မိုးဗြဲနဲ့ နန်းမယ်ခုံက ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေး ခက်ခဲနေ

2022.03.07
မိုးဗြဲနဲ့ နန်းမယ်ခုံက ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေး ခက်ခဲနေ ကယား (ကရင်နီ) ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် ကလေးငယ်တွေကို ၂၀၂၂၊ မတ် ၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယားပြည်နယ် နန်းမယ်ခုံမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ လကုန်ပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် တောတောင်တွေထဲ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အတော်ခက်ခဲနေပြီလို့ ဒေသခံကူညီရေး အဖွဲ့တွေက RFA ကို ပြောပါတယ်။

မိုးဗြဲမြို့ဟာ ကယားပြည်နယ်ကို ဝင်ပေါက်ဖြစ်လို့ ကုန်စီးဆင်းမှုနဲ့ ပတ်သက်ရင် အဓိက အချက်အချာကျတဲ့ နေရာဖြစ်တဲ့အတွက် တိုက်ပွဲပြင်းထန်တဲ့အခါ လမ်းတွေအားလုံး ပိတ်ကုန်တယ်လို့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

"ရိက္ခာပေါ့။ စားနပ်ရိက္ခာက သိတဲ့အတိုင်း လမ်းကြောင်းတွေပိတ် တိုက်ပွဲတွေဖြစ်တော့ ဝယ်လို့ မရတော့ဘူး။ ပိုက်ဆံရှိရင်တောင်မှ ဝယ်ထားလို့ မရတဲ့အနေအထား ဖြစ်နေတာပေါ့နော်။ ရိက္ခာပြတ်လပ်မှုတွေ တော်တော်လေး ကြုံတွေ့နေရတယ်။ တချို့ကျတော့ အရမ်းအေးတော့ အနွေးထည်၊ စောင် အဲဒါတွေ လိုတယ်။ အခု ပြေးသွားတဲ့သူတွေ တော်တော်များများလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးသွားကြတဲ့သူ တော်တော်များတယ်"

အခု မတ်လဆန်းမှာ တိုက်ပွဲတွေ ခေတ္တငြိမ်နေပေမယ့် မိုးဗြဲမရောက်ခင် ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းလမ်းခွဲ ဂိတ်မှာကတည်းက ကယားပြည်နယ်ကိုသွားမယ့် ကုန်ကားတွေကို စစ်သားတွေက ဖမ်းဆီးစစ်ဆေးတာ၊ ငွေပေးမှ ပြန်လွှတ်ပေးတာတွေ ဖြစ်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့တဲ့ ကားဆရာ တစ်ဦးက RFA ကို ပြောပါတယ်။

"အဓိက ကတော့ အိမ်စီးကားတွေတော့ သွားလို့ရတယ်။ ဒါပေမဲ့ ရိက္ခာတွေ ဘာတွေ ကတော့ မေးတယ်။ စားသောက်ကုန်တွေ တခြားဟာဆို အမေးခံရတယ်။ ကျွန်တော်တို့ ရှေ့က ကားတွေလည်း မပေးလို့ ကားတွေကို ပေးမသွားဘူး အဲလိုပေါ့။ အစား အသောက်တွေ ဆိုရင်လည်း ပေးမသွားဘူး။ ခဏနေ ပြန်အဆင်ပြေသွားတော့၊ အဆင်ပြေတယ်ဆိုတာကလည်း ပိုင်ရှင်က လာပြီးတော့ ဆိုင်ရာဆိုင်ရာနဲ့ ဖုန်းဆက်၊ ပိုက်ဆံတွေ ဘာတွေပေးပေါ့။ အသုံးစရိတ်တွေ ပေးပြီး ပြန်သွားလို့ ရသွားတာတွေ ရှိတယ်။ အဖမ်းခံရတယ်ဆိုတာကလည်း တားဆီးခံရတယ်။ ပြီးရင် ပုံမှန် သုံးသောင်း ပေးချိန်ဆို တစ်သိန်း အဲဒီလိုတော့ ပေးရတာပေါ့"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကနေ ဖေဖော်ဝါရီ လကုန်ပိုင်းအထိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်ဘက်က လေကြောင်းကနေ ၆၉ ကြိမ် တိုက်ခိုက်ခဲ့လို့ ဇန်နဝါရီလထဲမှာ အရပ်သား ၄၉ ဦး၊ ဖေဖော်ဝါရီလမှာ ၂၆ ဦး၊ စုစုပေါင်း ၇၅ ဦး သေဆုံးခဲ့သလို၊ ဘာသာရေး အဆောက်အအုံ ၁၀ လုံးနဲ့ လူနေအိမ် ၆၄၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က မတ်လ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) ကတော့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ တပ်သား ၈၀ လောက် သေဆုံးပြီး သူတို့ဘက်က တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက် ခဲ့သလို၊ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် မိုးဗြဲမြို့အနားက (ဝါရီဆူးပလိုင်ကျေးရွာ၊ နန်းမယ်ခုံမြို့အနီးက ဆင်တောင်ကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာအုပ်စု၊ အိုကေကျေးရွာအုပ်စု၊ ဒေါဘူးကူး ကျေးရွာအုပ်စု၊ ဆောင်ဒူရွာသစ် ကျေးရွာအုပ်စု၊ ဝါသောခူရွာသစ် ကျေးရွာအုပ်စု၊ သေးဆူလဲ ကျေးရွာအုပ်စု၊ ဒေါတော်ကူး ကျေးရွာအုပ်စု၊ နောင်ပုလဲကျေးရွာအုပ်စု စတဲ့) ကျေးရွာ အုပ်စုပေါင်း ၁၀ စုလောက်က ပြည်သူတစ်သောင်းကျော်ဟာ အသက်လုပြီး ထွက်ပြေးရတာကြောင့် စားနပ်ရိက္ခာတောင် မယူနိုင်ခဲ့ကြဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

refugee-in-cave.jpg
ဖရူဆို (ရခီးဘူး) ဒုက္ခသည်စခန်းကို စစ်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရလို့ လှိုင်ဂူထဲပြောင်းနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂၊ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ် (Photo: News Light in Karenni)

