ဒုက္ခသည်စခန်းမှာမွေးပြီး အမေရိကမှာကွယ်လွန်သွားတဲ့ မောင်ညမွှေး
2024.10.17

(အင်္ဂလိပ်ဘာသာအထူးဆောင်းပါး ဖတ်ရန်)
ကရင်လူမျိုးတွေဖြစ်တဲ့ မောင်ညမွှေးတို့ မိသားစုဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ရွှေ့ပြောင်းနေထိုင်ရေး အစီအစဉ်နဲ့ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ကို မိသားစုလိုက် ရောက်လာခဲ့တာပါ။ အဲဒီအချိန်က မောင်ညမွှေးဟာ ငါးနှစ်သားပဲ ရှိပါသေးတယ်။
"ကျွန်တော်နဲ့ ကျွန်တော့်ဇနီးအတွက် မဟုတ်ပါဘူး၊ ကျွန်တော်တို့သားလေးတွေ အတွက်ပါ။ သူတို့ကို ကျွန်တော်တို့လို ဆင်းဆင်းရဲရဲနဲ့ စာမတတ်ပေမတတ် မဖြစ်စေချင်လို့ ဒီကိုပြောင်းလာခဲ့ကြတာ" လို့ မောင်ညမွှေးရဲ့ဖခင် စောကာလီဝမ်က ပြောပါတယ်။
မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာကြတဲ့ ကရင်လူမျိုး စောကာလီဝမ်နဲ့ နော်ရှီးဝါတို့ဟာ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းမှာ ဖူးစာဆုံခဲ့ပြီး၊ မောင်ညမွှေးတို့ ညီအစ်ကိုသုံးယောက်စလုံးကို ဒုက္ခသည်စခန်းထဲမှာပဲ မွေးဖွားခဲ့တာပါ။ ဒုက္ခသည်တွေကိုထောက်ပံ့တဲ့ စားနပ်ရိက္ခာနဲ့ မိသားစုမလောက်ငတာကြောင့် အန္တရာယ်များတဲ့ တောစပ်ကို သွားအလုပ်လုပ်ရင်း မြေမြှုပ်မိုင်းနင်းမိပြီး ဖခင်ဖြစ်တဲ့ စောကာလီဝမ် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။
ဒုက္ခသည်ဘဝကိုအဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တဲ့အခါမှာလည်း အင်္ဂလိပ်လို မပြောတတ်တဲ့အတွက် အခက်အခဲတွေ့ပြီး၊ ‘လာမိတာမှားပြီလား’ လို့ မိခင်ဖြစ်တဲ့ နော်ရှီးဝါ ခံစားခဲ့ရသလို၊ နှင်းတောထဲမှာ ဆော့ကစား၊ နှင်းတွေကို ရေခဲခြစ်လုပ်စားပြီး ပျော်နေတဲ့ကလေးတွေကို တွေ့ပြန်တော့လည်း ဖြေသိမ့်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မိသားစုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားနေတဲ့ကာလမှာပဲ ကံကြမ္မာဆိုးက မထင်မှတ်ဘဲ မောင်ညမွှေးဆီ ရောက်လာခဲ့ပါတယ်။
ပစ်သတ်ခံရတဲ့နေ့
အသက် ၁၃ နှစ်ကျော်သာ ရှိသေးတဲ့ မောင်ညမွှေးဟာ ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၈ ရက် ည ၁ဝ နာရီကျော်လောက်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ရပ်ကွက်ထဲ စက်ဘီးစီးပြီးဆော့နေချိန် ကင်းလှည့်ရဲကားနှစ်စီးနဲ့ ရောက်လာတဲ့ ရဲအရာရှိသုံးယောက်က သူတို့ကို တားမြစ်စစ်ဆေးတာ ခံခဲ့ရပါတယ်။
"ကျွန်တော်တို့ အပျော်တမ်း ဆော့နေကြတာ၊ သူက ဒီနားလေးမှာပဲ နေတယ်" လို့ မောင်ညမွှေးက သူ့သူငယ်ချင်းကို လက်ညိုးထိုးပြရင်း ရဲတွေကို ရှင်းပြပါတယ်။ အဲဒီနောက်မှာတော့ Bryce Patterson ဆိုတဲ့ ရဲအရာရှိက သူတို့မှာ လက်နက်ပါ၊ မပါ စစ်မယ်လို့ပြောပြီး ကလေးတွေကို လက်မြှောက်ခိုင်းပါတယ်။ မောင်ညမွှေးက အစစ်မခံဘဲ ထွက်ပြေးတာကြောင့် တစ်မိနစ်ကျော်လောက်အကြာမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
