ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်
2022.10.28

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပါပြီ။
ဒုက္ခသည်တွေတိုးလာပေမယ့် နိုင်ငံတကာ အကူအညီတွေ ထပ်တိုးမရတာကြောင့် သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တဲ့အတွက် ဒုက္ခသည်အရေအတွက်က တိုးလာတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတာလို့ ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ကညောဖော က ပြောပါတယ်။
“ဒီလိုအပ်တဲ့ ဒေါ်လာ ၁၇ သန်းဆိုတာ ဒုက္ခသည်တစ်ယောက်ကို အများဆုံး သုံးလစာ ထောက်ပံ့နိုင်ဖို့ပဲ တွက်ချက်ထားတဲ့ပမာဏပါ။”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံအခြေစိုက် လူထုအခြေပြုအဖွဲ့ အစည်းတွေက အစားအသောက်တွေ အဓိက ကူညီထောက်ပံ့နေပါတယ်။
၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၂ ဇူလိုင်လအတွင်း ဒုက္ခသည် လေးသိန်းနီးပါးကို အမေရိကန်ဒေါ်လာ ၈.၇ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ နော်ကညောဖောက ပြောပါတယ်။
ဒီထောက်ပံ့မှုတွေက အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီကနေ ရရှိထားတဲ့ အလှူငွေတွေသာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ အကူအညီရဖို့ဆိုရင် ဆွေးနွေးပွဲတွေနဲ့ လုပ်ထုံးလုပ်နည်းတွေက ကြာပြီး အရေးပေါ် ချက်ချင်းလိုအပ်တဲ့နေရာတွေဆီကို မရောက်နိုင်ဖြစ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက် ဒုတာဝန်ခံ စောလေးကပေါ က ပြောပါတယ်။
"လက်ရှိအနေအထားမှာ ဆွေးနွေးပွဲတွေနဲ့ အချိန်ကုန်နေတယ်လို့ မြင်တယ်။ နယ်စပ်မှာ ဒုက္ခသည်တွေ အများ ကြီးရှိတယ်။ သူတို့ကို တစိုက်မတ်မတ် ကူညီဖို့သဘောတူထားတဲ့ အလှူရှင်မျိုး တစ်ယောက်မှမရှိနေဘူး။"
ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကရင်အရပ်ဖက်အဖွဲ့တွေက နယ်စပ်ကနေ အခြေခံစားနပ်ရိက္ခာတွေပို့ဆောင်ဖို့ အခက်အခဲဖြစ်တဲ့နေရာတွေအတွက် ငွေကြေးကိုအဓိကထားထောက်ပံ့ခဲ့တာလို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေနောက်ဆက်တွဲမှာ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးကုန်တဲ့အတွက် စားနပ်ရိက္ခာအကျပ်အတည်းကို ဒီဒုက္ခသည်တွေမလွဲမသွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း စောလေးကပေါက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာကနေ အကူအညီတွေရအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ရသမျှ အလှူရသမျှအားလုံးကို မျှမျှတတဖြစ်အောင် အချိုးကျတွက်ချက်ပြီး တောက်လျှောက် ပံ့ပိုးနေပါတယ်။ ဒါ ကရင်ပြည်နယ်အတွက်လည်း ပါပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ငံတကာ အကူအညီရဖို့လိုတယ်။ အဲ့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ERO အဖွဲ့တွေနဲ့ပူးပေါင်းပြီး အာဆီယံ အပြင်ပေါ့၊ အာဆီယံချည်းပဲ အားကိုးလို့တော့မရဘူး။ တိုက်ရိုက် အာဆီယံကနေ မလွယ်ဘူး။ အာဆီယံကို အလှူငွေထည့်တဲ့ အလှူရှင်နိုင်ငံတွေရှိတယ်။ အဲဒီလိုပဲ တခြား ကျွန်တော်တို့နဲ့ဆက်စပ်နေတဲ့ နိုင်ငံတွေကို တစ်နိုင်ငံပြီး တစ်နိုင်ငံ ကျွန်တော်တို့ တွေ့နေပါတယ်။”
စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ခုနစ်ထောင်နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ နော်ကညောဖောက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ တစ်ထောင်ကျော်ရှိ နေပြီး ဘာအကူအညီမှ မရဘူးလို့ အမည်မဖော်လိုတဲ့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
“၁၀၈၁ ယောက် ကျွန်တော်တို့ စာရင်းကောက်ထားတာ။ အကူအညီကတော့ ဘာတစ်ခုမှ မရသေးဘူး အခုလောလောဆယ်တော့။”
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အာဏာမသိမ်းခင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းနဲ့ လေးသိန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်က သတင်းထုတ်ပြန်ထားပါတယ်။