ရွှေလုပ်ငန်းထိန်းချုပ်လို့ မှောင်ခိုဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်တွေပြော

RFA Burmese
2024.11.01
ရွှေလုပ်ငန်းထိန်းချုပ်လို့ မှောင်ခိုဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်တွေပြော ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလို့ စစ်ကောင်စီက ထိန်းချုပ်လိုက်တဲ့အတွက် မှောင်ခိုစျေးကွက် ကြီးလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေ သုံးသပ်နေကြပါတယ်။

ရွှေဝယ်တဲ့ဖောက်သည်တွေကို နာမည်၊ မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေယူထားပြီး မှတ်တမ်းကို ငါးနှစ်အထိ သိမ်းထားရမယ်လို့ဆိုပါတယ်။ အဲဒီစာရင်းကို အာဏာပိုင်တွေတောင်းရင် ချက်ချင်းထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဥပဒေကိုဖောက်ဖျက်ရင် ထောင်ဒဏ်အနေနဲ့ဆို အနည်းဆုံးခြောက်လကနေ အများဆုံး သုံးနှစ်အထိချခံရနိုင်သလို၊ ဒဏ်ငွေနဲ့ဆို ငါးသိန်း၊ အဲဒီအပြင် လုပ်ငန်းလိုင်စင်လည်း ပြန်သိမ်းမှာဖြစ်ပါတယ်။

"ကျွန်တော်ထင်တယ် မှောင်ခိုလုပ်ဖို့ တချို့တော်တော်များများက နဂိုက လိုက်နာဖို့ အစီအစဉ်မရှိတဲ့သူကတော့ မှောင်ခိုလုပ်ငန်းစဉ်ကို ဆက်သွားမယ်”

ဒါကြောင့် ရွှေဆိုင်တချို့ ရပ်နားနိုင်ပြီး မှောင်ခိုရောင်းဝယ်တာတွေ ဖြစ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဒီဟာတွေကို သူတို့လိုက်နာချင်မယ် မထင်ဘူး။ အဲဒီလို တော်တော်များများကပေါ့လေ။ အဲဒီတော့ ကျွန်တော်ထင်တယ် မှောင်ခိုလုပ်ဖို့ တချို့တော်တော်များများက နဂိုက လိုက်နာဖို့ အစီအစဉ်မရှိတဲ့သူကတော့ မှောင်ခိုလုပ်ငန်းစဉ်ကို ဆက်သွားမယ်”

ရွှေလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်တဲ့အကြောင်းကို စစ်ကောင်စီ လက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်နေ့က ကြေညာလိုက်တာပါ။ ရွှေအရောင်းအဝယ်လုပ်တဲ့ သူတွေအနေနဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ရွှေကိုပဲ ဝယ်ယူရောင်းချဖို့၊ သတ်မှတ်ထားတဲ့ စျေးအတိုင်းရောင်းဖို့နဲ့ အခွန်ပေးဖို့အပြင် နေ့အလိုက် အရောင်းအဝယ် စာရင်းတွေကို တင်ပြရမယ်လို့လည်း ညွှန်ကြားထားပါတယ်။


ဆက်နွှယ်သော သတင်းများ

ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စစ်ကောင်စီသတ်မှတ်

ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေး ကြိုတင်ပြင်ဆင်ဖို့ ရန်ကုန်ရွှေအသင်း သတိပေး

ရွှေလုပ်ငန်းရှင်များအသင်းဝင် ရွှေဆိုင်တချို့ကို စစ်ကောင်စီ အရေးယူ


ပုဂ္ဂလိက ရွှေဆိုင်တွေမှာ စချိန်စံနှုန်းမမီတဲ့ ရွှေတွေရောင်းနေတာ၊ ရောင်းတဲ့အခါမှာ သတ်မှတ်စျေး အတိုင်းမဟုတ်ဘဲ စျေးတင်ပြီးရောင်းတာ၊ ဝယ်တဲ့အခါကျတော့ စျေးနှိမ်တာတွေရှိနေတဲ့အတွက် စစ်ကောင်စီဘက်က အခုလိုဆောင်ရွက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ရွှေစျေးတက်တာ၊ စံချိန်မမီတဲ့ ရွှေရောင်းနေတာကို နိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း လုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။