"ဘာလို့ ကျွန်မသားကို ဒီလောက်အထိ ပစ်သတ်ရလဲ၊ ရဲတွေကိုမေးချင်တယ်။ အဲဒီနေရာမှာ သူတို့သားသမီး သူတို့ဆွေမျိုးသားချင်းသာဆို ဘယ်လိုနေမလဲ"
"ကလေးတွေ လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ ကျွန်မတို့တတွေ တော်တော်ကြိုးစားခဲ့ရတယ်။ သူတို့ဘဝတွေ ကောင်းစားဖို့ ကျွန်မတို့ တော်တော်ရုန်းကန်ခဲ့ရတယ်" လို့ ငိုကြွေးနေတဲ့ မောင်ညမွှေးရဲ့မိခင် နော်ရှီးဝါက စကောကရင် ဘာသာစကားနဲ့ ပြောပါတယ်။
အဲဒီလို ပစ်သတ်မခံရခင် ဇွန်လ ၂၇ ရက်နေ့ကတော့ မောင်ညမွှေးရဲ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပါလိမ့်မယ်။
မောင်ညမွှေးဟာ ယူတီကာမြို့ ဂျိမ်းစ်ဒိုနိုဗန် အလယ်တန်းကျောင်းကနေ စာမေးပွဲအောင်လို့ ကျောင်းဆင်းပွဲတက်ခဲ့ရပါတယ်။ စက်တင်ဘာလဆန်း ကျောင်းပြန်ဖွင့်တဲ့အခါ အထက်တန်း တက်ရတော့မှာပါ။
ဒါပေမဲ့ အခုတော့ ကျောင်းဆင်းပွဲကအပြန် သားအမိနှစ်ယောက် ပြုံးပြုံးရွှင်ရွှင်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ကျန်ပါတော့တယ်။
မောင်ညမွှေး ပစ်သတ်ခံရပုံက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗီဒီယိုအရ Patterson ဆိုတဲ့ရဲအရာရှိဟာ မောင်ညမွှေးကို ဖမ်းမိသွားပြီး လက်နှစ်ဖက်ကိုချုပ်၊ ခန္ဓာကိုယ်ကို မြေပေါ် မှောက်လျှက်လှဲ၊ ဒူးနဲ့ဖိထားချိန်မှာ Patrick Husnay ဆိုတဲ့ နောက်ထပ်ရဲအရာရှိတစ်ယောက် ရောက်လာပြီး ရင်အုံကို သေနတ်နဲ့ပစ်လိုက်တာ ဖြစ်ပါတယ်။
အခင်းဖြစ်ချိန်က အဲဒီနေရာမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက် တယ်လီဖုန်းကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှာလည်း အဲဒီဖြစ်ရပ်က သက်သေအဖြစ် ကျန်ရစ်နေပါတယ်။
"သတိထားပါ။ ရှင်တို့ကို ဗီဒီယိုရိုက်ထားတယ်" လို့ အဲဒီမျက်မြင်သက်သေက သတိပေးနေတဲ့ကြားကပဲ ရဲအရာရှိက မောင်ညမွှေးကို ပစ်သတ်လိုက်တာပါ။
အခင်းဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့… အဲဒီနေ့ညက ရပ်ကွက်ထဲမှာ လုယက်မှုဖြစ်ခဲ့တာကြောင့် မသင်္ကာသူတွေကို လိုက်စစ်ဆေးရင်း ဒီကလေးနှစ်ယောက်ရဲ့ ဟန်အမူအရာဟာ မသင်္ကာတဲ့သူနဲ့ တူတဲ့အတွက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
မောင်ညမွှေး ထွက်ပြေးချိန်မှာ ရဲတွေကို သေနတ်ထုတ်ပြတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ဟာ ကစားစရာသေနတ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ မောင်ညမွှေးရဲ့ မိသားစုကို အားပေးထောက်ခံသူတွေကတော့ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗီဒီယိုတွေကို ကြည့်ပြီး၊ မောင်ညမွှေးက ရဲတွေကို သေနတ်ထုတ်ပြခဲ့တယ်ဆိုတဲ့အချက်ကို မယုံနိုင် ဖြစ်နေကြပါတယ်။
