စက်သုံးဆီ ပြဿနာ လျော့ကျသွားပေမယ့် ဈေးမြင့်တက်နေဆဲ

RFA Burmese
2023.12.14
စက်သုံးဆီ ပြဿနာ လျော့ကျသွားပေမယ့် ဈေးမြင့်တက်နေဆဲ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှာ တန်းစီဝယ်ယူနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ လောင်စာဆီ တန်းစီတိုးရတဲ့ ပြဿနာလျော့ကျသွားပေမယ့် ဈေးပြန်မကျဘဲ မြင့်တက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဒီဇင်ဘာ ၇ ရက်နေ့က နိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး ပျမ်းမျှ တစ်လီတာကို ကျပ်နှစ်ထောင်ကျော်သာ ရှိခဲ့ရာကနေ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပျမ်းမျှ တစ်လီတာကို ကျပ် လေးထောင်ကျော်၊ ငါးထောင်နီးပါး အထိ ဈေးတက်ခဲ့တာပါ။

ရန်ကုန်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ လက်လီဝယ်ဈေး အောက်တိန်း-၉၂ ဓာတ်ဆီ တစ်လီတာ ၂၄၆၅ ကျပ်၊ အောက်တိန်း-၉၅ ဓာတ်ဆီ တစ်လီတာ ၂၅၁၅ ကျပ်နဲ့ ဝယ်သုံးနေရပြီး အသန့်စင်ဆုံးဖြစ်တဲ့ ပရီမီယံဒီဇယ်ကတော့ ဝယ်မရဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ မန္တလေး၊ ဧရာဝတီ၊ မွန်ပြည်နယ် စတဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ် မူတည်ပြီး လောင်စာဆီဈေး တစ်လီတာကို ပျမ်းမျှ ကျပ် သုံးထောင်ကျော် လေးထောင်နီးပါးနဲ့ ရောင်းချနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုးဆုံးကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ဒီနေ့အထိ စစ်တွေမြို့မှာ စက်သုံးဆီ တစ်လီတာကို ပျမ်းမျှ ကျပ် သုံးသောင်းနီးပါး ပေးဝယ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပြဿနာဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၂၁၀၀ နဲ့ ဒေါ်လာ ရောင်းမပေးတော့ဘဲ ပြင်ပပေါက်ဈေးအတိုင်း ခွင့်ပြုလိုက်ချိန်ကစလို့ ဒေါ်လာနဲ့ တင်သွင်းရတဲ့ စက်သုံးဆီပြဿနာတက်လာတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတချို့ ရောက်နေပေမယ့် ငွေပေးချေဖို့ ဒေါ်လာအလွယ်တကူ ဝယ်မရဘဲ အခက်အခဲ ဖြစ်ခဲ့တာလို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"အဓိကကတော့ ဒေါ်လာဝယ်ရတဲ့စနစ် ပြောင်းသွားတာကြောင့် ဈေးကွက်မှာ စက်သုံးဆီ ပြတ်လပ်နေတာပါ။ ဘဏ်တွေမှာ ဒေါ်လာရှိမှ ဝယ်လို့ရမယ်ဆိုတဲ့ အနေအထားကြောင့် ဒေါ်လာလိုအပ်ချက်က ပိုပြီးကြီးမားနေတယ်။ ကျွန်တော်တို့ လက်ထဲမှာ လုံလောက်တဲ့ ဒေါ်လာမရှိဘဲ ငွေချေလို့မရတော့ သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘော ဘယ်နှစ်စင်းရောက်နေပါစေ ဆီကတော့ ထုတ်မရပါဘူး"

စီးပွားရေးလုပ်ငန်းရှင် နောက်တစ်ဦးကလည်း စစ်ကောင်စီရဲ့ မူဝါဒအပြောင်းအလဲကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေ အကျပ်ရိုက်ခဲ့တာလို့ RFA ကို ပြောပါတယ်။

