မြန်မာနိုင်ငံနဲ့ ပိုးသတ်ဆေးအန္တရာယ်
2018.10.24
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းစနစ်မမှန်ကန်တဲ့ ပိုးသတ်ဆေးအသုံးပြုမှုအန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ဒါဟာ ပြည်တွင်းပြည်ပက စားသုံးသူတွေအတွက် ကျန်းမာရေးအရ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် လို့လည်း ထောက်ပြထားပါတယ်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော် ကလည်း… မြန်မာနိုင်ငံမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ပညာပေးမှုအပိုင်းရော လုပ်ဆောင်မှုအပိုင်းမှာပါ အားနည်းချက်တွေရှိနေတယ်လို့ ပြောပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
ဟုတ်ပါတယ်….. ကုလသမဂ္ဂရဲ့ Food to Right ဆိုင်ရာ အထူးကိုယ်စားလှယ် Hilal Elverက မြန်မာအပါအဝင် ကမ္ဘာတဝှမ်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ- ပိုးသတ်ဆေးကို လိုအပ်တာထက်ပိုပြီး သုံးနေကြတယ်လို့ နယူးယောက်မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုသတိပေးခဲ့တာပါ။
“ဒါဟာ အင်မတန်မှလေးနက်တဲ့ကိစ္စပါ။ အလေးအနက်ထား ပြင်ဆင်ဖို့လည်းလိုပါတယ်။ ပိုးသတ်ဆေးဖျန်းတာ၊ ဖိတ်စင်တဲ့အကြွင်းအကျန်တွေနဲ့ အလွန်အကျွံသုံးစွဲမှုတွေကြောင့် စားသုံးသူတွေအပေါ် ရိုက်ခတ်မှုတွေလည်းရှိပါတယ်။ မတော်တဆမှုတွေလည်း ကြုံရတတ်ပြီး ဒီမတော်တဆမှုတွေကြောင့် ချက်ခြင်းလက်ငင်း သေဆုံးတာ တွေလည်း ဖြစ်တတ်ပါတယ်။”
အရင်ဆုံး ထိခိုက်ရသူက စိုက်ပျိုးရေးသမားတွေဖြစ်ပြီး၊ စားသုံးသူတွေမှာလည်း ကင်ဆင်လိုရောဂါအပါအဝင် ကျန်းမာရေးပြဿနာမျိုးစုံနဲ့ ကြုံရနိုင်တယ်လို့လည်း သူကပြောဆိုခဲ့တာပါ။ ဒါ့အပြင် ပိုးသတ်ဆေးကြောင့် ကြုံရတဲ့ အကျိုးဆက်တွေက အချိန်ကြာပြီး နှေးကွေးတတ်သလို၊ ကြိုပြီး သိနိုင်ဖို့လည်း ခက်ခဲတာကြောင့် လူတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကတော့ အတော်လေး ကြီးမားတယ်လို့လည်း Mrs. Elver က ပြောဆိုခဲ့ပါတယ်။
တောင်သူတွေအတွက် ပညာပေးရေးအစီအစဉ်တွေမှာ ဦးဆောင်ပါဝင်နေသူတဦးဖြစ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမျိုးအောင်ကျော်က မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ အန္တရာယ်ကင်းရှင်းရေးမှာ စိန်ခေါ်ချက်တွေ အများကြီးရှိတယ်လို့ အခုလို ပြောပါတယ်။“ပိုးသတ်ဆေးတွေကလည်း အမျိုးအစားက အများကြီးခင်ဗျ။ သူတို့အနေနဲ့ သေသေချာချာ ပိုးသတ်ဆေးပေါ်မှာ နားလည်မှု အတိုင်းအတာကတော့ မေးခွန်းမေးစရာပေါ့။ စနစ်တကျ သုံးတဲ့သူက အရမ်းနည်းပါတယ်။ သူတို့အနေနဲ့ မျက်နှာဖုံးတွေ တပ်ရမယ်ဆိုရင်လည်း မတတ်ချင်ကြဘူး။ မျက်လုံးတွေ ကာကွယ်ရမယ်ဆိုရင်လည်း သူတို့က မကာကွယ်ဘူး။ ပြီးရင် အသက်ရှုရတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး သူတို့ ဒီအတိုင်းပဲ သုံးကြတဲ့အခါကျတော့ သူတို့မှာလည်း အန္တရာယ်ရှိတယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီလို သီးနှံ၊ ဒီလို အပင်အတွက်ကို ရိတ်မယ့် သိမ်းမယ့်အချိန် ရောက်လာပြီ၊ ဘယ်လောက်အချိန်ကာလအတွင်းမှာ သုံးလို့ရှိရင် စားသုံးသူဆီ ပါသွားတယ်။ ဒါမျိုးတွေလည်း တော်တော်များများက ဂရုစိုက်မှု အားနည်းတယ်ပေါ့နော်။ အဲဒီအခါကျတော့ အစားသောက်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တော်တော်ကြီးကို စိန်ခေါ်မှု ဖြစ်လာတာပေါ့နော်။”
