တစ်ဦးချင်းဝင်ငွေကို အခြေခံမည့် လျှပ်စစ်မီတာခနှုန်းထား
2019.06.14
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ ဂယက်အရိုက်ခတ်ဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ လူတစ်ဦးချင်းဝင်ငွေကို အခြေခံပြီး မီတာခနှုန်းထားပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ်တစ်ခု ပြင်ဆင်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~
တစ်ဦးချင်းဝင်ငွေကို အခြေခံမည့် လျှပ်စစ်မီတာခနှုန်းထား
(ခက်မာ)
■ တစ်ဦးချင်းဝင်ငွေကို အခြေခံပြီး လျှပ်စစ်မီတာခနှုန်းထားကိုပြောင်းလဲကောက်ခံသွားဖို့ပြင်ဆင်ထားပေမယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်က လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှာ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ဝန်ကြီးဌာနရဲ့ လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မီတာခနှုန်းထားပြောင်းလဲသတ်မှတ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အခုလိုဖြေခဲ့တာပါ။
“အခြေခံကျတဲ့လူတန်းစားကိုအခြေခံကျတဲ့အလျောက်၊ လူလတ်တန်းစားကို လူလတ်တန်းစားအလျောက်၊ အထက်တန်းစားကို အထက်တန်းစားအလျောက်၊ သူ့ရဲ့ပေးနိုင်တဲ့စွမ်းအား၊ တဦးချင်းရဲ့ဝင်ငွေ၊ ဒါတွေကို အခြေခံပြီး ကျနော်တို့ ပြောင်းလဲနိုင်အောင်လုပ်ပေးထားပါတယ်။”
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ ပြဿနာဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေအထိ ဂယက်ရိုက်နေတဲ့ ပြဿနာကြီးတခုဖြစ်ပါတယ်။ လျှပ်စစ်မီးမလာလို့ ရေမတင်နိုင်၊ အလွန်ပူပြင်းတဲ့အချိန်မှာ လေအေးစက်မဖွင့်နိုင်လို့ ကျန်းမာရေးထိခိုက်ရတာတွေ၊ မီးအားအတက်အကျဖြစ်၊ ဖျတ်ကနဲပျက်၊ ရုတ်တရက် ပြန်လာလို့ လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေ ထိခိုက်ပေါက်ကွဲတာတွေ၊ လျှပ်စစ်မီးမလာလို့ ကျောင်းသားတွေ စာကျက်ဖို့ အနှောက်အယှက်ဖြစ်ရတာမျိုးတွေဟာ လူတန်းစားပေါင်းစုံကြားက နေ့စဉ်မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပါ။
အခုလို လျှပ်စစ်မီးပြဿနာတွေ စုံလင်နေချိန်မှာ မီတာခနှုန်းထားပြောင်းလဲကောက်ခံမယ်ဆိုတဲ့ လျှပ်စစ်ဝန်ကြီး ဌာနအာဏာပိုင်တစ်ယောက်ရဲ့စကားဟာ လူထုကို ဇဝေဇဝါဖြစ်သွားစေခဲ့ပါတယ်။ ကန်တော်လေးမှာ နေထိုင်တဲ့ မဝါဝါကြည် ကတော့ အခုလိုပဲပြောပါတယ်။
“တဦးချင်းဝင်ငွေဆိုတာ အိမ်တအိမ်မှာ လူ ငါးယောက်ရှိတယ်ပဲထားဦး၊ ငါးယောက်လုံးက အလုပ်ရှိတဲ့သူတွေမှ မဟုတ်တာလေ။ မှီခိုတွေက ရှိသေးတယ်လေ။ သူပြောတဲ့ တဦးချင်းဝင်ငွေဆိုတာ ဘယ်လိုတဦးချင်းဝင်ငွေလဲ၊ ဘယ်ပေါ်မှာအခြေခံလဲတော့ မသိဘူး။”
အဲဒီလိုဇဝေဇဝါစကားတွေကြောင့် ဒေါပုံမြို့နယ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးထွန်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။ သူက ခုလိုရှင်းပြပါတယ်။
