လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အတင်းကျပ်ဆုံးဖိနှိပ်ခံနေရ

RFA Burmese
2023.05.09
လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အတင်းကျပ်ဆုံးဖိနှိပ်ခံနေရ နေပြည်တော်တွင် မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်အသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ်၊ မတ်လက တွေ့ရစဉ်။
AFP

၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီလကုန်ထိ တစ်နှစ်ကျော်အတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နဲ့ Telegram စာမျက်နှာတွေမှာ စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင် ရေးသားတဲ့အကောင့်၊ ဒါမှမဟုတ် တခြားသူတွေတင်တာကို ပြန်ဝေမျှတဲ့အကောင့် အနည်းဆုံး ၁၀၅၀ ကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကိုအခြေခံပြီး RFA က လေ့လာတွေ့ရှိရပါတယ်။

အဲဒီထဲကတချို့ အဖမ်းခံရသလို၊ တချို့ကတော့ အဖမ်းမခံရခင် အကောင့်ဖျက်လိုက်ပြီး ရှောင်တိမ်းနေလိုက်တာတွေလည်း ရှိနေပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာလောကက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ များသလို နိုင်ငံတစ်ဝန်းက သာမန်အရပ်သားတွေလည်း ပါဝင်တာတွေ့ရပါတယ်။ အရေးယူခံရတဲ့အကောင့် တစ်ထောင်ကျော်မှာ ၅၀၀ နီးပါးက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက ကိုယ့်ထင်မြင်ယူဆချက်ကို Facebook ပေါ် ရေးတင်ရုံနဲ့ ချက်ချင်းအဖမ်းခံရနိုင်တယ်လို့ Delta News Agency ရဲ့အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။

"Facebook ပေါ်မှာ ကိုယ့်ယူဆချက်ကို တင်ရုံနဲ့အဖမ်းခံရတယ်။ လမ်းသွားလမ်းလာ လူတစ်ယောက်က အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးစစ်ဆေးခံရနိုင်တယ်။ အဲဒီလို စစ်ဆေးခံရတဲ့အခါမှာ သူတို့ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ သိမ်းထားမိတာ ဖြစ်ဖြစ်၊ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ပုံတွေသိမ်းထားခဲ့တာဖြစ်ဖြစ် စစ်တပ်ကို မထောက်ခံတဲ့ ပို့စ်တွေ ရှယ်ထားမိရင်ဆိုရင်တောင် ရိုက်နှက်နှိပ်စက်ခံရနိုင်တယ်။ မတရားပုဒ်မတွေ တပ်ပြီး ထောင်ချခံရနိုင်တယ်။ ဒါမှမဟုတ် ငွေညှစ်ခံရနိုင်တယ်။ ဒါက နိုင်ငံအနှံ့အပြား မှာ ပုံမှန်လိုဖြစ်နေတာ"

အဖမ်းခံရတဲ့နှုန်းကိုလေ့လာကြည့်တဲ့အခါ ၂၀၂၂ ခုနှစ် မေလကနေ ဩဂုတ်လအတွင်းမှာ အများဆုံး တွေ့ရပါတယ်။ အဲဒီနောက် ၂၀၂၃ နှစ်ဆန်းပိုင်းအထိ နည်းနည်းလောက် လျော့ကျသွားပေမယ့် ဧပြီလထဲမှာ ပြန်စိပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကဆိုရင် လူမှုကွန်ရက်စာမျက်နှာမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရတာကိုဝမ်းနည်းတဲ့အကြောင်း ကိုယ့်ရဲ့ပုဂ္ဂလိက ဖေ့စ်ဘွတ်စာမျက်နှာမှာ ကိုယ့်ဘာသာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရန်ကုန်မြို့က သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကို စစ်ကောင်စီကဖမ်းပြီး ပုဒ်မ - ၅၀၅ - က နဲ့ အမှုဖွင့်ထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်လုံးဝမရှိတော့ဘဲ အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက RFA ကို ပြောပါတယ်။

"လွတ်လပ်စွာပြောဆိုခွင့်က မရှိတော့ဘူးပေါ့နော်။ ဒါကတော့ အရှင်းလင်းဆုံး ပြောရရင်တော့ လုံးဝမရှိတော့ဘူး။ Facebook ဆိုတဲ့ဟာက ကျနော်တို့ရဲ့ ကိုယ်ပိုင်စာမျက်နှာလေးတွေလေ။ ကိုယ်ပိုင် အသံလွှင့်လို့ရတဲ့ အသံလွှင့်ရုံလေးတွေ လို့လည်း ပြောလို့ရတယ်။ ဒီအသံလွှင့်ရုံလေးတွေ အပိတ်ခံလိုက်ရတဲ့သဘောလည်း ဖြစ်တာပေါ့နော်"

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် ကွန်ပျူတာဖြင့် facebook အသုံးပြုနေသူတစ်ဦးအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် ကွန်ပျူတာဖြင့် facebook အသုံးပြုနေသူတစ်ဦးအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့ကိုဆန့်ကျင်တဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ အရင်ကရှိထားတဲ့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ - က ကို ပြင်ဆင်တိုးချဲ့ထားသလို၊ ဒီဥပဒေကိုသုံးပြီး ပြည်သူ ထောင်နဲ့ချီ ဖမ်းခဲ့ပါတယ်။ ဦးကျော်မင်းဆွေလို လူသိများတဲ့ သတင်းစာဆရာ တစ်ယောက်ကိုဖမ်းပြီး ဒီဥပဒေနဲ့ အရေးယူတာဟာ လူတွေကိုကြောက်သွားအောင် စစ်ကောင်စီက ခြောက်လှန့်တာလို့လည်း သူကပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် အတော်ကျဉ်းမြောင်း သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတစ်ဦးက ပြောပါတယ်။

"ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅-ကနဲ့ အများပြည်သူအကျိုးဖျက်ဆီးမှု၊ တစ်နည်း အားဖြင့် အများပြည်သူကို ထိတ်လန့်အောင်၊ ကြောက်ရွံ့အောင် ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ စွပ်စွဲပြီးတော့ အရေးယူဆောင်ရွက်တာလုပ်ရင် ဒီကာလမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အခွင့်အရေးတွေကတော့ တော်တော့်ကို ကျဉ်းမြောင်းသွားတာ တွေ့ရပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပြဌာန်းခဲ့တဲ့ နိုင်၊ လွတ်၊ လုံလို့ လူသိများတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကိုလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ဒီအတွက် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးသွားရတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ လူသားတိုင်းအတွက် အခြေခံအကျဆုံး ရပိုင်ခွင့် ဖြစ်တာကြောင့် ဒါကို ပိတ်ပင်တာဆီးတာမျိုးမလုပ်သင့်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"ကိုယ့်ရဲ့ အမြင်သဘောထား၊ ကိုယ့်ရဲ့ မကျေနပ်မှု၊ ကျေနပ်မှု ဒါတွေကိုပြောဆိုပိုင်ခွင့်က ဘယ်အစုအဖွဲ့၊ ဘယ်အစိုးရကမှလာပြီးတော့ တားမြစ်ပိတ်ပင်တာမျိုး မလုပ်သင့်ဘူးပေါ့နော်"

"လူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ အမြင်သဘောထား၊ ကိုယ့်ရဲ့ မကျေနပ်မှု၊ ကျေနပ်မှု ဒါတွေကို ပြောဆိုပိုင်ခွင့်က ဘယ်အစုအဖွဲ့၊ ဘယ်အစိုးရကမှလာပြီးတော့ တားမြစ်ပိတ်ပင်တာမျိုး မလုပ်သင့်ဘူးပေါ့နော်။ လူတွေအားလုံးက တစ်ယောက်ချင်းစီ က ကိုယ့်တာဝန်ကိုယ်ယူပြီးတော့ ပြောကြမယ်၊ ဆိုကြမယ်၊ ဝေဖန်ကြမယ်၊ သုံးသပ်ကြမယ်ပေါ့။ အဲဒီမှာ Hate Speech ဆိုတဲ့ အမုန်းစကားတွေက လွဲလို့ပေါ့"

စစ်ကောင်စီဟာ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလိုဖြစ်အောင်လုပ်နေတာလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက်- BHRN ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

"တိုင်းပြည်တစ်ပြည်မှာရော၊ မိသားစုထဲမှာရော ဘယ်အသိုင်းအဝိုင်းမှာမဆိုပေါ့နော်။ အဆင်မပြေတဲ့ဟာတွေ၊ မှားယွင်းနေတဲ့ဟာတွေ၊ အကျင့်ပျက် ချစားနေတာတွေ၊ တရားဥပဒေကိုချိုးဖောက်နေတဲ့ဟာတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးဆိုရင် ဒါတွေက တိုင်းပြည်က ပျက်သွားမှာပေါ့နော်။ တစ်နည်းအားဖြင့် ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်ကို မြောက်ကိုရီးယားပုံစံမျိုး စစ်တပ်က ဖန်တီးနေပုံရတယ်ပေါ့နော်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ် ပေမယ့် ဖုန်းမကိုင်ပါဘူး။

အရေးယူခံရတဲ့အကောင့်တွေနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အလိုက်ဆိုရင် ရန်ကုန်တိုင်း က ၂၆၇ ဦး၊ မန္တလေးတိုင်းက ၂၂၁ ဦး၊ ပဲခူးတိုင်း အရှေ့ခြမ်းက ၉၃ ဦး၊ မကွေးတိုင်းက ၆၈ ဦး၊ ဧရာဝတီတိုင်းက ၅၆ ဦး၊ ပဲခူးတိုင်း အနောက်ခြမ်းမှာ ၅၁ ဦး၊ တနင်္သာရီတိုင်းမှာ ၄၉ ဦး၊ မွန်ပြည်နယ်မှာ ၄၅ ဦး၊ စစ်ကိုင်းတိုင်းမှာ ၃၉ ဦး၊ နေပြည်တော်မှာ ၃၆ ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၃၁ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၆ ဦး၊ ကချင်ပြည်နယ်မှာ ၂၄ ဦး၊ ကရင်ပြည်နယ်မှာ ၁၉ ဦး၊ ရခိုင်ပြည်နယ်မှာ ၁၂ ဦး၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းမှာ ရှစ်ဦးနဲ့ ချင်းပြည်နယ်မှာ ငါးဦး ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ NUG၊ CRPH အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) ၊ ပုဒ်မ - ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ - ၃၃ (က) အပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အကြိမ်ကြိမ် ထုတ်ပြန်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။