လွတ်လပ်ခွင့် ထိုးစိုက်ကျဆင်းသွားတဲ့ မြန်မာနိုင်ငံ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.01
လွတ်လပ်ခွင့် ထိုးစိုက်ကျဆင်းသွားတဲ့ မြန်မာနိုင်ငံ ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသော အမျိုးသမီးများအား တွေ့ရစဉ်။
Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအတွင်း လွတ်လပ်ခွင့် အခြေအနေတွေ ထိုးစိုက်ကျဆင်းသွားခဲ့ကြောင်း Gallup သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတစ်ဦးချင်း လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ကျဆင်းသွားခဲ့တာပါ။

Gallup အဖွဲ့ရဲ့ စက်တင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ လေ့လာချက်အရ ပုဂ္ဂလိကတစ်ဦးချင်း လွတ်လပ်မှုအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၈၂ ရာခိုင်နှုန်း ရှိခဲ့ရာက၊ ၂၀၂၁ ခုနှစ်မှာ ၆၃ ရာခိုင်နှုန်း ဖြစ်သွားခဲ့ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့် ဟာလည်း ၂၀၂၀ ပြည့်နှစ်က ၆၆ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း နိုင်ငံရေးနဲ့လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စစ်အုပ်ချုပ်ရေးကနေ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရစနစ်ဆီ ရောက်ရှိခဲ့ပါတယ်။ အဲဒီကာလအတွင်း အထင်ရှားဆုံး ဖြစ်ရပ်တွေကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်တာ၊ ဆန္ဒပြခွင့်ရှိတဲ့ အလုပ်သမားဥပဒေသစ်၊ သတင်းမီဒီယာနဲ့ အင်တာနက် ဆင်ဆာဖြေလျှော့မှုတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေဟာ ၂၀၁၄ နဲ့ ၂၀၂၀ ပြည့်နှစ်တွေအတွင်း တည်တည်ငြိမိငြိမ်ရှိနေခဲ့ကြောင်း Gallup သုတေသနအဖွဲ့က ဖော်ပြပါတယ်။ ဒါပေမဲ့ Freedom House လို အဖွဲ့တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်မှာ ရိုဟင်ဂျာပြဿနာလို လူ့အခွင့်အရေးဆိုင်ရာ ဖြေရှင်းစရာတွေ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒီအတွင်း စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ အမျိုးသမီးတွေလည်း ရှေ့တန်းက ပါဝင်လာခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေက ကြိုတင်သတိမပေးဘဲ အကြမ်းဖက်ပစ်ခတ်လေ့ရှိတာ၊ ဆန္ဒပြသူတွေကြား ကားတွေနဲ့ ဝင်တိုက်တာတွေ မကြာခဏ ဖြစ်လေ့ရှိလို့ အသက်အန္တရာယ်နဲ့ နီးပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာတွေမှာတော့ အမျိုးသမီးတွေ ရှေ့တန်းက ပါဝင်နေကြတာကို အမြဲတွေ့မြင်နေရတာပါ။

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတယောက်ကတော့ လမ်းတွေပေါ်ထွက် ဆန္ဒပြတာနဲ့ မလုံလောက်တော့တဲ့အတွက် PDF ခေါ် ပြည်သူ့ ခုခံကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ကြောင်း၊ တခြားရွေးစရာလည်းမရှိတော့ကြောင်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အယူသီးလေ့ရှိပြီး အမျိုးသမီး ထမီတန်းအောက် ဝင်မိရင် ဘုန်းနိမ့်တတ်တယ်ဆိုတာကိုလည်း ယုံကြည်ကြတာမို့ ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲတွေမှာ ကုန်းကျော်တံတားတွေပေါ် ထမီတွေ လှန်းတင်ထားကြတဲ့အတွက် ယုံကြည်သူ စစ်သားတွေက ရှောင်ကွင်းဖို့ ကြိုးစားကြတာကြောင့် ဆန္ဒပြသူတွေအတွက် ရှောင်တိမ်းဖို့ အချိန်ရသွားကြကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

စစ်တပ်ရေးဆွဲတဲ့၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၅၂ မှာ နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ လိင်ခွဲခြားမှုတွေ မရှိစေရဆိုပေမဲ့ တစ်နေရာမှာတော့ အမျိုးသားများအတွက်သာ သင့်တော်တဲ့ နေရာသတ်မှတ်ချက် ပြဌာန်းထားတာလည်း ရှိပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသမီး ကိုယ်စားလှယ် ၆ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ပြီး NLD က ၁၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

မြန်မာ့လက်ထပ်ထိမ်းမြားခြင်း ကဏ္ဍမှာလည်း ဘာသာမတူသူနှစ်ဦး ထိမ်းမြားမယ်ဆိုရင် အမျိုးသမီးကို ဘာသာပြောင်းဖို့ ဖိအားမပေးရသလို မွေးဖွားလာတဲ့ကလေးတွေကိုလည်း ကြိုက်ရာ ဘာသာရွေးချယ်ခွင့် ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

000_94J2E8.jpg
၂ဝ၂၁ ခုနှစ် မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့်အနေဖြင့် ထဘီများ လှန်းတင်ရန် ပြင်ဆင်နေကြစဉ်။ (Photo: AFP)

စစ်တပ်အာဏာသိမ်းအပြီးမှာတော့ လုပ်ငန်းခွင်မဝင်ရေး CDM လှုပ်ရှားမှုကို အမျိုးသမီးကွန်ရက် အပါအဝင် စစ်တပ်ကို ဆန့်ကျင်တဲ့အမျိုးသမီးအဖွဲ့တွေ ပေါ်ပေါက်လာခဲ့ကြရာမှာ တိုင်းရင်းသားနယ်မြေတွေမှာ အဓိက ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ပြည်သူ့ခုခံရေးလှုပ်ရှားမှုမှာသာမက နိုင်ငံရေးနယ်ပယ်က အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာလည်း ပါဝင်နေတာပါ။

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မအိသဉ္စာမောင် ဆိုရင် အဝေးရောက် NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဒေါ်ခင်ဥမ္မာကလည်း ၁၉၈၈ ခေါင်းဆောင်တွေက အမျိုးသားတွေဖြစ်ကြပြီး ဒီတစ်ကြိမ်မှာတော့ အမျိုးသမီးတွေပါပဲ လို့ ဆိုပါတယ်။ အလားတူ တက်ကြွလှုပ်ရှားသူ နော်ဆာဆာကလည်း အမျိုးသမီးတွေဟာ ပြည်သူ့ခုခံရေးလှုပ်ရှားမှုမှာသာမက နိုင်ငံရေးနယ်ပယ်က အဓိကကျတဲ့နေရာတွေမှာလည်း ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။