းအစောပိုင်းမှာ ဖြစ်လေ့မရှိဘဲ မနက် ၁၁ နာရီနောက်ပိုင်းကစလို့ နေ့တိုင်း လိုလို ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကတော့ မိုးဗြဲမြို့ ပွဲကုန်း အမှတ် (၃) ရပ်ကွက်မှာ အသက် ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ သူ့ဖခင် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း မိုးဗြဲမြို့နယ်အတွင်း လက်နက်ကြီးကျလို့ အသက် ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် လက်မောင်းကိုထိမှန်ရာကနေ သွေးထွက်လွန် ပြီး သေဆုံးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။

“ကလေးတစ်ယောက်က ဆုံးသွားတယ်။ သွေးထွက်လွန် ဒဏ်ရာ လက်မောင်းမှာထိပြီး တော့ သွေးထွက်လွန် ဒဏ်ရာနဲ့ ဆုံးသွားတာရှိတယ်။ နောက်ကျန်တဲ့ သုံးယောက်ပေါ့ ဒဏ်ရာရရှိတာ ရှိပါတယ်။ ဒါက ပြည်သူဘက် ခြမ်းကပါ”

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ကသေဆုံးတဲ့သူ ၆၀ လောက်နဲ့ ဒဏ်ရာရတဲ့သူ ၁၂ ယောက် လောက် ရှိနိုင်သလို ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လည်း သေဆုံးတဲ့သူ နှစ်ယောက်နဲ့ ဒဏ်ရာရတဲ့သူ ၁၉ ယောက်ရှိတယ်လို့ မိုးဗြဲ PDF က နေ့စဉ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Mobye 2.jpg
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်နေသည့် မိုးဗြဲမြို့ရှိ နေအိမ်တစ်လုံးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှာ တွေ့ရစဥ် (Photo: Citizen Journalist)

ဒီကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာ မှာလည်း စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေး ပါဘူး။

အရင်က ရခိုင်ပြည်နယ်နဲ့ လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ သုံးခဲ့တဲ့ တပ်မ ၆၆ ရဲ့ တပ်ရင်း ခြောက်ရင်းကို၊ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက ကရင်နီတိုင်းရင်းသား တွေရဲ့ ကယားပြည်နယ်ကို စေလွှတ်ထားတယ်လို့ ကရင်နီတပ်မတော် (KA) က ပြောထား ပါတယ်။

ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့်လူပေါင်း နှစ်သိန်း နှစ်သောင်း ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံအရပ်ဘက် အဖွဲ့တွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။