ရေဘေးသင့်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာနဲ့ စိုက်ပျိုးသီးနှံဆုံးရှုံးမှုတွေ ကြုံနေရ
2023.10.18

အောက်တိုဘာ ဒုတိယပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မြစ်ချောင်းရေတွေ မြင့်တက်လာတာကြောင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ နေပြည်တော် အပါအဝင် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပဲခူးတိုင်း ပဲခူးမြို့နယ်မှာတော့ ရေကြီးရေလျှံမှုဟာ အဆိုးဆုံးဖြစ်ခဲ့တာပါ။ ပဲခူးမြို့ရဲ့ မိုးရေချိန်ဟာလည်း ပြီးခဲ့တဲ့ ၅၉ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က မိုးရေချိန်ဟာ ၇ ဒသမ ၈၇ လက်မထိ စံချိန်တင် မိုးရွာခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
"ဝမ်းချုပ်တာတို့၊ ဘာတို့ ဝမ်းရောဂါတွေဖြစ်တယ်”
အဲဒီနောက် ပဲခူးမြစ်ရေကလည်း စိုးရိမ်ရေမှတ်အထက် လေးပေကျော်အထိ မြင့်တက်ခဲ့ပြီး နှစ်စဉ် ရေဝင်နစ်မြုပ်နေကျ ရပ်ကွက်တွေအပြင် ရေဝင်လေ့မရှိတဲ့ ရပ်ကွက်တွေပါ ရေနစ်မြုပ်ခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူ သုံးသောင်းခန့်ဟာလည်း ကယ်ဆယ်ရေးစခန်း ၄၀ လောက်မှာ နေထိုင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ရေပြန်ကျသွားပေမယ့် ဝမ်းပျက်တာ၊ ဝမ်းချုပ် ဆီးချုပ်ဖြစ်တာ၊ နှာစေး ချောင်းဆိုးနဲ့ ရေဝဲ၊ သဲဝဲစားတာ စတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရတယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
သောက်ရေအတွက် ရေသန့်ဘူး လှူဒါန်းတာတွေရှိပေမယ့် ရေမချိုးရတာ၊ မသန့်ရှင်းတဲ့ ရေတွေထဲမှာ နေရတာကြောင့် အရေပြားရောဂါတွေ အဖြစ်များတယ်လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။
“ကြုံရတယ် ကျွန်တော်လည်း ဝဲစားတာပဲ။ ရေတွေက မသန့်ဘူး၊ ယားတယ်။ အဖုတွေ ထွက်တယ်။ အနီဖုကြီးတွေ တော်တော်ယားတာ အသားတွေက မခံနိုင်အောင်ယားတာ ပေါ့ဗျာ။ မကုတ်လို့လည်း မရဘူး၊ ကုတ်မှရတယ်။ ရေဝဲ၊ သဲဝဲကတော့ ပျောက်သွားပြီ၊ အရေပြားယားတာတော့ ကျန်ခဲ့တာပေါ့။ မပျောက်သေးဘူး၊ အဲဒါကျတော့ နည်းနည်း ကြာတယ်။ တချို့ကျတော့လည်း ကုတ်တာများတော့ အမည်းစက်တွေထင်သွားရော၊ တော်ရုံတန်ရုံ မပျောက်တော့ဘူး။ ပြီတော့ ဝမ်းချုပ်တာတို့၊ ဘာတို့ ဝမ်းရောဂါတွေ ဖြစ်တယ်”
ရေပြန်ကျသွားပေမယ့် ရေဝင်တဲ့ရပ်ကွက်တွေက ရေတွင်းတွေအားလုံး မြုပ်သွားတာ ကြောင့် ရေတွင်းသန့်ရှင်းရေးတွေ ပြန်လုပ်ရပြီး လှူဒါန်းမှုတွေကြောင့် သောက်ရေ အဆင်ပြေပေမယ့် သုံးရေအလုံအလောက်မရှိတဲ့ အခက်အခဲနဲ့လည်း ကြုံနေရတယ်လို့ သူက ဆိုပါတယ်။
ရေပြန်ကျသွားတဲ့အိမ်တွေမှာ နုန်းတွေတင်ကျန်ရစ်ပြီး ရေခဲသေတ္တာ၊ တီဗီ၊ ရေမော်တာစက် စတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတယ်လို့လည်း ပဲခူးမြို့ခံတွေက ပြောပါတယ်။
