မီးပြတ်မှု နောက်ဆက်တွဲ ပြဿနာ ပြည်သူအတွက် ကြီးမားနေ

2022.03.17
မီးပြတ်မှု နောက်ဆက်တွဲ ပြဿနာ ပြည်သူအတွက် ကြီးမားနေ မီးပြတ်နေသည့် ရန်ကုန်မြို့မှာ ပြေးဆွဲနေသည့် ကားတစ်စီးကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကနေ ဓာတ်အားလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြင်ဆင်၊ ချိတ်ဆက်တာတွေ လုပ်မယ်လို့ ကြေညာထားတဲ့ မတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ တစ်နေ့ကို လျှပ်စစ်မီး ၁၀ နာရီကနေ ၂၄ နာရီ (တစ်ရက်လုံးနီးပါး) ပြတ်တောက်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

RFA နဲ့ ဆက်သွယ် စကားပြောခဲ့တဲ့ မြို့နယ်အစုံက ဒေသခံ ၁၀ ဦးစလုံးက အခုလို မီးပြတ်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြတာပါ။

အချိန်ပိုင်းပဲ မီးပေးနိုင်မယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်းမှာပဲ မီးတောက်လျှောက်ပြတ် တာကြောင့် ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာဆိုရင် ရေတောင်မတင်နိုင်တော့ဘဲ သုံးရေကို ရေကားတွေနဲ့ ရပ်ကွက်ထဲအထိ လိုက်ဝေရတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာဆိုရင်လည်း လျှပ်စစ်မီးလာတဲ့အချိန်ကို စောင့်ပြီး ရေတင်ရတာ၊ ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ အတွက် မီးသွေးမီးဖိုကို သုံးရတာတွေ ပြန်ဖြစ်လာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဒီမတ်လ အစပိုင်းကတည်းက စပြတ်တာ။ ပထမက အဲဒီလောက် မပြတ်ဘူး။ ပြတ် လိုက်တာ ပြတ်လိုက်တာ ဆိုတာ သူတို့ကြေညာထားတဲ့ ရက်ထဲမှာလည်း (မီးပြတ်တာ) ပုံမှန်ပဲ။ အဲဒီလို ပြတ်နေတယ်။ ပြတ်တဲ့ အချိန်ကများတယ်။ လာတဲ့အချိန်က နည်းနေ တယ်။ လာရင်လည်း လာတာမဟုတ်ဘူး။ အခု ပြတ် အခုလာ၊ အခုပြတ်၊ အခုလာ ဆိုတော့ တည်နေတဲ့ ထမင်းအိုးတောင် တည်လို့မရဘူး။ ဟင်းချက်တာကတော့ မီးမရှိတော့ မီးသွေးကို အိတ်ဆွဲဝယ်ပြီးတော့ ချက်နေရတာ"

မီးလာတဲ့အချိန်မှ ရေတင်ရတာကြောင့် လာတဲ့အချိန် ရှိသမျှရေပုံးတွေနဲ့ပါ သိုလှောင်ထား ရတယ်လို့ ဆိုပါတယ်။

"အခုပြတ်၊ အခုလာ ဆိုတော့ တည်နေတဲ့ ထမင်းအိုးတောင် တည်လို့မရဘူး"


မွန်ပြည်နယ်မှာလည်း နေ့တိုင်း မီးပြတ်နေပြီး အရင်ခေတ်ကလို ရေတွင်းကရေကို ခပ်ပြီး သုံးနေရတယ်လို့ မွန်ပြည်နယ်ထဲက ရွာတစ်ရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရေကတော့ မီးလာတာနဲ့ ချက်ချင်းဖြည့်ထားရတာပေါ့နော်။ တစ်ခါတလေကျရင် မေ့သွားတယ်၊ မဖြည့်လိုက်ရဘူးဆိုရင် အခက်အခဲကြုံပြီ။ ဒါပေမဲ့ ကျွန်မတို့ရွာက ရေတွင်းရှိတော့ နည်းနည်း သက်သာသေးတာပေါ့။ ရေတွင်းမှာ ပြန်ခပ်ရတာပေါ့။ ဟိုတုန်းကခေတ်လိုမျိုး ပြန်ရောက်သွားတာပေါ့ရှင်”

