ကပ်ဘေးကြောင့် ကချင်ဒုက္ခသည်စခန်းမှာ စားသောက်ရေး ပိုခက်ခဲလာ

အဲလိဇဘက်ဂျန်မာ
2020.05.28

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလ ကန့်သတ်မှုတချို့ ဖြေလျှော့လိုက်တာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရသူတွေဟာ  စခန်းပြင်ပထွက်ပြီး အလုပ်လုပ်နိုင်ကြပါပြီ။ ဒါပေမဲ့ အလုပ်အကိုင် အလွယ်တကူ မရနိုင်တာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားသောက်ရေး အခက်အခဲ ရှိနေဆဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကာလအသွားအလာဆင်ခြင်နေကြရလို့ အိမ်တွင်းအောင်းနေရသူ အများ အပြားဟာ အစားအသောက်ကို ခါတိုင်းထက်ပိုပြီး ကောင်းကောင်းမွန်မွန် ထူးထူးခြားခြား ချက်ပြုတ် စီစဉ် စားသောက်နေကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေကတော့ ကပ်ဘေးကာလမှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်ဖို့ အခြေအနေ မပေးပါဘူး။

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေသူတွေဟာ ဝမ်းရေးအတွက်ဖြေရှင်းဖို့ ခက်ခဲနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ရိက္ခာကုန်သွားသူတွေက ချေးငှားပြီး စားသောက်နေကြရတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့က ဆန်၊ ဆီ၊ ဆား ထပ်မံထောက်ပံ့လာမှာကို အားလုံးမျှော်လင့်နေကြရပါတယ်။

"WFP ကတော့ ခြောက်လပိုင်းလဆန်းမှာ ထုတ်ပေးမလားမသိ။ အခုထိ ဘာမှ မကြာသေးဘူး။ ဒါကြောင့်မို့ အခုက တချို့က ငှားစားတဲ့အထိ ရောက်သွားတယ်"

WFP အဖွဲ့က ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲအတွက် ရိက္ခာ သို့မဟုတ် သတ်မှတ်ရိက္ခာကို ဝယ်နိုင်တဲ့ငွေပမာဏ လစဉ်ထောက်ပံ့နေတာပါ။

အခြေခံရိက္ခာ အခမဲ့ရရှိတဲ့စစ်ရှောင်တွေဟာ အဟာရ မျှတအောင် အသီးအရွက်၊ အသားငါး ဝယ်စားဖို့ လိုအပ်ပေမယ့် သူတို့မှာ ဝင်ငွေ မရှိကြပါဘူး။

ကပ်ဘေးကာလ ဒုက္ခသည်တွေထဲမှာ  အမျိုးသမီးတွေရဲ့ အခက်အခဲက ပိုကြီးမားနေတယ်လို့ဆိုပါတယ်။

"အထူးသဖြင့် ဘယ်လိုမျိုးတွေ ပိုခက်ခဲသွားသလဲဆိုတော့ ယောက်ျားသားက မရှိဘူး၊ ကလေးထားပြီး အလုပ်သွားရတဲ့ မိခင်တွေအတွက် ရောဂါကိုလည်း ကာကွယ်ရတယ်၊ စားဝတ်နေရေးအတွက်လည်း ဖြေရှင်းရတယ်၊ အဲဒီလိုမျိုး အမျိုးသမီးတွေအတွက် အများကြီး ပိုပြီးခက်ခဲသွားတာပေါ့"

အစိုးရက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အသွားအလာ ကန့်သတ်မှုဆိုင်ရာ ညွှန်ကြားချက်တချို့ကို မကြာသေးခင်က ဖြေလျှော့လိုက်တာကြောင့် ဝမ်းရေးအတွက် စခန်းအပြင်ထွက်ပြီး နေ့စား အလုပ်လုပ်နေကြသူတွေလည်းရှိနေကြောင်း ဒေါ်ရွယ်ဂျားက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေက ဝမ်းရေးအတွက် အပြင်ထွက်အလုပ်လုပ်နေရပေမယ့် အလုပ်ရရှိဖို့ အခွင့်အရေး နည်းတယ်လို့ဆိုပါတယ်။