ပဲခူးမြို့အပြင်ဘက် ပဲခူးမြို့နယ် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုထဲက ရွာတွေကတော့ ရိတ်သိမ်းခါနီး စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးသွားတာကြောင့် ရင်းနှီးထားတဲ့ စိုက်ပျိုးစရိတ်တွေ ဆုံးရှုံးသွားပြီလို့ ဇိုင်းဂနိုင်းကြီးရွာမှာ နေထိုင်တဲ့ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာတွေဘက်ကကျတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဆုံးရှုံးမှုတွေ တော်တော် များသွားတယ်။ တချို့ဆိုရင် ၁၅ ရက်လောက်နဲ့ ရိတ်ရမယ့်စပါးတွေ အကုန်မြုပ်ပြီးတော့ မည်းကုန်တာပေါ့။ ရိတ်ခါနီးတွေ အားလုံးက ပိုက်ဆံ ပြန်ဖြစ်တော့မယ့် အချိန်ပေါ့နော်၊ ရင်းနှီးထားတဲ့ဟာတွေ အကုန်လုံးက ပြန်ပြီးတော့ ရရတော့မယ်အချိန် အဲဒီအချိန်မှာ အကုန်လုံး ဂွမ်းကုန်တာလေ။ ဘယ်လိုဆက်လုပ်ကြမလဲဆိုတော့ ကျွန်တော်တို့က ပြန်ပြီးတော့မှ ပြုပြင်လို့လည်း မရတော့တဲ့အချိန်ဆိုတော့ နွေရာသီ ပဲကိုပဲ စောင့်ရတော့မယ်၊ ဒါကြီးကို ထိုင်ကြည့်နေရုံပဲ ရှိတော့တယ်”
ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုနဲ့ ပဲခူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကလည်း ရေတိုက်စားသွားလို့ လမ်းခင်းထားတဲ့ ဂဝံကျောက်တွေ မျောပါပျက်စီးသွားပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသွားတယ်လို့ သူက ဆိုပါတယ်။
အခု အောက်တိုဘာလအတွင်းမှာပဲ ပဲခူးမြို့နယ် အပါအဝင်၊ တောင်ငူ၊ က၀၊ ဒိုက်ဦး၊ သနပ်ပင်၊ မုန်း၊ သာယာ၀တီနဲ့ လက်ပံတန်းမြို့နယ်တွေမှာလည်း မိုးသည်းထန်ပြီး စပါးခင်းတွေ ရေ၀င်နစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းတိုင်းမှာ ရေဘေးကြောင့် နစ်မြုပ်ပျက်စီးသွားတဲ့ လယ်ဧကသိန်းချီရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပေမယ့် စာရင်းအတိအကျကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။
ကရင်မျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းမှာတော့ ရွာပေါင်း ၁၀ ရွာ ရေကြီးနပ်မြုပ်ခဲ့ပြီး စာသင်ကျောင်း ခြောက်ကျောင်းကို ယာယီပိတ်ထားရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း ၂၆၀ ကျော်ကို ရေပြန်ကျသွားတဲ့အချိန်မှာ သန့်ရှင်းရေးတွေလုပ်ပြီး အောက်ဘိုဘာလ ၁၆ ရက်နေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နိုင်ပြီလို့လည်း ပဲခူးတိုင်းအတွက် ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကတော့ ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေကို ထောက်ပံ့တာတွေ လုပ်ဆောင်ပေးထားပြီး နောက်ဆက်တွဲကူညီမှုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးဆိုရင်တော့လေ ကျွန်မတို့ကတော့ စခန်းရောက် လာလို့ရှိရင်တော့ ဆန်ဖိုးတွေ၊ ရေသန့်တွေ၊ ခြောက်ဆွဲခြောက်တွေ ဒါပေးပြီးသွားပြီပေါ့။ တိုင်းဒေသကြီး၊ မြို့နယ်ရဲ့ ရှာဖွေကယ်ဆယ်ရေး၊ ရှင်းလင်းတာတွေတော့ သူတို့ဟာသူတို့ ဆက်လုပ်ကြရမှာလေ။ တိုင်းဒေသကြီး၊ ခရိုင်တွေ၊ မြို့နယ်တွေမှာ သဘာ၀ဘေးအဖွဲ့တွေ ရှိတယ်။ ရှိတော့ အမှိုက်ရှင်းလင်းတာတွေ နေရာပြန်ချတာတွေကတော့ သူတို့ ဒေသတွေ မှာရှိတဲ့ ဒေသန္တရအာဏာပိုင် အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ လုပ်ရတာ”
ပဲခူးတိုင်းနဲ့ ကပ်လျက်ဖြစ်တဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်ကူး မြို့နယ်တို့မှာလည်း အနိမ့်ပိုင်းကတွေမှာ ရေဝင်နစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို ပရဟိတအဖွဲ့တွေက သောက်ရေနဲ့ အစားအသောက် လိုက်ဝေငှတာတွေက အောက်တိုဘာလ ၁၆ ရက်နေ့ထိ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဗုံးဗြဲမြို့မှာတော့ အောက်တိုဘာ ဒုတိယပတ်မှာ မိုးသည်ထန်စွာရွာသွန်းမှုနဲ့ လောပိတ ရေအားလျှပ်စစ် စက်ရုံအတွက် နွေရာသီရေနည်းချိန်မှာ ရေဖြည့်တင်းပေးဖို့ တည်ဆောက်ထားတဲ့ မိုးဗြဲဆည်က ရေလွှတ်ချမှုတွေကြောင့် ဘီးလူချောင်းရေ မြင့်တက်ခဲ့ပြီး ချောင်းဘေးက စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ်တွေ နေနစ်မြုပ်ခဲ့ပါတယ်။
စစ်ဘေးကြောင့် ရှောင်တိမ်းနေရတဲ့ ဒုက္ခသည် ၅၀၀ လောက် ရေဘေးဒုက္ခကို ထပ်ကြုံရတာလို့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။
“မိုးများပြီး တောင်ကျရေက တစ်ဖက်ပေါ့နော်။ ဘီလူးချောင်းရေကိုလည်း သူတို့ အဆမတန် ဖွင့်ချတာက တစ်ဖက်ပေါ့နော်။ အဲဒါတွေကြောင့် ဘီလူးချောင်းဘေးမှာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေရဲ့ တဲတော်တော်များများ နစ်မြုပ်သွားတာပေါ့နော်။ စပါးခင်းတွေလည်း တော်တော်များများ နစ်မြုပ်တယ်။ ဆုံးရှုံးမှုတွေက များတာပေါ့၊ တချို့တွေက စီးပွားရေးကမကောင်း၊ စစ်ဖြစ်တဲ့ကြားက ရှိမဲ့စုမဲ့နဲ့ စပါးခင်းတွေ ရင်းကြ၊ လုပ်ကြတာပေါ့။ အဲဒီလိုမျိုး ရေကြီးသွားတော့ သူတို့အတွက်က ပိုက်ဆံအများကြီး လျော့ကုန်တယ်”
ဒုက္ခသည်တွေရဲ့ တဲတွေရေမြုပ်ကုန်တာကြောင့်လည်း လတ်တလောမှာ အမိုးအကာတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မတ္တရာမြို့နယ်မှာတော့ ဆည်တော်ကြီးဆည်ကနေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဆည်ရေလွှတ်လိုက်တဲ့အတွက် ဆည်အောက်ဘက်က ရွာ ၁၀ ရွာထက်မနည်း ရေဝင်ရောက်ပြီး လူသုံးသောင်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေ ရေကဝင်နစ်မြုပ်တာ နှစ်ရက်ခန့်ကြာခဲ့ပြီးနောက် အခုလက်ရှိမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီလို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကို ခုခံတွန်းလှန်စစ်တွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ်အတွင်းမှာတော့ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ မူးမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးဝဲယာက စပါးခင်းနဲ့ နှမ်းစိုက်ကွက်တွေ ရေဝင်နစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဒေသမှာတော့ တစ်နှစ်မှာ မိုးရာသီတစ်သီးကိုပဲ အားထားစိုက်ပျိုးရတာကြောင့် တောင်သူတွေအတွက် နစ်နာဆုံးရှုံးမှုတွေများတယ်လို့ ကျွန်းလှမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးက ပြင်းထန်စွာရွာသွန်းတဲ့အခါ မူးရေတိုးနှုန်းမြန်တာပေါ့။ စပါး ဧက ၂၀၀ လောက်နဲ့ နှမ်းဧက ၅၀ လောက် ကျွန်းလှနယ်မှာတော့ မူးကမ်းဘေး ပျက်စီးတယ်၊ ဖုန်းဆက်သွယ် လို့ မရတဲ့ ဒေသတွေကျတော့ ပျက်စီးမှုတွေရှိတယ် သို့သော် မသိရဘူး။ တန့်ဆည်နယ် ကျတော့ စီပတုံးချောင်းရေကြီးမှုကြောင့် သဲဖုန်းသွားပြီးတော့ စပါးခင်းတွေ ပျက်စီးတယ်။ အဲဒီဘက်ဆိုရင် တစ်နှစ်မှ တစ်သီးကိုးဗျ။ ဒီတစ်သီးအားထား ရတဲ့အခါမှာ ဒီတစ်သီးက ပျက်စီးသွားပြီဆိုတော့ ပျက်စီးသွားတဲ့ တောင်သူရဲ့ ဘ၀က တော်တော်နစ်နာတာပေါ့”
တန့်ဆည်မြို့နယ်မြောက်ပိုင်းက ပေါင်ကဒေါင်ချောင်းကူးတံတားဟာလည်း အောက်တိုဘာလ ၁၂ ရက်နေ့ညမှာ ပျက်စီးခဲ့ပြီး၊ ဝက်လက်မြို့နယ်ထဲက ဆည်တောရွာနဲ့ ငါးပတ်ချောင်းရွာကြားက တံတားတစ်စင်းလည်း အောက်တိုဘာ ၁၃ ရက်နေ့မှာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဇယျာသီရိမြို့နယ်ထဲမှာတော့ မိုးသည်းထန်မှုနဲ့ ချောင်းရေမြင့်တက်မှုကြောင့် ဆင်သေချာင်း ကမ်းပါးနံရံတွေပြိုကျတာ၊ ပေါင်းလောင်းမြစ်နဲ့ ဆင်သေချာင်း ရေဆုံကျလို့ စည်ပင်ကြီးရွာထဲက နေအိမ်တွေထဲနဲ့ စပါးခင်းထဲ ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းထဲမှာ ရေကြီးရေလျှံမှုတွေကြောင့် ရပ်နားထားတဲ့ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-မော်လမြိုင် လူစီးရထား ခရီစဉ်တွေကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီလို့ စစ်ကောင်စီပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
ဒီနှစ်မိုးရာသီအတွင်းမှာပဲ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပဲခူးတိုင်းအတွင်း ရေကြီးရေနစ်မြုပ် ခဲ့ပြီး ပဲခူးမြို့ပေါ် ရပ်ကွက် ၁၃ ခုနဲ့ ရွာငါးရွာက လူဦးရေ တစ်သောင်းရှစ်ထောင်ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ကို ယာယီရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
ဩဂုတ်လအတွင်းမှာပဲ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရေကြီး ရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူ တစ်သောင်းခွဲနီးပါးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေက RFA ကို ပြောပါတယ်။