"သူတို့ ကျွန်မသားကို ဖမ်းပြီးနေပြီ၊ ကြိုးလည်း တုပ်ပြီးပြီ၊ ထိုးလည်း နှစ်ချက်ထိုးပြီးပြီ၊ ကလေးက ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ ဒီအချိန်မှာ ရဲတွေက ဘာလို့ မိဘတွေဆီ မဆက်သွယ်တာလဲ" လို့ မိခင်ဖြစ်တဲ့ နော်ရှီးဝါက မေးခွန်းထုတ်ပါတယ်။
"ရဲတွေအနေနဲ့ ကျွန်မတို့ဆီ ဆက်သွယ်ရမှာလေ။ ကျွန်မသားလေးကသာ အမှားလုပ်တယ်ဆိုရင် ကျွန်မတာဝန်ယူ ဖြေရှင်းနိုင်တယ်၊ သူတို့သာကျွန်မဆီ ဆက်ဖို့လိုတယ်" လို့လည်း ပြောပါတယ်။
နော်ရှီးဝါ ပြောသလို မိဘတွေဆီ ဘာဖြစ်လို့ အကြောင်းမကြားခဲ့သလဲဆိုပြီး ယူတီကာရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့… ကလေးတွေကို စစ်ဆေးမေးမြန်းရင် မိဘတွေဆီကို အမြဲဆက်သွယ်လေ့ရှိပေမဲ့ လမ်းမှာတွေ့လို့ တားပြီး စစ်ဆေးတာမျိုးဆိုရင်တော့ အကြောင်းကြားဖို့ မလိုဘူးလို့ ယူတီကာရဲတပ်ဖွဲ့ပြောခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Michael Curley က အီးမေးလ်ကတစ်ဆင့် ဖြေဆိုပါတယ်။
မောင်ညမွှေး ထုတ်ပြတဲ့သေနတ်ဟာ အရုပ်သေနတ်ဆိုပေမဲ့ Glock လို့ခေါ်တဲ့ တကယ့်သေနတ်နဲ့ တူနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မောင်ညမွှေးမိသားစုရဲ့ ရှေ့နေကတော့ အဲဒီသေနတ်ဟာ မောင်ညမွှေးနဲ့ တော်တော်အလှမ်းကွာတဲ့နေရာမှာ တွေ့တာလို့ ပြောပါတယ်။
ဒေသခံတချို့က သေနတ်အတုကြောင့် မောင်ညမွှေး အပစ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်ကြပြီး ရဲကိုရော ဒီသေနတ်က ဘယ်လောက်ဒုက္ခပေးနိုင်မလဲလို့ မြင်ကြပါတယ်။ ဒါပေမဲ့ ဒေသခံ ကရင်လူမျိုးအများစုနဲ့ တခြားသူတွေကတော့ မောင်ညမွှေးပစ်သတ်ခံရတဲ့အမှုဟာ ဒုက္ခသည်တွေအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံခံရတာလို့ ရှုမြင်ကြပါတယ်။
"သူတို့ (ရဲတွေ) ကို ဦးဇင်းတို့လူမျိုးတွေကို အထင်သေးတဲ့အကြည့်နဲ့ မကြည့်စေချင်ဘူး။ 'နင်တို့ကတော့ ဒီက ဓလေ့ထုံးတမ်းတွေ နားမလည်ဘူး၊ နင်တို့က ဒီက ဥပဒေကြောင်းတွေ နားမလည်ဘူး' ဆိုပြီး အဲဒီလို မထင်စေချင်ဘူး။ ကရင်မှ မဟုတ်ဘူး၊ အာရှသားဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ် ဒုက္ခသည်ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ အထင်မသေးစေချင်ဘူး" လို့ ယူတီကာမှာ သီတင်းသုံးနေထိုင်တာ ဆယ်စုနှစ်တစ်ခုလောက် ကြာနေပြီဖြစ်တဲ့ ဆရာတော် ဦးပညိန္ဒက မိန့်ပါတယ်။
ဒုက္ခသည်တွေကိုချစ်တဲ့မြို့
၁၉၇၀ ပြည့်နှစ်လောက်မှာ လူဦးရေ ဆက်တိုက်ကျဆင်းလာတဲ့ ယူတီကာမြို့လေးဟာ စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေချလာသူတွေကြောင့် ပြန်ပြီးအသက်ဝင်ခဲ့တာပါ။ဘဝသစ် ပြန်လည်ထူထောင်ရေးအတွက် ရောက်လာကြတဲ့ ဒုက္ခသည်တွေဟာ သားသမီးတွေရဲ့ပညာရေးကို အားပေးတဲ့အတွက် ယူတီကာမြို့က စာသင်ကျောင်းတွေ ပြန်စည်ကားလာသလို၊ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်ဝင်လုပ်ကြတာကြောင့် ဒေသစီးပွားရေးလည်း ပြန်လည်ပတ်လာပါတယ်။