"သူတို့ကိုယ်တိုင် တရားဝင်အစိုးရကနေ ၂,၁၀၀ ဈေးနှုန်းကနေ ဖျက်သိမ်းပြီးတော့ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံလုပ်လိုက်တယ်။ သူတို့ကဒေါ်လာ ပြတ်လပ်သွားပြီ။ ဒီဆီဆိုတာကလည်း ပြည်ပကနေ ဝယ်ရတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက် ဒီဒေါ်လာရှိမှသာလျှင် ဝယ်ရမယ်။ စက်သုံးဆီပြဿနာ ဘာလို့တက်ရတာလဲဆိုတော့ ဝယ်တဲ့သူတွေက မိမိမှာရှိတဲ့ ပိုက်ဆံနဲ့ဝယ်ပြန်ရင်လည်း သူတို့က အနိုင်ကျင့်ဦးမှာ။ အနိုင်ကျင့်ခံရမှာစိုးလို့ ချင့်ချိန်ပြီး ဝယ်နေရတယ်။ လက်ရှိ နိုင်ငံတော်က စက်သုံးဆီတွေကို MOGE ကနေ ရောင်းပေးလိုက်ရင် ပြီးနေပြီလေ"

ဗဟိုဘဏ်ရဲ့ ဒေါ်လာကန့်သတ်ချက် ဖြေလျှော့ပေးမှုဟာ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အကျိုးရှိနိုင်ပေမယ့် ဒေါ်လာကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူတင်သွင်းရတဲ့ သွင်းကုန် လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်စေလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ဒီဇင်ဘာလဆန်းကတည်းက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ max စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ max စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ကတော့ လတ်တလောထွက်ပေါ်နေတဲ့ စက်သုံးဆီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ မမှန်သတင်းတွေသာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ပြောခဲ့ပါတယ်။

"နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေရတာ အများကြီး ဖြစ်ပေါ်နေပါတယ်။ မကြာခင် စက်သုံးဆီ ပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ လတ်တလော လူမှုကွန်ရက်က မဟုတ်မမှန်သတင်းတွေ ကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုများပြီး ပုံမှန်သုံးစွဲမှု ပမာဏထက် ကျော်လွန်ဝယ်ယူနေတာကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ ဒီအပြင် ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေ များပြားလာတာကြောင့် ဝယ်ယူမှုမြင့်တက်လာရတဲ့ အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ်"

ဒါကြောင့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ အောက်တိန်း-၉၂ ဓာတ်ဆီ ဂါလန် ခြောက်သန်းခုနစ်သိန်း နီးပါး၊ အောက်တိန်း-၉၅ ဓာတ်ဆီ ဂါလန် တစ်သန်း ခုနစ်သိန်း၊ ပရီမီယံဒီဇယ် ဂါလန် ခုနစ်သန်းတစ်သိန်းကျော် ဖြန့်ဖြူးပေးခဲ့တယ်လို့ ဆိုပါတယ်။ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ခြောက်စီး၊ ပင်လယ်ဝမှာ ဆီတင်သင်္ဘော ကိုးစီး၊ စင်ကာပူကနေ ဆီတင်ပြီး ထွက်လာနေတဲ့ ဆီတင်သင်္ဘော တစ်စီး၊ စုစုပေါင်း ၁၆ စီးရှိနေတာကြောင့် ဆီပြတ်လပ်မှာကို စိုးရိမ်စရာမရှိဘူးလို့ ဦးသန်းဇော်က ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အကြီးအကျယ်တက်ခဲ့တဲ့ စက်သုံးဆီပြဿနာနဲ့ လျှပ်စစ်မီး ပြတ်တောက်လွန်းတဲ့ အခြေအနေတွေကြောင့် ရန်ကုန်မြို့မှာ အထည်ချုပ် လုပ်ငန်း တချို့ ရပ်ဆိုင်းလိုက်ရတယ်လို့ ရန်ကုန်မြို့က အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"တစ်နေ့ကို မီးက လေးနာရီ၊ ငါးနာရီ ပြတ်တယ်ပေါ့နော်။ အခုနေ့ခင်း ၉ နာရီမှာ လာတယ်ဆိုရင် မွန်းလွဲ ၁ နာရီမှာ မီးပြတ်တယ်။ ၁ နာရီထိုးကနေ ညနေ ၅ နာရီထိုး ပြန်လာတယ်။ အလုပ်က တစ်ဝက်ပြီးသွားတယ်။ အခုကျတော့ မဟုတ်တော့ဘူး။ မနက် ၉ နာရီမှာ ပြတ်တယ်၊ ညနေကျ လာချင်လည်း လာတယ်၊ မလာချင်လည်း မလာဘူးဆိုတော့ ဘယ်လိုမှကို မရပ်တည်နိုင်တော့ဘူး။ ထက်ဝက်လောက်ကို ကွာနေတာ။ အခုဆို စက်တွေပါရောင်းဖို့ စီစဉ်နေပြီ"

