EU လေ့လာရေးအဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံကိုလာရောက်မည်
2018.10.23
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ “ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး” ရုပ်သိမ်းဖို့ သင့်မသင့် လာရောက်လေ့လာမယ့် အဖွဲ့နှစ်ဖွဲ့ဟာ ဒီလကုန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ သိရပါတယ်။ RFA သတင်းထောက် မသက်စုအောင် တင်ပြထားပါတယ်။
----
ဥရောပကော်မရှင်က စေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ဟာ ခရီးစဉ်အတွင်းမှာ အစိုးရဝန်ကြီးဌာနတချို့က တာဝန်ရှိသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။
ဒီခရီးစဉ်အတွင်း တေ့ွဆုံဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံက ရရှိနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းခံရခြေရှိ မရှိအပေါ်မှာ ဆုံးဖြတ်ပေးနိုင်မယ့် အရေးပါတဲ့ တွေ့ဆုံမှုတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်းများအသင်း ဒုတိယဥက္ကဌ ဒေါက်တာအောင်ဝင်းက ဒီတွေ့ဆုံမှုမှာ လက်တွေ့မြေပြင်က အထည်ချုပ်လုပ်ငန်းတွေရဲ့ အခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
"အဓိကကတော့ အထည်ချုပ်က လက်ရှိပေးနေတဲ့ဟာတွေ အလုပ်သမားအခွင့်အရေး အဲဒါတွေ ရှင်းပြမယ်၊ အောက်ခြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့သိချင်လို့ လာတာဆိုတော့ ကျနော်တို့က တကယ် အခြေအနေမှန်ကို ရှင်းပြမှာပေါ့"
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဒီအပေါ်မှာ စုံစမ်းစစ်ဆေးအရေးယူမှုတွေ မရှိလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂ အကြီးအကဲက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတယ်လို့ ဒီလဆန်းလောက်က ပြောကြားခဲ့ပါတယ်။
အဲဒီနောက်ဆက်တွဲအနေနဲ့ လေ့လာဖို့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဖြစ်လာတာပါ။
အီးယူကော်မရှင်က စေလွှတ်တဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာအဖွဲ့တို့ဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီကို မြန်မာနိုင်ငံကနေ တင်ပို့တဲ့ကုန်ပစ္စည်းတွေထဲမှာ အများဆုံးက အထည်ချုပ်လုပ်ငန်း ကဖြစ်ပြီး ဒုတိယနဲ့ တတိယက ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တွေ ဖြစ်ပါတယ်။
အီးယူကသာ ကုန်သွယ်မှုကို ရုပ်သိမ်းလိုက်မယ်ဆိုရင် အဓိကထိခိုက်မယ့်လုပ်ငန်းက အထည်ချုပ် လုပ်ငန်းတွေဖြစ်နေတဲ့အတွက် မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်စေနိုင်တာကြောင့် ဒီအရေးယူမှု မလုပ်ဖို့ တားမြစ်နေသူတွေလည်း ရှိနေပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီ တင်ပို့နေတဲ့ ပို့ကုန်တွေအတွက် အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ ၉၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေဖြစ်ပါတယ်။
သူတို့ကို မှီခိုနေတဲ့ မိသားစုတွေပါ ထည့်တွက်မယ်ဆိုရင် လူဦးရေ နှစ်သန်းခန့် ဒုက္ခရောက်နိုင်တယ်လို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဥရောပကော်မရှင် ဒုဥက္ကဌ မစ္စစ်ဖက်ဒရီကာမော်ဂါရီနီနဲ့ ဘရပ်ဆဲလ်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်အတွင်း သီးသန့်တွေ့ဆုံတုန်းက ပြောကြားခဲ့ပါတယ်။
အီးယူရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းကတော့ အီးယူက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု အထူးအခွင့်အရေး မရုပ်သိမ်းအောင် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ ဝန်ကြီးဌာနကလည်း တွေ့ဖို့ရှိတယ်၊ တွေ့လာတဲ့အခါကြရင်လည်း နှစ်ဖက်ညှိနှိုင်းမှာပါ၊ နှစ်နိုင်ငံအကျိုးတူ ကိစ္စတွေအတွက်ကို ညှိနှိုင်းဆောင်ရွက်ဖြစ်မှာပါ"
အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အပါအဝင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM တို့နဲ့ အီးယူကိုယ်စားလှယ်တွေ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
တွေ့ဆုံမှုမှာ ပါဝင်မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်က သူဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"တွေ့တဲ့အချိန်မှာတော့ ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲရေး ဖြစ်နေတယ်၊ လုပ်နေတယ်၊ ဒါပေမဲ့ မအောင်မြင်သေးဘူး၊ ကြိုးစားနေတယ်၊ သို့သော်လမ်းကြောင်းပေါ် ရောက်နေပြီ၊ အလုပ်သမား အလုပ်ရှင်ကိစ္စလည်း ဆန္ဒပြမှုတွေ အများကြီးရှိနေသေးတယ်၊ နောက်တခါ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကောင်းအောင် လေ့ကျင့်သင်ကြားမှုတွေ ဒိန်းမတ် အစိုးရကလည်း လုပ်ပေးနေတာရှိတယ်။ နောက်တစ်ခါ အလုပ်သမား ဥပဒေ ပြုပြင်ရေးဆိုတာကို အီးယူကပါတယ်၊ အမေရိကန်ကပါတယ်၊ ဂျပန်ကပါတယ်၊ အဲလိုနိုင်ငံတွေပေါင်းပြီး လုပ်နေတာတွေရှိတယ်၊ အဲလုပ်ငန်းတွေ အားလုံးရပ်သွားပါမယ်၊ ရပ်သွားလို့ရှိရင် ကုန်သွယ်ရေးကြောင့် အလုပ်ပြုတ်တာတကဏ္ဍ ဒီလုပ်ငန်းတွေက အကုန်လုံးနောက်ပြန်ဆုတ် ပြီးတော့ နောက်ထပ် နှစ် ၂၀လောက် ရပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် မပိတ်ဆို့ပါနဲ့ ပြောသွားပါမယ်"
အီးယူအဖွဲ့ဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ စီးပွားကူးသန်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စတဲ့ဌာန တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီကိစ္စမှာ အရေးပါတဲ့ ရခိုင်ပြည်နယ်က မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြသွားဖို့ ရှိတယ်လို့ အခုလိုပြောပါတယ်။
"ကျနော်တို့ကနေပြီးတော့ ပြန်လည်လက်ခံရေး ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သက်ဆိုင် တာ အဲဒါလေ၊ ကျနော်တို့ လူကယ်ပြန်က ဒါနဲ့ပတ်သက်ပြီး ကျျနော်တို့လက်ရှိလုပ်ဆောင်ထားတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်နဲ့ တူပါတယ်၊ နောက်တစ်ခုက ကျျနော်တို့ ဆောင်ရွက်နေတာရှိသေးတယ်၊ ရခိုင်ကော်မရှင်၊ ကိုဖီအာနန် ကော်မရှင်၊ အဲဟာအတွက်ကို အင်ပလိမန့် လုပ်တဲ့ကိစ္စတွေမှာ တကယ့်မြေပြင် မှာပြောင်းလဲသော အင်ပလိမန်းတေးရှင်းတွေ ဒါတွေကိုသိချင်လိမ့်မယ်၊ ကျနော်တို့ကလည်း ဒါတွေကို ကြိုးစားဆောင်ရွက်နေတာပဲ၊ အဲဒါကို ရှင်းပြဖို့ပါပဲ၊ အဲဒီအဖွဲ့လာရင် ကျနော်တို့ကို တွေ့ချင်ပါတယ်ဆိုတဲ့ စာတော့ရပြီ၊ အခုလည်း တကယ်ဖြစ်နေတာတွေနဲ့ တကယ်လုပ်နေတာတွေကို ပြောပြသွားမှာပါ"
ဥရောပသမဂ္ဂ အီးယူဟာ နိုင်ငံ ၂၈ နဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံကို လက်နက်ခဲယမ်းကလွဲလို့ ဘယ်ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်ဖို့ ကုန်သွယ်မှု အခွင့်အရေးကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ပေးထားတာဖြစ်ပါတယ်။
ဒီအပေါ်မှာ နိုင်ငံတော်သမ္မတရုံးကလည်း ပြည်သူတွေအပေါ် ထိခိုက်နစ်နာစေမယ့် အရေးယူပိတ်ဆို့မှုတွေ မလုပ်ဖို့ဆိုပြီး အီးယူကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်ရှင်။