အလှည့်ကျမီးဖြတ်တဲ့စနစ် လူထုနေ့စဥ်ဘဝကို ဆိုးဆိုးရွားရွား ရိုက်ခတ်

2022.05.16
အလှည့်ကျမီးဖြတ်တဲ့စနစ် လူထုနေ့စဥ်ဘဝကို ဆိုးဆိုးရွားရွား ရိုက်ခတ် လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းခုံးကျော်တံတား အနီးတစ်ဝိုက်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုဆိုးလာပြီး အလှည့်ကျမီးပေးတဲ့ စနစ်ကို စစ်ကောင်စီက စတင် ကျင့်သုံးခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း တစ်နေ့ကို လေးနာရီလာ၊ လေးနာရီ မီးဖြတ်နေတဲ့စနစ်ကြောင့် ပြည်သူအားလုံး နေ့စဥ်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ RFA က ဆက်သွယ် မေးမြန်းခဲ့တဲ့ မြို့နယ်အသီးသီးက ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကလည်း နေ့စဥ် လျှပ်စစ်မီး အချိန်မှန် မရတဲ့အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ရတာတောင် ခက်ခဲပြီး စားရေးသောက်ရေး ဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။

"ထမင်းအိုးပျက်စီးတယ်၊ နောက်ပြီး ဟင်းတွေ၊ ဘာတွေလည်း အချိန်အခါနဲ့ မချက်ရဘူး။ ရေတွေ၊ ဘာတွေလည်း မသုံးရဘူးပေါ့။ ရေတင်မယ်ဆိုတာနဲ့ မီးက ပြတ်တယ်၊ ခါတိုင်းဆိုရင် မနက်ကို ငါးနာရီပျက်ရင် ကိုးနာရီ ပြန်လာတယ်၊ ပြီးရင် တစ်နာရီ ပြန်ပျက်တယ်၊ ညနေ ငါးနာရီပြန်လာတယ်၊ အဲလိုနဲ့ လေးနာရီခြားလာပြီးတော့ မီးပေးတယ်၊ အခုကျတော့ ပုံသေကားကျ မရှိတော့ဘူး၊ ပြတ်ချင်တဲ့အချိန် ပြတ်တယ်၊ လာတာနည်းတယ်၊ ပြတ်တာများတော့ ပျက်စီးမှုတွေ နည်းနည်းများတယ်"

အထပ်မြင့်တိုက်တွေမှာ အများဆုံးနေထိုင်ကြတဲ့ ရန်ကုန်မြို့ဟာ မီးပြတ်တောက်မှု များလာတာကြောင့် စားရေးသောက်ရေးနဲ့ ရေတင်မရတာတွေ စတဲ့ အခြေအနေတွေကို အများဆုံး ရင်ဆိုင်နေရပါတယ်။

အထပ်မြင့်တိုက်တွေမှာ နေတဲ့သူတွေအဖို့ သောက်ရေ၊ သုံးရေ ပြတ်လပ်မှုဒဏ်ဟာ အတော်ဆိုးရွားနေပြီး တစ်ရက်ခြားတစ်ခါ ရေဝယ်သုံးနေရတယ်လို့ ကိုမောင်မောင်အေးက ပြောပါတယ်။

"မီးသတ်ကနေပြီးတော့ ရေကားကြီးတွေနဲ့ အမြင်ကတော့ မီးသတ်ကားတွေက သူတို့က ရေလှူသလို ဘာလိုလိုနဲ့ သေချာစုံစမ်းကြည့်တော့ နှစ်သောင်း အလှူခံတယ်၊ ရေ လိုချင်ရင် သူတို့ကို အကြောင်းကြား၊ လာပို့ပေးတယ်၊ တစ်တိုက်ကို နှစ်သောင်း။ သူတို့ပါတဲ့ ဂါလန် ခြောက်ထောင်နဲ့ နှစ်တိုက်ပေးရင် လေးသောင်း၊ သူတို့ပြောတာတော့ ဆီဖိုးပဲလို့ ပြောတယ်၊ ဒါတွေက ထိရောက်မှုမရှိဘူးလေ။ တကယ်တမ်း အရေးကြီး တာက မီးမလာလည်း ရေလာတဲ့ ပုံစံမျိုးဆို လူတိုင်းက တစ်အိမ်နဲ့တစ်အိမ် မီးစက်လေး တွေနဲ့ ရေမောင်းတင်တဲ့အခါကျတော့ မျှပေးလို့ရတာပေါ့၊ အခုက ရေရော၊ မီးရော ဖြတ်တယ်၊ ပြည်သူတွေကို ညှဥ်းပန်းနှိပ်စက်နေသလိုပဲ။ ဆောင်ရွက်နေတဲ့ ဒီစစ်ကောင်စီကတော့ ပြည်သူတွေရဲ့ နာကြည်းမှု၊ ပေါက်ကွဲမှုအခြေအနေကို ကြားရဦးမှာပါ"