ဒီလိုမထိန်းချုပ်ခင်က၊ ရွှေလုပ်ငန်းသမားတွေအနေနဲ့ လိုင်စင်တစ်ခုပဲ လိုအပ်ပါတယ်။ လက်ရှိမှာတော့ စံချိန်မီရွှေလိုင်စင်နဲ့ လက်ဝတ်ရတနာလိုင်စင်ဆိုပြီး လိုင်စင်နှစ်ခုခွဲလိုက်သလို စည်းကမ်းချက်တွေပါ တင်းကျပ်ထားတာလို့ ဆိုပါတယ်။

တကယ်တော့ မှောင်ခိုစျေးနဲ့ ဝယ်နေရတာကြာပြီလို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်းတိမ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“တကယ့်တကယ် တရားဝင်စျေး၊ ကြေညာထားတဲ့စျေး ရောင်းမယ့်ဆိုင်မှ မရှိတာဆိုတော့ အပြင်မှာ ပေါက်စျေးကတစ်မျိုး အဲဒီလိုမျိုးဖြစ်သွားတာပေါ့။ ကြေညာတာပဲ ရှိတာလေ။ ဆိုင်တွေမှာ ဆိုင်းဘုတ်ပဲရှိတာ။ ဒီစျေးရှိပါတယ်ဆိုပြီး သတ်မှတ်ထားတဲ့ စျေးပဲရှိတယ်။ ဆိုင်ထဲကိုဝင်ပြီး ရွှေဝယ်လိုက်ရင် ကျွန်တော်တို့ အပြင်ပေါက်စျေးဖြစ်နေတာပေါ့”

အခုလို စစ်ကောင်စီ ထိန်းချုပ်လိုက်တဲ့အတွက် ဝယ်မယ့်သူတွေပဲ ပိုပြီးခက်ခဲသွားနိုင်တယ်လို့လည်း အဲဒီ ပန်းထိမ်လုပ်ငန်းရှင်က သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ပြည်ပကဝင်လာတဲ့ ရွှေတွေကိုတားဆီးဖို့နဲ့ နိုင်ငံခြားငွေကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် ဒီဥပဒေကို ထုတ်ပြန်လိုက်တာလို့လည်း တချို့ ရွှေလုပ်ငန်းရှင်တွေက ယူဆပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အခြေခံဥပဒေနဲ့လည်း မညီဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“ဒီလုပ်ငန်းတွေ အားလုံးကိုပေါ့ဗျာ အစိုးရက ထိန်းချုပ်လိုက်တဲ့သဘောလို့ သွားမြင်ပါတယ်။ စျေးကွက်အတွင်းမှာရှိနေတဲ့ စျေးနှုန်းတွေကို ထိန်းချုပ်လို့ မရပါဘူး။ အဲဒါကလည်း ၂၀၀၈ ခြေဥပုဒ်မ ၃၅ နဲ့ အတိအလင်း သွားဆန့်ကျင်နေတယ်”

ရွှေစျေးနှုန်းဆိုတာ နိုင်ငံတကာပေါက်စျေးအပေါ်မှာ မူတည်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါတယ်။

“နိုင်ငံတကာ ပေါက်စျေးက ရှိပြီးသား။ အဲဒီအပေါ်မှာပဲ အခြေခံသွားမှာပဲ။ ဒါကြီးကို ဒီလိုထိန်းချုပ်လိုက်လို့ စျေးတက်သွားမှာတို့ ကျသွားမှာတို့က မဖြစ်နိုင်ဘူးထင်တယ်”

ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

ဒီဥပဒေ ဘာကြောင့်ထုတ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရဖို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရုံးကို RFA က အောက်တိုဘာ ၂၉ ရက်နေ့က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။

အဲဒီနေ့က ရွှေတစ်ကျပ်သားကို (ကျပ်ငွေ) ငါးဆယ့်ခြောက်သိန်း (၅၆၂၉၁၀၅ ကျပ်) သတ်မှတ်ထားပေမဲ့ တကယ့်စျေးကွက်မှာ တစ်ကျပ်သားကို (ကျပ်ငွေ) ခြောက်ဆယ့်ငါးသိန်းကျော် ( ၆၅၅၀၀၀၀ ကျပ်) ရှိခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ ရွှေတစ်ကျပ်သားကို (ကျပ်ငွေ) တစ်ဆယ့်သုံးသိန်းဝန်းကျင်ပဲ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။