EU ကိုယ်စားလှယ်အဖွဲ့နဲ့ ကုန်သွယ်မှုအခွင့်အရေးရုပ်သိမ်းမယ့်အရေး


2018.10.29
eu-flag-622.jpg အီးယူ ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
Photo: Daniel LEAL-OLIVAS / AFP

ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတဲ့ ဥရောပသမဂ္ဂက စေလွှတ်လိုက်တဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာ အဖွဲ့ဟာ ဒီနေ့မှာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကုန်သည်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီကနေ့ မနက်ပိုင်းက အီးယူ အဖွဲ့ဝင်ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားများ အဖွဲ့ချုပ် (AFFM) တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က အီးယူအနေနဲ့ GSP ရုပ်သိမ်းဖို့ စဉ်းစားချက်ကို ကန့်ကွက်ခဲ့တဲ့အကြောင်း တင်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

"စီးပွားရေး အထူးအခွင့်အရေး ပြန်ရုပ်သိမ်းမှာကို ကျနော်တို့လက်မခံပါဘူး၊ ကျနော်တို့ မြန်မာနိုင်ငံ အလုပ်သမားတွေအပေါ်မှာ သက်ရောက်မှုရှိမယ်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အနုတ် လက္ခဏာဖြစ်သွားမယ်ဆိုတာ ကျနော်တို့ သဘောထားပြောပါတယ်၊ စက်မှုကုန်ထုတ်က သူ့ဆီမှာ အထည်ချုပ်က အလုပ်သမားပေါင်း ၄ သိန်းလောက် အလုပ်ပြုတ်သွားမယ်လို့ ပြောပါတယ်၊ ကွန်ရက်ကတော့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို ဒီဖိအားသုံးပြီးတော့ လုပ်ရင် ရမလားဆိုတာ ဆုံးဖြတ်တာရှိတယ်၊ စိုက်ပျိုးရေးကဏ္ဍကတော့ စီးပွားရေးအထူး အခွင့်အရေးပေးတဲ့ အခါမှာ စိုက်ပျိုးရေးကဏ္ဍကို ပေးပါလို့ပြောတာရှိတယ်"

MICS ဒု-ဥက္ကဋ္ဌ ဦးနော်အောင် ကတော့ ပိတ်ဆို့အရေးယူမှုတွေက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်တယ်လို့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

"ကျနော်တို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာလည်း သူ့ဟာနဲ့သူ ခရီးသွားနေဆဲဖြစ်တယ်ပေါ့ဗျာ၊ လိုချင်တဲ့ ပန်းတိုင်တော့မရောက်သေးဘူး၊ သို့ပေမယ့်လည်း သွားနေဆဲဖြစ်တဲ့အတွက်ကြောင့်မို့ သွားနေဆဲဟာ ရပ်တန့်သွားနိုင်တဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းလိုက်မယ်ဆိုရင် အရင်တုန်းက ကြိုးစားခဲ့သမျှတွေအကုန်လုံး သဲထဲရေသွန်ဖြစ်လိမ့်မယ်လို့ အဲဒါကြောင့်မို့ EU အနေနဲ့ အလေးအနက် စဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့ဗျာ"

မြန်မာ့တပ်မတော်နဲ့ အစိုးရဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ကို ပြန်ရုတ်သိမ်းဖို့ သင့် မသင့် ဆုံးဖြတ်ဖို့အတွက် အီးယူက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံကို လာရောက်လေ့လာကြတာဖြစ်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၆-၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်း အတော်များများက ဖိအားပေး လုပ်ဆောင်နေမှုတွေဟာ လျော့ကျမသွားဘဲ တိုးလို့သာ လာနေပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်ထန်ထန် လုပ်ခဲ့တာတွေကြောင့်လို့ စွပ်စွဲချက်တွေနဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရာဇဝတ်ခုံရုံး၊ အမေရိကန်အပါအဝင် အနောက် ဥရောပနိုင်ငံ အသီးသီးတို့က ဒဏ်ခတ် ပိတ်ဆို့အရေးယူတာတွေ လုပ်နေတာပါ။

ဥရောပသမဂ္ဂ အီးယူ က ပိတ်ဆို့မှုကို ချက်ချင်း အကောင်အထည်မဖော်သေးဘဲ လေ့လာတဲ့လုပ်ငန်းစဉ် စတင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ အီးယူကို တင်ပို့တဲ့ကုန်စည်တွေထဲမှာ အထည်ချုပ်လုပ်ငန်းက ၇၀ ရာခိုင်နှုန်းလောက်ပါဝင်နေပြီး ရေထွက်ကုန်တွေလည်း ပါဝင်ပါတယ်။

၂၀၀၃ ခုနှစ် စစ်အစိုးရလက်ထက်တုန်းက အီးယူ ကနေ အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ် GSP ပိတ်လိုက်တဲ့အတွက် အထည်ချုပ် စက်ရုံပေါင်း ၂၀၀ ကျော်ပိတ်လိုက်ရပြီး အလုပ် သမား သိန်းနဲ့ချီကာ အလုပ်လက်မဲ့တွေဖြစ်သွားရပါတယ်။