ရန်ကုန်မြို့တွင်း နေထိုင်သူတွေ အားထားအသုံးပြုရတဲ့ ဂျိုးဖြူနဲ့ အဝီစိရေဟာ မီးလာမှပဲ ရေတင်လို့ရတာကြောင့် အခုလို အခက်အခဲတွေ ရင်ဆိုင်ရတာပါ။

လျှပ်စစ်မီးကို အဓိကအားထားပြီး အသုံးပြုနေရတဲ့ အသေးစားအိမ်တွင်းမှု လက်မှု လုပ်ငန်းရှင် တစ်ဦးကလည်း ဒီရက်ပိုင်း မီးပြတ်တောက်တွေ များတဲ့အတွက် ၁၅ ရက်ကျော် လုပ်ငန်းရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။

"ပိတ်စတွေကို ဖြတ်တယ်၊ ပြီးတော့ ချုပ်တဲ့လူတွေဆီကို တစ်ဆင့်ပြန်ပေးရတယ်၊ ချုပ်တဲ့သူကလည်း မီးလာမှ လုပ်လို့ရတယ်၊ ကျနော်တို့ ကွာလတီမီဖို့အတွက်ကို မော်တာစက်တွေနဲ့ လုပ်တဲ့အတွက်ကြောင့်မို့လို့ မီးလာမှ အလုပ်လုပ်လို့ရတယ်၊ ချုပ်လုပ်ပြီးတဲ့ဟာကို တပ်ဆင်တာရှိတာပေါ့၊ တပ်ဆင်တဲ့ဟာကလည်း ကော်တွေ၊ ဘာတွေနဲ့ ကပ်ရတဲ့အခါကျတော့ အဲဒါတွေလည်း မီးနဲ့ပဲ သုံးရတာလေ။ မီးလာမှသုံးရ၊ တပ်ဆင်လို့ ရတယ်ဆိုတော့ ပစ္စည်းတစ်ခုကို ထွက်ဖို့ အရမ်းခက်ခဲကုန်တာပေါ့။ အရင်တုန်းကဆို တစ်ရက်ကိုလုပ်ရင် အခုတစ်ထောင်ဝန်းကျင် ထွက်တာပေါ့။ အခုက တစ်ထောင်လောက်ထွက်ဖို့ကို လေးရက် သို့မဟုတ် ငါးရက်လောက် လုပ်နေရတော့ အကုန်လုံး အခက်အခဲတွေ ဖြစ်ကုန်တယ်"

electricity-cutout-ygn-tarmwe.jpg
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်မြို့ တစ်နေရာကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

လျှပ်စစ်မီးအစား မီးစက်အစားထိုးပြီး လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားပေမယ့် ဓာတ်ဆီ ဈေးနှုန်း မြင့်နေလို့ လုပ်ငန်းခေတ္တရပ်နားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

တချို့ရက်တွေမှာ တစ်နေ့လုံး မီး နှစ်နာရီနီးပါးပဲလာပြီး မီးလာရင်လည်း မီးအား မပြည့်တာကြောင့် ရေခဲသေတ္တာ၊ တီဗွီ၊ ထမင်းပေါင်းအိုး၊ အဲကွန်း စတဲ့ ပရိဘောဂ ပစ္စည်းတွေ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လျှပ်စစ်ကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားပြီး သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်နိုင်တဲ့ နည်းလမ်း၊ နေရောင်ခြည်စွမ်းအင်သုံးနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို အမြန်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်သလို နေရောင်ခြည်စွမ်းအင် စီမံကိန်းနှစ်ခုကိုလည်း အကောင် အထည် ဖော်နေတယ်လို့ RFA ကို ပြောပါတယ်။

စစ်ခေါင်းဆောင်တွေရှိတဲ့ နေပြည်တော်မှာတော့ နေ့ရော၊ ညပါ လျှပ်စစ်မီး ပြတ်တောက်မှု မရှိပါဘူး။ နေပြည်တော်ကလွဲပြီး နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်မီးပြဿနာ ကြုံနေရတာပါ။

ရန်ကုန်မြို့ရဲ့တစ်နေ့တာ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးဝန်အားဟာ ၁၈ဝဝ မဂ္ဂါဝပ်ရှိပေမယ့် လက်ရှိအချိန်မှာတော့ ၁ဝဝဝ မဂ္ဂါဝပ်ပဲ ဓာတ်အားပေးနိုင်ပါတယ်။