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေဟာ ပြည်တွင်းမှာတင်မက ပြည်ပကိုလည်း အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။ အခုလို လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ ပိုးသတ်ဆေးကို နည်းစနစ်မမှန်မကန် အသုံးပြုမှုတွေကြောင့် ပြည်တွင်းမှာတင်မက ပြည်ပကစားသုံးသူတွေအတွက်ပါ အန္တရာယ်ရှိတယ်လို့လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် Hilal Elverက ပြောဆိုခဲ့တာပါ။
“ပြဿနာက ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီကို အစားအသောက်တွေ တင်ပို့ကြတာကြောင့် အားလုံးမှာ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲမှုက အန္တရာယ်ပါ။ ဒီအခြေအနေက ကမ္ဘာတဝှမ်း အကျိုးသက်ရောက်မှု ရှိနေတာကြောင့် ပိုပြီးသတိထားသင့်တယ်လို့ ကျမထင်ပါတယ်။”
ဒေါက်တာ မျိုးအောင်ကျော်ကတော့ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ်ချက်တွေရှိပေမယ့် ပညာပေးမှုအပိုင်းရော လုပ်ဆောင်မှုအပိုင်းမှာပါ အားနည်းချက်တွေကတော့ ရှိနေတုန်းပဲလို့ ဆိုပါတယ်။ ဒါတွေကို အပြည့်အ၀ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့က အချိန်အတော်ကြာလိမ့်ဦးမယ်လို့လည်း သူက ပြောပါတယ်။
“အမှန်တကယ် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တဘက်က တိုင်းပြည်တွေမှာဆိုရင် ဒီလိုကိစ္စတွေက အရမ်းကို အလေးအနက် ထားတာပေါ့နော်။ ကျနော်တို့ ဒီဘက်က ပဲတွေ တင်ပို့မယ်ဆိုရင် ဟိုဘက်ကျ အရည်အသွေးတွေ စစ်လိုက်တဲ့အခါကျ ဒါတွေက သူတို့သတ်မှတ်ထားတဲ့ ပမာဏတွေထက် များနေတဲ့အခါကျတော့ ပေးမသွင်းတာမျိုး တွေ ကြုံရတာရှိပါတယ်။ ဒါက နိုင်ငံတကာပေါ့နော်။ ကျနော်တို့တိုင်းပြည်မှာလည်း ဒါက ပြဿနာပဲ။ ပြဿနာ ဆိုတာက ရှင်းရှင်းပြောရရင် စားသောက်ကုန်တွေပေါ့နော်၊ ဥပမာ - ကုလားပဲတို့၊ မြေပဲတို့၊ နောက် ကျနော်တို့ စားသုံးနေတဲ့ ဆီ တို့ ဒီဟာတွေက ဒီတိုင်းပြည်ထဲမှာ သိုလှောင်ထုတ်ပိုးနေတဲ့အခါကျတော့ ဒီဟာတွေကို စားရတာ တဖြေးဖြေး ကြောက်လာတယ်။ လူတိုင်းလူတိုင်းက ကျန်းမာရေးအသိနဲ့ မလုပ်ဘဲနဲ့ ကိုယ့်ပစ္စည်းမပျက်စီးရေး၊ မပျက်စီးတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်နဲ့ တော်တော်များများက လုပ်နေကြတယ်။ အဲဒါကြောင့် ကျနော်တို့ အခုအခါ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရော၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့တွေရော၊ နောက် ပြည်သူတွေရောပေါ့၊ နောက် စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ နောက်ပြီးတော့ FDA လို ကိစ္စမျိုးတွေ၊ ဒီဟာတွေ အကုန်လုံးက အသိပညာတွေ၊ နားလည်သဘောပေါက်မှုတွေကို မြှင့်တင်ဖို့ လိုလာပြီလို့ ကျနော် မြင်တယ်ခင်ဗျ။”
ဥရောပနိုင်ငံတွေဆီ တင်ပို့တဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ နီးပါးရှိပြီး၊ အမေရိကန်ပြည်ထောင်စုကိုတော့ အမေရိကန်ဒေါ်လာသုံး ဘီလီယံနီးပါး တင်ပို့နိုင်ခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီတင်ပို့တဲ့ လယ်ယာထွက်ကုန်တွေထဲမှာ ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်းနဲ့ တခြား အစားအစာမျိုးစုံ ပါဝင်ပါတယ်။
မနေ့ကနယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Mrs. Elverက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူတွေဟာ စားနပ်ရိက္ခာ လုံလောက်မှု မရှိကြဘူးလို့လည်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်ရှင်။