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စုမှာ ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခဲ့တာကြောင့် အစား အသောက် မယူနိုင်ဘဲ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ လိုဘာခိုရွာက အမျိုးသားတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ လုံခြုံမယ့်နေရာ မရှိတော့ဘူးထင်တယ်။ ကျွန်တော်တို့ ဂူအပေါက် ဖောက်ပြီး နေရတာတော့ လုံခြုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂူပေါက်လည်း မလွယ် တော့ဘူး။ ဗုံးခိုကျင်းလည်း မလွယ်တော့ဘူး။ အခု လေယာဉ်နဲ့ လာကြဲတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဘယ်နေရာမှ လုံခြုံမှု မရှိနိုင်တော့ဘူး။ ကျွန်တော်တို့ ပြည်သူ အနေနဲ့ကတော့ ကြောက်ရမှာပဲ စိုးရိမ်ရတယ်။ ဘယ်အချိန်လာမလဲ။ ဘယ်အချိန်ထိမလဲ။ ကျွန်တော်တို့ စိတ်က အမြဲပဲ အဲလိုမျိုး ခံစားရတယ်လေ"

ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အများစုက ယာယီဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အနည်းငယ်နဲ့ပဲ ဖြစ်သလို နေထိုင်ရတာကြောင့် ရှေ့လျှောက် ပိုပြီး ကျပ်တည်း လာနိုင်တဲ့အကြောင်း၊ စားနပ်ရိက္ခာတွေကို စနစ်တကျ ထုပ်ပိုး ပြင်ဆင်ထားဖို့ လိုအပ်တဲ့ အကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က မတ်လ ၁ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

"လူကြီးအပိုင်း၊ သက်ကြီးအပိုင်းကို ကြည့်မယ်ဆိုရင် လုံးဝကို နွမ်းပါးနေတယ်။ နောက်ပြီးတော့ အားမရှိဘူး။ မူးဝေနေတယ်ပေါ့"

စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် အာဟာရချို့တဲ့မှုကို ကလေးငယ်တွေရော၊ သက်ကြီးရွယ်အိုတွေပါ ကြုံတွေ့နေရပြီလို့လည်း ကရင်နီပြည် ပြည်သူ့ကောင်စီ (KSCC) လက်အောက်ခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ အဓိက တာဝန်ရှိသူ ကိုဗညားက RFA ကို ပြောပါတယ်။

"တော်တော်များများက စပြောလာပြီ။ ကလေးတွေအတွက် စားစရာ ဘာမှမရှိဘူး ပေါ့နော်။ ကျွန်တော်တို့ တချို့စခန်းမှာဆိုရင် ဒေါလော်စောဘက် ကျွန်တော် သွားတဲ့ အချိန်မှာ ဘာနဲ့ စားလဲဆိုတော့ ပဲကလေးနဲ့ စားတာရှိတယ်။ နောက်ပြီးတော့ ဆားကလေးနဲ့ နောက်ပြီးတော့မှ ငရုတ်သီးပေါ့။ တချို့ဆိုရင်လည်း ငရုတ်သီးမရှိရင် ကျွန်မတို့ ဘာနဲ့ စားရမလဲ မသိတော့ဘူးဆိုတဲ့ အဆင့်အထိ ဖြစ်နေတယ်ပေါ့နော်။ ဒါပေမဲ့ လူကြီးအပိုင်းက တော်တော်လေးကို ကြည့်မယ်ဆိုရင် လုံးဝကို ပင်ပန်းအားငယ် နေတာ။ စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်သလို ကျန်းမာရေးရှုထောင့်ကနေ ခုနက ပြောသလို အာဟာရ မရှိတော့ဘူးပေါ့နော့။ အာဟာရက တော်တော်လေး နည်းသွား တယ်ပေါ့။ အဲတော့ လူကြီးအပိုင်း၊ သက်ကြီးအပိုင်းကို ကြည့်မယ်ဆိုရင် လုံးဝကို နွမ်းပါးနေတယ်။ နောက်ပြီးတော့ အားမရှိဘူး။ မူးဝေနေတယ်ပေါ့။ အမြဲတမ်း တွေ့ရတယ်ပေါ့နော်။ အဲဒါက ဘာကြောင့်လဲဆိုတော့ အာဟာရချို့တဲ့မှုရဲ့ အစတစ်ခုလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်ကနေ အခု၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ၁၀ လနီးပါးအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်း ခုနစ်သောင်း အထိ (၁၇၀,၀၀၀) ရှိလာတယ်လို့လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့အချိန်ကနေ အခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နှစ်ကျော် အတွင်းမှာတော့ တိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၂၂၁ ဦး သေဆုံးပြီး အယောက် ၂၂၀ ဖမ်းဆီးခံထားရတယ်လို့လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။