နိုင်ငံတစ်ဝန်းက မြို့နယ် ၁၅ ခုမှာ တိုက်ပွဲဖြစ်ပွားနေ

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လက်နက်ကိုင် ခုခံသူတွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာပဲ တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ စစ်ကြောင်းထိုးမှုနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး ၊ရေဦး၊ မြောင်၊ ပုလဲ၊ မန္တလေးတိုင်း သာစည်၊ မကွေးတိုင်း အောင်လံ၊ ချောက်၊ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မွန်ပြည်နယ် ရေး၊ ရှမ်းပြည်နယ် ကွတ်ခိုင်၊ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်တွေမှာ ပဋိပက္ခတွေဖြစ်ပေါ်နေတာပါ။
"စစ်ဘေးဒုက္ခသည်တွေကတော့ အနောက်ဘက်က ၆,၀၀၀ လောက်ရှိတယ်။ အနောက်ဘက်က ၃,၀၀၀ လောက်ရှိတယ်"
ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သလို နှစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေ စက်တင်ဘာ ၂၄ ရက်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရွာမှာ ဒီလ ၂၃ ရက်က စတင်တဲ့ တိုက်ပွဲက တင်းမာနေတယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကကျတော့ (စစ်ကောင်စီတပ်) သုံးယောက်ကျတယ်၊ နှစ်ယောက် ဒဏ်ရာရတယ်။ မနေ့မနက်က တိုက်ပွဲစဖြစ်တာ။ မနေ့က ညနေအထိက သူတို့ လက်နက်ကြီး ၁၂၀ မမ တွေနဲ့လည်း တအားကြီးကို လိုက်ပစ်ခတ်တာ။ ဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီ တပ်တွေ သွားဝင်နေတဲ့အပေါ်မှာ ကျွန်တော်တို့ လုပ်ရကိုင်ရတာ အားလုံးခက်သွား ပါတယ်။ တောင်ကြာအင်းရွာရဲ့ အကြီးဆုံး ဘုန်းကြီးကျောင်းပေါ့နော်။ ဘုန်းကြီးကျောင်း ကလည်း လူနေအိမ်ကြားထဲမှာပဲလေ။ အခုအချိန်မှာတော့ စောင့်ကြည့်နေတုန်းပဲ တိုက်ပွဲမဖြစ်သေးဘူး။ သူတို့လည်း အပြင်ကို မထွက်ဘူး“
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တောင်ကြာအင်းရွာအနီး နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဒီလ ၂၃ ရက်က သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ်မှာလည်း ခြေမြန်တပ်ရင်း ခမရ ၅၅၉ တပ်စွဲထားတဲ့ ဘုရားကုန်း၊ မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွေ မှာလည်း ဒီလ ၂၃ ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း အဲဒီနေ့မှာပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မြစ်ကြီးနား လေတပ်စခန်း၊ မကွေးတိုင်း၊ အောင်လံမြို့က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၅) နဲ့ ချောက်မြို့နယ်က ရဲစခန်းတွေကို PDF တွေက တိုက်ခိုက်ခဲ့ပါတယ်။
မြောင်မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၃ ရက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ CDSOM ရဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ ဒရုန်းအဖွဲ့ရော၊ မြေပြင်အဖွဲ့ရော နှစ်ဖွဲ့သွားလိုက်တာ ပေါ့လေ။ မြေပြင်အဖွဲ့ကတော့ ဟိုရောက်တဲ့အချိန်မှာ စစ်ကြောင်းကို မမီလိုက်ဘူး။ အဲဒီအချိန် သူတို့ (စစ်ကောင်စီတပ်) ကတော့ မြောင်ဘက်ကို ဆက်တက်သွားပြီ။ မယက (အထွေထွေအုပ်ချုပ်ရေးရုံး) ရုံးပတ်ချာလည်မှာ တချို့ကတော့ မယက ရုံးထဲမှာ ရှိကြတာပေါ့လေ။ အဲဒီအချိန်မှာ ကျွန်တော်တို့က မယက ရုံးထဲရော၊ ရုံးအပြင်တွေရော အကုန်လုံး ဗုံးကြဲချပစ်လိုက်တာပေါ့လေ”
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက မြင်းမူမြို့နယ်မှာ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆ ဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် အခုလို လက်တုံ့ပြန် တိုက်ခိုက်တာလို့ ကိုနွေဦးက ပြောပါတယ်။
ရေဦးမြို့နယ်ထဲမှာတော့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူးသာကုံးရွာနဲ့ ရွာသာလေးရွာက အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရေဦးဒေသခံက ပြောပါတယ်။
"မြို့ပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်တာ၊ ပစ်တော့ မိဿာ (ရွာမိဿာ) နဲ့ ထန်းရွာကြားမှာ တစ်လုံးကျတယ်။ နှောကုန်းနဲ့ ကံပင်ကြားမှာ လေးလုံးကျတယ်။ ရေဦးနယ်တောင်ခြမ်း ရွာသာလေးကိုကျတာက အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူးပေါ့။ ရွာသာလေး ဟိုဘက်ခြမ်း မူးသာကုံးရွာက ၁၉ နှစ် သေဆုံးသွားတယ်။ လက်နက်ကြီး မှန်ပြီးတော့။ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ရေးပစ်မှတ်လို သဘောထားပြီး ပစ်နေတာ"
ရေဦးနဲ့ ထိစပ်နေတဲ့ ခင်ဦးမြို့နယ်မှာလည်း အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခု စစ်ကြောင်းထိုးနေလို့ အရပ်သား ကိုးထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကြာပင်အိုင်၊ သဲကုန်း၊ ညောင်ပင်ကြီးစု၊ မှန်သာလေး (မှန်သာ)၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ မှန်တော်၊ သိမ်တော်၊ ရွှေယမင်း၊ အောင်သာ၊ အင်းပေါက် အဲဒီရွာတွေက ရှောင်နေရပြီ။ အဲဒါက အနောက်ဘက်က စစ်ကြောင်းလေ၊ မြောက်ဘက်က စစ်ကြောင်းကျတော့ မဒေါင်းလှကနေ မြောက်ဘက်သွားတာဆိုတော့ ငကြိုင်း၊ မိုးနှဲ၊ ဆီဆုံလေး၊ နှဲတွင်း၊ အဲဒီဘက်ကရွာတွေ ရှောင်နေရတာပေါ့။ ညကဆိုရင်လည်း မဒေါင်းလှကနေ ကင်းပုန်းတွေ ထွက်ပြီးတော့ ငကြိုင်းရွာက တောင်သူတစ်ဦး ရေယူနေတာကို ပစ်သတ်သွားတယ်။ စစ်ဘေးဒုက္ခသည်တွေကတော့ အနောက်ဘက်က ၆,၀၀၀ လောက်ရှိတယ်။ အနောက်ဘက်က ၃,၀၀၀ လောက်ရှိတယ်"
စစ်ကြောင်းက ငကြိုင်းရွာက အသက် ၃၀ ကျော်အရွယ် လယ်သမားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သိမ်တော်ရွာက ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတယ်လို့ ဆိုပါတယ်။ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာလည်း စစ်ကြောင်းထိုးနေတာကြောင့် လူတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်အရှေ့ပိုင်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မိုင်းယုရွာအုပ်စုမှာတော့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ စက်တင်ဘာလ ၂၃ ရက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၆ သန်း ရှိနေပါတယ်။