ရခိုင်အရေး ကုလမစ်ရှင် အစီရင်ခံစာအပေါ် သုံးသပ်ချက်များ
2018.10.18

မြန်မာ့တပ်မတော်ဟာ စစ်ဆင်ရေးတစ်ခုအသွင်နဲ့ ရခိုင်ပြည်နယ်အတွင်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ တယ်လို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ FFM ရဲ့ အစီရင်ခံစာကို မကြာခင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။
ဒီအစီရင်ခံစာကို ဆွေးနွေးကြတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအနေအထားမျိုးတွေ ရင်ဆိုင်ကြုံတွေ့ရနိုင် သလဲ ဆိုတဲ့အပေါ် လေ့လာသူတွေရဲ့သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြ ထားပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၉ နိုင်ငံက တောင်းဆိုခဲ့လ့ို လာမယ့် သီတင်းတစ်ပတ်အတွင်း ဒီအစီရင်ခံစာကို ကောင်စီမှာ ဆွေးနွေးတော့မှာပါ။
ဆွေးနွေးဖို့ အခုလို တောင်းဆိုခဲ့တဲ့အထဲမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံထဲက အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ မဆွေးနွေးဖို့ မြန်မာဘက်က ကန့်ကွက်ခဲ့ပေမယ့် ဟန့်တားလို့ မရခဲ့ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
“ လကုန် ၂၂ ကနေ ၂၆ ကြားထဲဆွေးနွေးမယ်။ အခုလို ဆွေးနွေးတာဟာ ကျနော်တို့ကို ဖိအားပေးတဲ့ဟာမျိုးပဲ။ ဆုံးဖြတ်ချက်တဲ့ချလာရင် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ လိုက်နာရမယ်ဟာတွေဖြစ်လာမယ်။ ဒါပေမဲ့ အဲဒီလို မချနိုင်အောင် ကျနော်တို့ မိတ်ဆွေနိုင်ငံတွေက ဟန့်တားဖို့ ကျနော်တို့ ပုံမှန်အတိုင်း လုပ်နေကြပါတယ်”
အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံနဲ့ တခြား ၆ နိုင်ငံက ဒီအစီရင်ခံစာကိုဆွေးနွေးဖို့ သဘောတူလက်မှတ်ရေးထိုးထားတာမို့ မြန်မာဘက်က အမြဲရပ်တည်ပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့ဟာ ဒီဆွေးနွေးကြားနာပွဲကို ဗီတိုအာဏာနဲ့ ပိတ်ပင်လို့ မရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
မြန်မာ့တပ်မတော် တာဝန်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့ ဒီအစီရင်ခံစာကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုရလဒ်တွေကြုံတွေ့ ရနိုင်ပါသလဲ ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက အခုလို ပြောပါတယ်။
“ EU ဘက်က နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိလာနိုင်တယ်လို့ ပြောနေတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ဖိအားတွေများလာနိုင်ပါတယ်။ စာမျက် ၄၄၀ ကျော်ရှိတဲ့ ဒီအစီရင်ခံစာကို ကျနော် နည်းနည်း ပါးပါးကြည့်တဲ့အခါ အချက်အလက်တွေ မမှန်ရင်လည်း တစ်ခုချင်းကို ရှင်းသင့်တယ်လို့ထင်တယ်”
FFMရဲ့ အစီရင်ခံစာဟာ တဖက်သတ် စွပ်စွဲချက်တွေဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ပြောထားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မဖြေရှင်းဘဲ ဆက်လက် လျစ်လျူရှုထားမယ်ဆိုရင် ကုလသမဂ္ဂနဲ့ ဆက်ဆံရေးထိခိုက်ရုံသာမက အနောက်အင်အားကြီး နိုင်ငံတွေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပိုင်းတွေမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။
မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ လုံခြုံရေးကောင်စီမှာ ဒီအစီရင်ခံစာကို ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ထိခိုက်မှုကြီးမားနိုင်တာကြောင့် အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ ၁၉၄၈ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲချိန်တန်ပြီလို့ သုံးသပ်ကြသူတွေလည်း ရှိလာပါတယ်။
ကုလသမဂ္ဂနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရမို့ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲဖို့လိုတယ်လို့ ပြောသူထဲမှာ သြစတြေးလျအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသုသေတနပညာရှင် ဦးနိုင်ကိုကို လည်းပါဝင်ပါတယ်။
“ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက စီးပွားရေးကို အခြေခံတဲ့မူဝါဒကို သွားသင့်တယ်။ ကုလသမဂ္ဂနဲ့ ဘယ်လိုဆက်ဆံမယ်။ ရခိုင်ကိစ္စကို ဘယ်လိုဖြေရှင်းမယ်။ ကုန်သွယ်ရေးကိစ္စကိုဘယ်လို ဖြေရှင်းမလဲဆိုတာကို အကြံဉာဏ်တွေရေးဆွဲပြီး လွှတ်တော်ထဲမှာသွားပြော။ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြော၊ နိုင်ငံတော် သမ္မတကြီးကို သွားပြောပြီး နိုင်ငံတော်ရဲ့ Policy ဖြစ်လာအောင်လုပ်ပါ။အဲလိုမဟုတ်ဘဲ မိမိထင်တာတွေ လျှောက်ပြော၊ လျှောက်ရေးနေမယ်ဆိုရင် နိုင်ငံတော်ကို ကိုယ်စားမပြုဘူး။ ဦးသောင်းထွန်း၊ ဦးကျော်တင့်ဆွေ၊ ဦးကျော်တင်ကိုပဲ ကိုယ်စားပြုမယ်”
တပ်မတော်အနေနဲ့ စစ်ဆင်ရေးအဖြစ် အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ FFM ရဲ့ အစီရင်ခံစာဟာ လူအယောက်ပေါင်း ၈၇၅ ဦးကို မေးမြန်းပြီး ပြုစုခဲ့တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်သြဂုတ်လက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးဟာ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေကို မခွဲခြားဘဲ သတ်ဖြတ်ခဲ့မှုတွေပါဝင်ခဲ့ပြီး ဒါတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ် မှုလို့လည်း အစီရင်ခံစာက စွပ်စွဲထားပါတယ်။
မြန်မာပြည်တွင်းက လူအခွင့်အရေးလှုပ်ရှားသူတွေထဲမှာ အစိုးရအနေနဲ့ ဒီကိစ္စတွေကို ကုလသမဂ္ဂမှာ ဖြေရှင်းသင့် တယ်လို့ ယူဆသူတွေရှိပါတယ်။လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းက FFM ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဖြစ်လာတဲ့အပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။
"ကျနော့်အနေနဲ့ကတော့ ဒါဆွေးနွေးသင့်တဲ့ကိစ္စ တိုင်းပြည်အနေနဲ့လည်း ဒါရှက်ဖို့ကောင်းတယ်။ ပြဿနာဖြစ်နေတာကို ဖြစ်နေပါတယ်လို့ မပြောဘဲ ခေါင်းရှောင်တဲ့ကိစ္စတွေကမှ တကယ့်တမ်း ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ ဝေးကွာစေတာ။ ဒါကိုတာဝန်ခံ တာဝန်ယူပြီး ဖြေရှင်းပေးဖို့တော့လိုလိမ့်မယ်။ အစိုးရအနေနဲ့က လာမယ့် ရွေးကောက်ပွဲမှာ မဲမရမှာ နှစ်ဖက်ဆန့်ကျင်ဘက်အဖွဲ့အစည်းက နာမည်တပ်ပြီး ပြဿနာရှာခံရမှာစိုးတာတွေကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်မယ်ဆိုရင် ပြဿနာရှိနိုင်တယ်"
အာဏာရ ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အချုပ်အခြာအာဏာပိုင်နိုင်ငံကို အတင်းအကြပ်ဆောင်ရွက်မယ်ဆိုရင် လက်ခံနိုင်စရာမရှိတဲ့အတွက် မြန်မာနိုင်ငံဘက်က လက်ခံနိုင်မယ့် အနေအထားကို ကုလသမဂ္ဂအနေနဲ့ လုပ်ဆောင်ဖို့လို့တယ်လို့ ပြောပါတယ်။
“အတင်းအကြပ် အမိန့်ပေးလို့ နာခံရတယ်ဆိုတာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအတွက်တော့ ဘယ်လိုမှ သည်းခံနိုင်စရာမရှိပါဘူး။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေဟာ လက်ရှိအစိုးရရဲ့ လုပ်ပိုင်ခွင့်ဘယ်လောက်ရှိတယ်။ ဘယ်လောက် ကျနော်တို့ကိစ္စရပ်တိုင်းမှာ ကျနော်တို့ တာဝန်ယူနိုင်လဲဆိုတာ သူတို့သိပါတယ်။ ကျနော်တို့နိုင်ငံမှာ အမြဲတမ်းရန်ဘက်လိုဖြစ်နေမယ့် လူ့အဖွဲ့အစည်းနှစ်ခု အင်အားသုံးပြီး မဖြစ်မနေလုပ်မယ်ဆိုရင် ဒါကျနော်တို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်သလို အမြဲတမ်းပြဿနာတစ်ခုဖြစ်အောင် မီးမွှေးပေးရာ ရောက်ပါလိမ့်မယ်လို့ ကျနော်သတိပေးချင်ပါတယ်။”
တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ တိုက်ရိုက်မတင်သင့်သေးဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူအခွင့်အရေးဆိုင်ရာ တတိယကော်မတီအဖွဲ့နဲ့သာ ဦးစွာအရေးယူဆောင်ရွက်သင့်တယ်လို့ တင်ပြခဲ့ပေမယ့် ဒီတစ်ခါမှာ အရေးဆိုမှု ရှုံးနိမ့်ခဲ့ပါတယ်ရှင်။