သူနေထိုင်တဲ့ ရွာထဲမှာ ရေခဲမုန့်လုပ်ငန်း၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင် စတဲ့ လျှပ်စစ်မီးနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေရှိပြီး လက်ရှိမီးမလာတာကြောင့် ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။

လုပ်သားအများအပြားနဲ့ လည်ပတ်နေရတဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း လျှပ်စစ်မီး အစား မီးစက်ကို အားကိုးနေရပြီး အလုပ်သမား ၁၀၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံ အတွက် တစ်ရက် ဓာတ်ဆီဖိုး ရှစ်သောင်းကျပ် အပိုကုန်ကျနေတယ်လို့ အထည်ချုပ် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက တွေ့ရစဉ်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ညက တွေ့ရစဉ်

လျှပ်စစ်မီး အချိန်ကြာ မလာတာကြောင့် မတ်လထဲမှာပဲ အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းရတယ်လို့ သတင်းတွေထွက်ပေါပြီး တကယ်လည်းဖြစ်နိုင်ခြေတွေရှိနေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“လျှပ်စစ်မီး မမှန်တာက နဂိုတုန်းကလည်း မှန်လားဆို မမှန်ဘူး။ အခုကတော့ ပိုဆိုးတာပေါ့။ ဟိုတုန်းကကျတော့ ဆီနဲ့မောင်းနိုင်တယ်။ အခုကျတော့ ဟိုတုန်းက ဆီဈေးထက် မြင့်တက်သွားတယ်။ အဲဒီအခါကျတော့ သူတို့ရဲ့ အမြတ်အစွန်း နည်းပါးသွားတယ်။ နောက်တစ်ချက်ကလည်း ပိတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထား တာလည်း ဖြစ်ကောင်းဖြစ်မယ်။ နိုင်ငံရေးအခြေအနေအရ၊ စီးပွားရေးအခြေအနေအရ သူတို့လုပ်ငန်းတွေရပ်ဆိုင်းဖို့ စဉ်းစားထားတာ ဖြစ်ကောင်းဖြစ်မယ်။ ဒီအချိန်မှာက အနေအထားတွေက ဘက်ပေါင်းစုံက တွန်းပို့လာတော့ ရပ်ကြတာ ဖြစ်နိုင်တယ်”

စစ်ကောင်စီဘက်ကတော့ ဒီလို လျှပ်စစ်မီးပြတ်တောက်မှုတွေဟာ PDF တပ်ဖွဲ့တွေက လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးတာကြောင့်လို့ စွပ်စွဲထားသလို လက်ရှိ ရွှေကမ်းလွန် စီမံကိန်းမှာ ပိုက်လိုင်းပြင်ဆင်တာတွေ လုပ်ဖို့ရှိတာ ကြောင့်လို့ အကြောင်းပြထားပါတယ်။

အချိန်ပိုင်းပဲ မီးပေးနိုင်မယ်လို့ ကြေညာထားတဲ့ မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အပြီး နောက်ပိုင်းမှာ လျှပ်စစ်မီး ပုံမှန်ပြန်ရနိုင်ဖို့ မသေချာဘူးလို့ ပြည်သူတွေက ပြောကြပါတယ်။
ဒါကြောင့် ဆိုလာ၊ အင်ဗာတာ၊ မီးစက်အပြင် ဖုန်းအားသွင်းဖို့ ပါဝါဘန့် ၊ အားပြန်သွင်း လို့ရတဲ့ မီးလုံးတွေ၊ ထမင်းဟင်းချက်ဖို့ ဂက်စ်မီးဖိုနဲ့ မီးသွေးမီးဖိုတွေ အရောင်းအဝယ် များနေသလို လက်ရှိမှာလည်း အဲဒီပစ္စည်းတွေနဲ့သာ အသုံးပြုနေကြရတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။