"အခုချိန်မှာတော့ ကိုယ်ပိုင်ခြံလုပ်တဲ့အလုပ်နဲ့ တောင်ယာတို့ လယ်တို့ လုပ်တဲ့အလုပ်ကလွဲပြီးမှ အလုပ်ရှာဖို့ အခွင့်အလမ်းက မရှိဘူးလို့ပြောရမှာပေါ့။ နေ့စားသွားတဲ့လူ အယောက်၂၀ လောက်ပဲ ရှိတယ်။ သူတို့လည်း ခင်မင်တဲ့ သူငယ်ချင်းတွေ ခေါ်လို့ သွားတဲ့ဟာမျိုးပေါ့။ ဒါပေမဲ့ နေတိုင်းတော့ မရနိုင်ဘူးပေါ့"


ဒုက္ခသည်တွေဟာ ခြံစိုက်ခင်း၊ ပန်းရံ၊ လက်သမား စတဲ့ နေ့စားအလုပ် ဝင်လုပ်နေကြပြီး တစ်ရက်ကို လုပ်ခ ကျပ်ခြောက်ထောင်ရနိုင်ပါတယ်။ ဒါဟာ သုံးလေးယောက်ရှိတဲ့ မိသားစုအတွက် အသားဟင်းတစ်ခွက် ချက်နိုင်တဲ့ ငွေပမာဏဖြစ်ပါတယ်။

ဝင်ငွေနဲ့ အစားအသောက် ရှာဖွေဖို့ မူလနေရပ်ကို ယာယီပြန်ကြသူတွေလည်း ရှိပါတယ်။

"သူတို့ထားခဲ့တဲ့ရွာကိုသွားပြီးမှ အဲဒီမှာ မီးသွေးလေးတွေ ဖုတ်လိုက်၊ တောထဲက သားကောင်လေးတွေ ရှာလိုက်၊ တချို့က အသီးအရွက်လေးတွေ ရှာလိုက်၊ အဲဒီလိုလေးပဲ ဖြေရှင်းကြတာ"

ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ မြစ်ကြီးနားမြို့က  တိုက်ပွဲရှောင်စခန်းတွေထဲက ၁၄ ခု အတွက် ဆန်အိတ်  ၇၁၄ အိတ် ထောက်ပံ့ခဲ့တယ်လို့  ဧပြီ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ၁၅ ရက်စာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း ထုတ်ပြန်ချက်အရ မြစ်ကြီးနားက ဒုက္ခသည်စခန်း ၂၅ ခု အပါအဝင် ကချင်ပြည်နယ်က စခန်းပေါင်း တစ်ရာကျော်မှာ လူဦးရေ တစ်သိန်းနီးပါး ခိုလှုံနေကြတာပါ။

၂၀၁၁   နှစ်လယ်ပိုင်းက   ပြန်လည်စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်း နေထိုင်သူ အများအပြား နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့အတွက် ဒီစခန်းတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို အားကိုးခဲ့ကြတဲ့အတွက် ဘုရားကျောင်းပရဝုဏ်ဟာ ဒုက္ခသည်စခန်း ဖြစ်လာတတ်ပါတယ်။ လူအများအပြားအတွက် နေရာအကန့်အသတ်ရှိတဲ့အတွက် တနိုင် စိုက်ပျိုးမွေးမြူရေးအတွက် စီစဉ်ပေးဖို့လည်း မလွယ်ကူပါဘူး။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ လောလောဆယ် ဖြစ်မနေဘူး ဆိုပေမဲ့လည်း စစ်ပြေးဒုက္ခသည်တွေတော့ အခုချိန်ထိ နေရပ်မှာပြန်လည်နေထိုင်ဖို့ အခြေအနေ မပေးသေးသလို အာဟာရပြည့်ဝအောင် စားသောက်ရေး အတွက်လည်း အခက်ခဲတွေ ရှိနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။