၁၀ နှစ်ကြာ အရေးယူထားပြီးတဲ့နောက် စစ်အစိုးရလက်ထက်ကနေ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် ဇွန်လမှာ GSP ကို ပြန်လည်ခံစားခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ကုန်သွယ်ရေးပိုင်းမှာ အခုလို အင်အားကြီးနိုင်ငံတွေဖက်က အရေးယူတာတွေရှိလာမယ်ဆိုရင် ပြည် တွင်း ကုန်ထုတ်လုပ်မှုပမာဏ ကျသွားနိုင်သလို အလုပ်လက်မဲ့တွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်တွင်းအဖွဲ့အစည်းတွေက ကန့်ကွက်နေကြတာပါ။

မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေ က  သူ့ အမြင်ကို အခုလိုပြောပါတယ်။

"ကျနော်တို့နိုင်ငံက ဒေသတွင်းမှာ တရုတ်နိုင်ငံတို့ ထိုင်းနိုင်ငံတို့ထက်စာရင် GSP အခွင့်အရေးက ရတယ်၊ အထည်ချုပ်စက်ရုံတွေ လာချုပ်ပြီးတော့ ပို့တယ်ဆိုရင် EU က အခွန်မကောက်ဘူးပေါ့ဗျာ၊ ၇၅ ရာခိုင်နှုန်းလောက် က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့သူတွေက စက်ရုံလာဖွင့်ပြီး ချုပ်နေကြတာပေါ့လေ၊ GSP အခွင့်အရေးကို ဆိုင်းငံ့ခံရမယ်ဆိုရင် ခုနအထည်ချုပ်စက်ရုံတွေက ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ ခက်သွားမယ်ပေ့ါလေ၊ ဒီဟာက မလုပ်ဖြစ်ဖို့ ဝိုင်းပြီးကြိုးစားထဲတော့ပါရမယ်"

အထည်ချုပ်လုပ်ငန်းက အများဆုံးထိခိုက်နိုင်ပြီး ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်း တွေလည်း ထိခိုက်နိုင်သလို သိန်းနဲ့ချီတဲ့ အလုပ်သမားတွေနဲ့ နောက်ကွယ်က မိသား စုဝင်တွေအတွက်လည်း ဒုက္ခရောက်ရမယ့် အခြေအနေဖြစ်နေတာပါ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင်ထားတဲ့ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ နီးပါးရှိပြီး လုပ်သားပေါင်း ၄ သိန်းနဲ့ ၅ သိန်းကြားမှာရှိတယ်လို့ သိရပါတယ်။

အထည်ချုပ်လုပ်ငန်းတွေဆီကို အော်ဒါမှာယူမှုတွေ လျော့ကျသွားနိုင်သလို လုပ်ငန်းတွေ ပိတ်သိမ်းတာ၊ အလုပ်သမားတွေ ဒုက္ခရောက်တာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းက ပြောပါတယ်။

"မမျှတဘူးလို့ပဲ ပြောရမယ် ဘာဖြစ်လို့လဲဆို ကျနော်တို့အစိုးရကို အကျပ်မရိုက်ရိုက်အောင်လုပ်တာပေ့ါ သူတို့ကတော့ လောလောဆယ် စက်ရုံတွေပိတ်သွားမယ် လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်မယ် အလုပ် လက်မဲ့ဖြစ်ရင် အစိုးရကို တစ်စုံတစ်ခုခုများ တောင်းဆိုမလားဆိုတဲ့ သူတို့ရဲ့မျှော်လင့်ချက်လားတော့ မပြောတတ်ဘူးလေ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးဗျ အဲဒါကတော့ ရပ်လိုက်ရင် ရပ်လိုက်ရုံပဲရှိမှာပဲ ကျနော်တို့ အစိုးရကိုလည်း ဘာမှအကျပ်ကိုင်စရာမလိုသလို ဘာမှကို မဆိုင်တာဗျ၊ မတတ်နိုင်ဘူးလေ သူတို့ GSP ရုပ်သိမ်းရင် ရုပ်သိမ်းပေါ့။ ကျနော်တို့ဆီကမှ ဝယ်ချင်တဲ့သူကတော့ ဈေးနဲနဲကြီးသွားမှာပေါ့ ဒါပဲရှိတာ"

ဒီအပေါ်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အီးယူ ကိုယ်စားလှယ်အဖွဲ့တို့ဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စတဲ့ ဌာနတာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စဉ်းစားချက်ဟာ အစိုးရနဲ့ တပ်မတော်အပေါ် တိုက်ရိုက် ထိခိုက်နိုင်မှာမဟုတ်ဘဲ အခြေခံပြည်သူတွေအပေါ်မှာသာ သက်ရောက်မှုရှိမှာဖြစ်တဲ့အတွက် အစိုးရခေါင်းဆောင်ပိုင်းတွေက ပြေလည်စွာနဲ့ ညှိနှိုင်းသင့်တယ်လို့ ပြောကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။