“အမှန်တကယ်က မီးသုံးသူတွေရဲ့အခြေအနေကို မူတည်ပြီးတော့မှ ကောက်ခံမှာ။ ဥပမာပေါ့။ ဆင်းရဲတဲ့သူတွေက မီးချောင်းလေးတချောင်းသုံးမယ်။ မီးလုံးလေးတလုံးသုံးမယ်။ မီးဖိုကွိုင်လေးတခု၊ ထမင်းအိုးလေးတလုံး သုံးမယ်။ သူသည် တလကို ယူနစ် ၁ဝဝ၊ ၁၅ဝ ထက်မပိုဘူး။ ယူနစ်အပေါ်မှာ အခြေခံမယ်။ အဲဒါဆိုရင် သူသည် အခြေခံလူတန်းစားဖြစ်တယ်။ သူ့ကိုမနစ်နာတဲ့ဈေးနှုန်းဆိုတာ လက်ရှိကောက်ထားတဲ့ဈေနှုန်း ၃၅ ကျပ်နှုန်းထက် များချင်လည်းများမယ်။ နည်းချင်လည်းနည်းမယ်။ အဲလောက်လေးနဲ့ပဲကောက်မယ်။ အလယ်လတ်တန်းစား အဆင့်ကျတော့ Aircon သုံးနိုင်လာလိမ့်မယ်။ မီးဖိုသုံးမယ်၊ မီးပူတိုက်မယ်။ ထမင်း ဟင်းချက်မယ်။ နောက်ဆုံး လူတန်းစားကတော့ သူဌေးပေါ့။ သူတို့တွေကျတော့ Aircon ကို အခန်းအပူချိန်မကျအောင် တောက်လျှောက် ထားမယ်။ နေပူပူ၊ မိုးရွာရွာ Aircon သည် တောက်လျှောက်သွားနေမယ်။ မီးတွေသည်လည်း အခန်းပြည့်လင်းနေအောင်ထွန်းမယ်။ နောက်ပြီးတော့ စက်မှုလုပ်ငန်းသုံးပေါ့။ အခြေခံကဒါပဲ။ တဦးချင်းဝင်ငွေဆိုတာက မီးသုံးသူရဲ့ယူနစ်ပေါ်မှာမူတည်ပြီး ကောက်ခံမှာကိုပြောတာ။ ကျနော်နားလည်တာတော့ အဲဒီလိုပဲ။”
အဲဒီလို သုံးစွဲမှုယူနစ်အပေါ်အခြေခံမယ်ဆိုရင် အဲဒီစနစ်ဘယ်တော့စမှာပါလဲ။
“မီးမှန်မှန်ပေးနိုင်ရင် ကောက်နိုင်မယ်။ ရေကအဓိက၊ ရေက အထက်ပိုင်းမှာ မိုးမရွာသေးဘူး။ မိုးဇလရဲ့ ခန့်မှန်းချက်အရ အထက်ပိုင်းမှာ ဇူလိုင်လလယ်လောက်မှာရွာမယ်။ ဇူလိုင်လလယ်လောက်ရွာရင် ဆည်ရေတွေ ပြည့်ပြီပေါ့။ အဲဒါဆိုရင် ဇူလိုင်လကုန်လောက်ဆို မီးအမှန်ပြန်ပေးလို့ရပြီပေါ့။”
တကယ်ပဲ အဲဒီစနစ်အလုပ်ဖြစ်မယ်။ လက်တွေ့ကျမယ်လို့ ပြည်သူက ယုံကြည်ပါသလား။
“မီတာခ ဘယ်လိုတိုးကောက်ရမလဲဆိုတာက သူတို့ဘက်ကစဉ်းစားတဲ့အပိုင်းပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က ပြောရမယ်ဆိုရင်တော့ သူတို့ကရော မီးကို ဘယ်လိုအချိန်မှန်အောင်ပေးနိုင်မလဲဆိုတာအပေါ်မှာ မူတည်တယ်။ ပထမတော့ နွေရာသီမို့လို့။ နွေရာသီဆိုရင် မီးပျက်တာ ဒါ..ထုံးစံပေါ့။ ပြည်သူတွေစိတ်ထဲမှာ ဒီလိုတွေးထား တယ်။ နွေရာသီမှာ အရမ်းမီးတွေပျက်တယ်။ ခနခန ပျက်လိုက်။ လာလိုက်။ ပျက်လိုက် လာလိုက်။ တခါတလေ ကျရင် အိမ်က စက်ပစ္စည်းတွေတောင်မှ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ အဖြစ်အပျက်တွေကအများကြီးပေါ့ နော်။ ၁ဝ မိနစ် ၁၅ မိနစ်အတွင်းမှာ အဲလိုလုပ်တဲ့ဟာတွေက။ ခုဆိုမိုးတွေရွာလာပြီ။ မိုးရာသီရောက်လာပြီ။ အဲဟာရော…။ ပျက်တာပဲ။ အဲဒါမျိုးတွေကျတော့ရော သူတို့ဘက်က တဦးချင်းဝင်ငွေနဲ့ ပိုက်ဆံကောက်ပြီးသွား ရင် အဲဒါမျိုးတွေရော ပြင်နိုင်မလားဆိုတဲ့ အချက်တွေအပေါ်မှာလည်း ပြန်မေးစရာရှိတာပေါ့နော်”
နှစ်စဉ်ဝန်ကြီးဌာနက စိုက်ထုတ်သုံးစွဲနေရတဲ့အတွက် လျှပ်စစ်မီခနှုန်းထားတွေကို ပြင်ဆင်ရဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးစိုးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ လောလောဆယ် ဆောင်ရွက်နေတဲ့ အချိန်ပိုင်းအလိုက် မီးအားနဲ့ဝန်အား လျှော့ချနေတဲ့စနစ်ဟာ ထုတ်လုပ်မှုစွမ်းအား အပြည့်အဝ မထုတ်နိုင်သေးတဲ့အတွက်ဖြစ်ပြီး အဲဒီလိုမထုတ်နိုင်သေးတာဟာလည်း နိုင်ငံအနေအထားအရ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးရန်ပုံငွေ အခြေအနေအရဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ပြောပါတယ်။