ပြီးခဲ့တဲ့နှစ်ကတည်းက လေးနာရီ ပြတ်၊ လေးနာရီ လာ၊ အလှည့်ကျ မီးပေးစနစ်ကြောင့် လုပ်ငန်းလည်ပတ်ရာမှာ စက်သုံးဆီသုံး မီးစက်မောင်းပြီး အလုပ်လုပ်ခဲ့ရတာလို့ သူက ဆိုပါတယ်။

"တစ်ခုခု အပြောင်းအလဲလုပ်မယ်ဆို အကျပ်အတည်းတွေမဖြစ်အောင်လို့ ကြိုတင်ပြင်ဆင်မှုအချိန်တော့ ပေးသင့်တယ်လို့ ယူဆတယ်"

စီးပွားရေးကဏ္ဍ လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီဘက်က မူဝါဒ အပြောင်းအလဲတွေ မလုပ်ခင်မှာ လုပ်ငန်းရှင်ကြီးတွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့မယ်ဆိုရင် အခုလို တစ်နိုင်ငံလုံး ဝရုန်းသုန်းကားဖြစ်တာမျိုးတွေကို ရှောင်နိုင်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

"ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ Notice ပေးရမယ်ဗျ။ ကျွန်တော်တို့ ဘယ်လောက် ကာလမှာ ဘယ်လိုလုပ်မယ်ဆိုတာ ပြောရမှာပေါ့။ မပြောတဲ့အကြောင်းလည်း ရှိကောင်းရှိမှာပေါ့။ ဒါကလည်း စီးပွားရေးရှုမြင်တဲ့ဘက်က ပြောတာပေါ့။ သူတို့ဘက်က ဘယ်လိုသုံးသပ်ချက်နဲ့လုပ်လဲ မပြောတတ်ဘူး။ ဒါကတော့ ပေါ်လစီရေးရာကတော့ ပြောရခက်ခဲတယ်။ သူတို့ရဲ့ စီမံခန့်ခွဲမှုက ဘယ်လိုပုံစံနဲ့ သွားနေမှန်းကို မသိတာ။ ကျွန်တော်တို့က အများအမြင်အရ ပြောရင်တော့ တစ်ခုခု အပြောင်းအလဲ လုပ်မယ်ဆို အကျပ်အတည်းတွေ မဖြစ်အောင်လို့ ကြိုတင်ပြင်ဆင်မှုအချိန်တော့ ပေးသင့်တယ်လို့ ယူဆတယ်"

စက်သုံးဆီ ပြဿနာကြောင့် နိုင်ငံတစ်ဝန်း ဈေးမြင့်တက်သွားပေမယ့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ရန်ကုန်မှာ စက်သုံးဆီ တစ်လီတာကို ပျမ်းမျှ ကျပ် ၂၄၀၀ ကျော်၊ ၂၅၀၀ နီးပါးနဲ့ သိပ်အပြောင်းအလဲမရှိတာ တွေ့ရပါတယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံလို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေမှာတော့ တစ်လီတာကို ပျမ်းမျှ ကျပ် သုံးထောင်နီးပါး ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။