ကချင်ဝန်ကြီးချုပ်ရဲ့ခမည်းခမက်ကုမ္ပဏီ မြစ်ဆုံမှာ တရားမဝင်ရွှေတူးဖော်နေ
2024.03.17

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ၊ ဒီတူးဖော်မှုတွေကနေ အကျိုးအမြတ်ရသူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သူတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး Myanmar Resource Watch အဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီအစီရင်ခံစာထဲ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အချိန်ထိ ဧရာဝတီမြစ်ဆုံမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို စစ်ကောင်စီရဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ခမည်းခမက်တော်စပ်သူ ယွပ်ဇော်ခေါင်ရဲ့ Jade Land ကုမ္ပဏီဟာ အကြီးအကျယ်ရွှေတူးနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒေသခံတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ကန့်ကွက်နေပေမဲ့ ဝန်ကြီးချုပ်ရဲ့ခမည်းခမက်ကုမ္ပဏီက ရွှေတူးနေတယ်လို့ ကချင်ပတ်ဝန်းကျင်ရေးရာအဖွဲ့ (KEG) တာဝန်ခံ မခွန်ထွယ့်ကပြောပါတယ်။
"အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ်ဆုံဒေသအထက်ပိုင်းမှာ စပြီးတော့ ရွှေတူးဖော်တဲ့လုပ်ငန်းကို အခုကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ရဲ့ ခမည်းခမက် ယွပ်ဇော်ခေါင် တို့ ရွှေတူးတဲ့လုပ်ငန်းကို လုပ်ကြတယ်။ အဲဒီအပေါ်မှာ ဘာသာရေးခေါင်းဆောင်နဲ့ ပြည်သူလူထုတွေကန့်ကွက်တယ်။ ကန့်ကွက်ပေမဲ့ လောလောဆယ်မှာ စစ်ကောင်စီရဲ့အာဏာရှိတဲ့သူတွေနဲ့ အဆင်ပြေနေတဲ့အခါကျတော့ သူတို့ပဲ ဒီမြစ်ဆုံဒေသအထက်ဘက်မှာ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အဆင်ပြေရင်ပြီးရောဆိုပြီး ရွှေတူးတာကို လုပ်နေတာ"
ယွပ်ဇော်ခေါင် ပိုင်တဲ့ Jade Land ကုမ္ပဏီဟာ မြစ်ဆုံဒေသ တန်ဖရဲရွာအနီးမှာ လေးဧကခန့် ကျယ်ဝန်းတဲ့ ငါးနှစ်ကြာ တူးဖော်ခွင့်ရှိတဲ့ရွှေလုပ်ကွက်ကို ၂၀၂၀ ပြည့်နှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာရခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီချိန်ကစပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တူးဖော်မှု လုပ်ငန်းတွေ အရှိန်မြင့် လုပ်ကိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
မြစ်ဆုံနဲ့ မြစ်ရိုးတစ်လျှောက် ရွှေကို စက်ယန္တရားကြီးတွေနဲ့ တူးတာကြောင့် မြစ်ရေသောက်သုံးလို့မရတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်မတို့ မြစ်ဆုံအထက်အောက် ဆွမ်ပရာဘွမ်၊ ပူတာအို မြစ်ရိုးတစ်လျှောက်ပေါ့ ၂၀၂၁ နောက်ပိုင်း စစ်တပ်အာဏာသိမ်းပြီးနောက် စက်ယန္တရားကြီးတွေနဲ့ပါ တူးနေတာ၊ ရေအောက်မှာရော တူးတယ်။ ကုန်းပေါ်မှာရော တူးတယ်၊ မြစ်ကမ်းနံဘေးမှာရော တူးတယ်။ တူးတာက အဆက်မပြတ်ပဲ။ အခုလည်း တူးတုန်းပဲ၊ ယန္တရားကြီးတွေနဲ့ ရွှေတူးတဲ့အတွက်ကြောင့်မို့ ရေလမ်းကြောင်းတွေ လွဲသွားတာရှိတယ်။ သဲသောင်ပြင်တွေ ဖြစ်လာတယ်။ အဆိုးဆိုးကတော့ လုံးဝရေက သောက်သုံးလို့မရတော့ဘူး"
ဦးသိန်းစိန်လက်ထက်ကနေ ခေတ်အဆက်ဆက်မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာတွေ ရှိခဲ့ပြီး ဒေသခံတွေ ကန့်ကွက်မှုတွေပြုလုပ်ရင် ရပ်ဆိုင်းသွားခဲ့ပေမဲ့ စစ်အာဏာသိမ်းချိန်မှာတော့ ကန့်ကွက်ပေမဲ့ ဆက်လက်တူးဖော်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒီရွှေတူးဖော်မှုတွေကို ခွင့်ပြုချက်ပေးပြီး အကျိုးအမြတ်ယူနေတဲ့ အဖွဲ့အစည်းတွေထဲမှာ စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံဌာနတွေအပြင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ပါဝင်နေတယ်လို့ Myanmar Resource Watch အဖွဲ့ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရွှေတူးခွင့်ပေးတဲ့ အဖွဲ့အစည်းတွေကို လုပ်ငန်းရှင်တွေက နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေကို ငွေကြေး ဒါမှမဟုတ် ရွှေကောက်ခံပြီး ရွှေထွက်နှုန်း၊ တူးဖော်တဲ့နေရာ၊ အသုံးပြုတဲ့ စက်ယန္တရားတွေအလိုက် ပေးရတာဖြစ်ပြီး တလကို ငါးသောင်းကနေ ခြောက်သိန်းအထိ ပေးရသလို တချို့နေရာတွေမှာ ရွှေငါးမူးသားပေးရတယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ သူ့အနေနဲ့မကြားမိဘူးလို့ ပြောပါတယ်။
"မြစ်ဆုံမှာရွှေတူးတဲ့ကိစ္စတွေကတော့ ကျွန်တော် ဘာသတင်းအစအနမှ မကြားမိဘူး၊ အာဏာပိုင်အဖွဲ့တွေထဲမှာ မပါတဲ့အတွက် ခွင့်ပြုသလား မပြုဘူးလား၊ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာလဲ ပါသလား မပါဘူးလားဆိုတာလည်း ကျွန်တော်ဘာမှ မကြားမိပါဘူး၊ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှ မကြားပါဘူး"
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော်တာများလာတာကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွားထိခိုက်လာတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
Myanmar Resources Watchအဖွဲ့ ရဲ့ ကွင်းဆင်းလေ့လာတာတွေအရ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်နဲ့ ချီဖွေ မြို့နယ်တွေမှာ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ အများဆုံးတွေ့ရတယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းပြီး ရွှေတူးဖော်မှုမြင့်တက်လာတာကြောင့် မိုးသစ်တောတွေ ပျောက်ဆုံးတာ၊ မေခမြစ်လမ်းကြောင်းပြောင်းလဲတာ အပါအဝင် ဒေသတွင်းဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေတယ်လို့လည်း ရေးသားထားပါတယ်။
ရွှေတူးဖော်မှုကြောင့် သစ်တောတွေ ပျက်စီးတာအပြင် စိုက်ပျိုးမြေတွေ၊ စားကျက်မြေနဲ့ ချောင်းတွေ ထိခိုက်ပျက်စီးမှုလည်း မနှစ်ကထက် အခြေအနေထက် ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တရားမဝင်ရွှေတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့်အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ Myanmar Resource Watch အဖွဲ့က ထောက်ပြထားပါတယ်။