မကြာခင် မိုးရာသီကာလရောက်တော့မှာဖြစ်တဲ့အတွက် လျှပ်စစ်မီးကို ဝန်အားအပြည့်နဲ့ ဖူဖူလုံလုံပေးနိုင်တော့မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အင်ဂျင်နီယာချုပ် ဦးကျော်သူက ပြောပါတယ်။

"မေလထဲ ဝင်လာပြီပေါ့။ အလွန်ဆုံး မေလကုန်၊ ဇွန်လအလယ် အလွန်ဆုံး မှန်းတာပါ။ အဲလောက်ထိကတော့ နည်းနည်းလေး သည်းခံပြီး သုံးပေးကြပါ၊ ကိုယ်မလိုအပ်တဲ့ မီးလေးတွေ ပိတ်ထားပေးကြပါ၊ အရေးကြီးတဲ့ နေရာတွေကိုပဲ ဓာတ်အားသုံးစွဲပေးကြပါ။ ကျနော်တို့ အနေနဲ့ကတော့ အခုရရှိတဲ့ လေးနာရီပေး၊ လေးနာရီပြတ် အစီအစဉ်ကိုတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားပါမယ်၊ တစ်ဖက်ကလည်း ဓာတ်အားစနစ် ကလည်း ဒီအတွက်ကို ထပ်မံပြီးတော့ ဖြည့်စွက်ဆောင်ရွက်ပေးနေပါတယ်၊ တချို့ ရက်ပိုင်းတွေမှာ ကျနော်တို့ရဲ့ ဟိုက်ဒရိုပါဝါတွေ အရေးကြီးတဲ့ Shutdown လုပ်ရရင် တောင် တခြားစက်တွေနဲ့ အစားထိုးပြီးတော့ နည်းနည်းပြန်ပေးခြင်းမျိုးကို ဆောင်ရွက် ပြီးတော့ ပြည်သူတွေ အစဉ်မပြတ် ဓာတ်အားရရှိရေး၊ မဖြစ်မနေ သုံးရမယ့်နေရာတွေကို ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးနေတယ်လို့ပဲ ပြောချင်ပါတယ်"

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လျှပ်စစ်မီတာကြေး မဆောင်တဲ့ လှုပ်ရှားမှုလည်း ရှိခဲ့ ပါတယ်။ ဒီလှုပ်ရှားမှုကြောင့် မီတာခ မဆောင်တဲ့ နေအိမ်တွေနဲ့ တိုက်ခန်းတွေကို စစ်ကောင်စီက မီတာဖြုတ်သိမ်းတာတွေလည်း လုပ်ဆောင်နေပါတယ်။

"သင်္ကြန်တုန်းကတော့ မီးအားအပြည့်လာတယ်၊ အဲဒီအချိန်မှာ တစ်နေ့လုံး မပြတ်ဘူး"

ဓာတ်အားထုတ်လုပ်မှု လျော့ကျလာတာကြောင့် အလှည့်ကျ မီးပေးစနစ်ကို ကျင့်သုံးတာလို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုထားပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီကို မီတာခ မဆောင်ခြင်းနဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေကို တမင် လျှပ်စစ်မီး ဖြတ်တောက်တာလို့ ယူဆကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ဦးက ယူဆပါတယ်။

"သင်္ကြန်တုန်းကတော့ မီးအားအပြည့်လာတယ်၊ အဲဒီအချိန်မှာ တစ်နေ့လုံး မပြတ်ဘူး၊ ရေသဘင်ကစားနေတဲ့အတွက် ရေ Supporting လုပ်တာလား၊ မီး Supporting လုပ်တာလား မသိဘူး။ အဲဒီအချိန်ကတော့ သင်္ကြန်ကာလမှာ မီးတော်တော်မှန်ပါတယ်။ အခုနောက်ပိုင်းမှာတော့ လေးနာရီလာ၊ လေးနာရီပြတ်၊ ပြတ်မယ်ဆိုရင်လည်း လေးနာရီမထိုးခင်ကတည်းက ပြတ်သွားရော၊ လာလို့ရှိရင်တော့ မီးအားအပြည့် ပေးလို့ရပါတယ်၊ စစ်ကောင်စီက မီးကိုထိန်းချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်မှာပါ"

နိုင်ငံတစ်ဝန်းမှာ အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါး ရှိတဲ့အထဲက လျှပ်စစ်အားသုံးစွဲတဲ့ အိမ်ထောင်စုပေါင်း ခုနစ်သန်းနီးပါးရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ရန်ကုန်လူထုကတော့ လျှပ်စစ်မီးပုံမှန်မရတဲ့ ပြဿနာကြောင့် နေ့စဉ်လူမှုဘဝ ထိခိုက်မှုတွေက နေစဉ်ကြုံနေရတာကို စိတ်ပျက်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။