ယူတီကာမြို့မှာ ဗီယက်နမ်၊ ဘော့စနီးယား၊ ရဝမ်ဒါ၊ ဆိုမာလီယာ၊ မြန်မာ၊ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေက ဒုက္ခသည် ၁၇,ဝဝဝ လောက်ရှိပါတယ်။ ဒါဟာ မြို့နေလူဦးရေရဲ့ ငါးပုံတစ်ပုံလောက် ဖြစ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေထဲမှာ ကရင်လူမျိုး အယောက် ၈,ဝဝဝ လောက် လက်ရှိနေထိုင်ကြပါတယ်။
ဒါကြောင့် ယူတီကာမြို့ကို 'ဒုက္ခသည်တွေကိုချစ်တဲ့မြို့' လို့ အမေရိကန်သတင်းဌာန အတော်များများက တင်စားရေးသားကြပါတယ်။
မောင်ညမွှေးအတွက် တရားမျှတမှုရရှိဖို့ တောင်းဆိုနေတဲ့ Justice for Nyah Mway အဖွဲ့၊ ကျန်ရစ်သူမိသားစုနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ယူတီကာရဲတပ်ဖွဲ့နဲ့ မြို့တော်ဝန်ရုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုထားကြပါတယ်။
"တော်တော်တော့ခက်တယ်။ ဒီလိုတွေ ပြောလာတဲ့အခါ နားထောင်ချင်ပေမဲ့ တချို့ဟာတွေက မမှန်တဲ့ အခါကျတော့ စကားဆက်ပြောဖို့ ဆိုတာမှာ ပိုခက်လာတယ်" လို့ မြို့တော်ဝန် Mike Galime က RFA ကိုပြောပါတယ်။ ကရင်လူမျိုးတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ ကြိုးစားလုပ်နေတယ်လို့လည်း သူကပြောပါတယ်။
"ညမွှေး အသတ်မခံရခင်ကတော့ အစိုးရနဲ့ ကရင်တွေကြားမှာ ဆက်ဆံရေးကောင်းကြပါတယ်။ ဒါပေမဲ့ အခုလို ညမွှေးလေး ပစ်သတ်ခံရပြီးနောက်မှာတော့ အချင်းချင်းကြား တင်းမာမှုတွေရှိလာတယ်" လို့ ဆရာတော် ဦးပညိန္ဒက မိန့်ပါတယ်။
ရှေ့ဆက်ရဦးမဲ့ တိုက်ပွဲရှည်
၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မောင်ညမွှေးရဲ့မိခင် နော်ရှီးဝါဟာ သားဖြစ်သူသေဆုံးမှုအတွက် ယူတီကာမြို့တော်အုပ်ချုပ်ရေးကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
အဲဒီစာထဲမှာ ရဲတပ်ဖွဲ့က တရားမဝင် တားဆီးမှု၊ အင်အား အလွန်အကျွံသုံးမှု၊ လူမှားယွင်းသေစေမှု အပါအဝင် စွဲချက်ပေါင်း ဒါဇင်ဝက်လောက် ပါပါတယ်။ ဒီလိုစာပေးပို့ပြီး ၁၅ လအတွင်းမှာ မိသားစုဘက်က တရားစွဲခွင့်ရှိတယ်လို့ Daily Sentinel သတင်းမှာ ဖော်ပြပါတယ်။
မောင်ညမွှေးရဲ့ ဈာပနကို ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့ပြီး၊ မိသားစုနဲ့ ရင်းနှီးသူတွေရော မရင်းနှီးသူတွေပါ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ လူပေါင်းတစ်ထောင်လောက် ယူတီကာမြို့က လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
"'ပြန်လာခဲ့မယ်စိတ်ချ'၊ 'အမေ့ကို အရမ်းချစ်တယ်' လို့ ပြောသွားတယ်။ သူက အပြင်သွားတိုင်း ဘယ်သွားသွား 'I love you mom' လို့ ပြောပြီးမှသွားလေ့ရှိတဲ့ ကလေးမျိုး" လို့ မိခင်ဖြစ်တဲ့ နော်ရှီးဝါက RFA ကို ပြောပြပါတယ်။