၂၀၂၃ မှာ ရွေးကောက်ပွဲသစ် ဖြစ်လာရင်တောင် လွတ်လပ်မျှတမှု မရှိနိုင်ကြောင်း လေ့လာသူတွေပြော

2022.09.26
၂၀၂၃ မှာ ရွေးကောက်ပွဲသစ် ဖြစ်လာရင်တောင် လွတ်လပ်မျှတမှု မရှိနိုင်ကြောင်း လေ့လာသူတွေပြော ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲအတွက် နေပြည်တော်ရှိ မဲရုံတစ်ရုံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲပေးခဲ့စဉ်။
Photo: THET AUNG / AFP

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဲဒီကာလပြီးရင် နောက်ထပ် သက်တမ်းတိုးလို့မရတော့ဘဲ ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပုဒ်မ - ၄၂၆ အရ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီကနေ အာဏာသုံးရပ်ကို ပြန်ယူပြီး နောက်ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၄၂၉ မှာ ရေးထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ အားသွန်ခွန်စိုက် လုပ်နေသလို တစ်ဘက်မှာလည်း နိုင်ငံနဲ့အဝှမ်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အခုလို တိုင်းပြည် မအေးချမ်းတဲ့အချိန်မှာ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ကတော့ အတိအကျ မှန်းဆလို့ မနိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် စိုင်းသီဟကျော်က ပြောပါတယ်။

"နာဂစ်အခြေအနေတုန်းကတောင်မှ တကယ့်လူသိန်းချီလောက် သေနေတဲ့ကိစ္စတောင်မှ ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ လုပ်လို့ ရသွားတာပဲလေ။ ဘာမှထည့်မတွက်ဘူး ဆိုရင်တော့ ဖြစ်တာပေါ့ဗျာ။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာတော့ ပြောရ ခက်တာပေါ့။ အခုလည်း ဒီတိုင်းပြည်အခြေအနေက အဘက်ဘက်က ယိုယွင်းပြီးတော့ ကျဆင်းနေတဲ့ အနေအထားဖြစ်တယ်။ အခြားသော စီးပွားရေး၊ လူမှုရေးဆိုတာ ထားပါ။ အဓိကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးပေါ့။ ဒါက အဓိကဖြစ်ပါတယ်။ မဲပေးမယ့်လူတွေက သူ့အတွက် လုံခြုံမှုမရှိဘူးဆိုရင် ဘယ်လိုသွားမဲပေးမလဲပေါ့။ ဒီလိုအနေအထားပဲ ရှိပါတယ်။ ယတိပြတ် ဘာမှတော့ ပြောလို့မရဘူးပေါ့"

အများက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ ပြည်တွင်းက နိုင်ငံသားတွေ အားလုံး လက်ခံနိုင်မှ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်ပြီး နိုင်ငံတကာကလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေကို စစ်ဆေးတာ၊ မဲစာရင်း မှန်ကန်ရေး လုပ်ဆောင်တာ၊ UEC ဝန်ထမ်းတွေကို သင်တန်းပေးတာ၊ မဲရုံကြိုတင်လျာထား သတ်မှတ်တာတွေ လုပ်ဆောင်နေပြီလို့ စက်တင်ဘာလ ၂၀ ရက် နေပြည်တော် သတင်းစာ ရှင်းပွဲမှာ ပြောသွားပါတယ်။

လာမယ့် ၂၀၂၃ ရွေးကောက်ပွဲသစ်မှာ နိုင်သူ အကုန်ယူ (First Past The Post-FPTP) ရွေးကောက်ပွဲစနစ်ဟာ ပြည့်စုံလုံလောက်မှု မရှိတဲ့အတွက် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-PR) ကို အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

"အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးပြီးတော့ နောင်ရွေးကောက်ပွဲမှာ လုပ်မှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု တင်ပြလိုတာတော့ ပြည်သူတွေအနေနဲ့ မဲပေးတဲ့ လုပ်ငန်းစဉ် ဒီဟာကတော့ PR နဲ့ FPTP စနစ်က များစွာ ကွာခြားမှုတော့ မရှိပါဘူး။ သက်ဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ အတည်ပြုထုတ်ပြန်ပြီးပြီ ဆိုရင်တော့ ဒီထက်ပိုပြီး Document တွေ ခိုင်ခိုင်မာမာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီး ချပြပြီး မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့ရည်ရွယ်ချက်က ရွေးကောက်ပွဲဖြစ်အောင်လုပ်ဖို့ ဖြစ်ပြီး၊ လက်တွေ့ ဖြစ်၊ မဖြစ်ဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့၊ နိုင်ငံရေး တည်ငြိမ်အေးချမ်းဖို့ ဆိုတဲ့အချက်တွေပေါ်မှာ မူတည်တယ်လို့ စက်တင်ဘာလဆန်း ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားအခြေစိုက် RIA သတင်းဌာနကို ပြောခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာလှထွန်းလှကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ ဟာ မဲဆန္ဒရှင်ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ မဲပေးနိုင်တဲ့အခြေအနေမျိုး မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ပါတီမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှ ဆွေးနွေးမှုတွေ ဘာညာ ဘာမှ မလုပ်ရသေးဘူးလို့ လောလောဆယ် ပြောလို့ရတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက် နေတဲ့ အခြေအနေ အရဆိုရင် မဲဆန္ဒရှင် ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ မဲပေးနိုင်တဲ့ အခင်းအကျင်း အခြေအနေမျိုး ရှိတယ်လို့ ကျနော်မမြင်သေးဘူး။ အဲဒါကြောင့် သူတို့ဘယ်လိုပုံစံလုပ်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရဦးမယ်"

ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ပြည်သူတွေ စိတ်ဝင်စားဖို့လိုပြီး ပြည်သူတွေ စိတ်ဝင်စားမှု မရှိရင် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲပြောလို့မရဘူးလို့ သူကဆိုပါတယ်။


protest-against-military.jpg
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးမြို့၊မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်ကတော့ ရွေးကောက်ပွဲဖြစ်လာမယ် လို့ ယုံကြည်ကြောင်းနဲ့ ဖြစ်လာရင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ကတော့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ ယုံလည်းယုံကြည် တယ်။ ဒါပေမဲ့လည်း တကယ်ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာ ရှိလာမယ့် နိုင်ငံ အရေး အခင်းအကျင်းနဲ့ အခုဆိုလည်း ကိုဗစ်တွေရှိလာတော့လေ၊ ကျန်းမာရေး အနေအထားတွေနဲ့ ရွေးကောက်ပွဲ လုပ်သင့်၊ မသင့်က အဲဒီအခြေအနေကျမှပဲ သုံးသပ်ရမယ့် အနေအထားလို့ ထင်တယ်။ လက်ရှိ အခြေအနေထိကတော့ ရွေးကောက်ပွဲ ကျင်းပလိမ့်မယ်၊ ရွေးကောက်ပွဲလည်း ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲကတော့ ကျနော်တို့ဝင်မှာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်မှာပါ"

လာမယ့် အောက်တိုဘာလဆန်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကျင်းပဖို့ရှိပြီး ညီလာခံကနေ ဖြစ်ပေါ်လာမယ့် အခင်းအကျင်းအသစ်တွေနဲ့ အနာဂတ်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်နိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။


"စစ်ကောင်စီ ကြံစည်နေတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆိုတာထက် အဲဒီအချိန်ထိ သူတို့ရှိနေဦးမှာလားဆိုတဲ့ မေးခွန်းတွေကို သူတို့ကိုယ်တိုင် ဖြေနေရပါပြီ"

အာဏာသိမ်းထားတဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲအပါအဝင် သူတို့ရဲ့လုပ်ငန်းစဉ် အားလုံးကို ဘယ်လိုနည်းနဲ့မှ အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NLD ဗဟိုအလုပ် ကော်မတီဝင် ဦးကျော်ထွေး က RFA ကို ပြောပါတယ်။

"နိုင်ငံရေးအရ တရားဝင်မှုမရှိလို့ မြန်မာ့ပြည်သူတစ်ရပ်လုံးသာမက ကမ္ကာ့ဘယ်နိုင်ငံ ကမှ တရားဝင် အသိအမှတ်ပြုထားတာမရှိပါဘူး။ ဒီအခြေအနေမှာ သူ့ရဲ့တည်ရှိမှုကို ကုစားနိုင်ဖို့ သူ့ရဲ့တပ်အတွင်းမှာပဲ သူ့ကိုလက်ခံလာဖို့ သူ့ရဲ့ကောက်ရိုးမျှင်တစ်ခုလုံး ရွေးကောက်ပွဲလမ်းကြောင်းကို ကြံစည်နေတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်သော ဒီမိုကရေစီစနစ်အောက်ကနေ ကျင်းပမယ့် နောက်ထပ် ရွေးကောက်ပွဲ ရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံရေးဆင့်လွှဲအာဏာ Political Mandate အဖြစ် ကျင့်သုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ နဲ့ ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းတွေ ကျင်းပရန် ကြံစည်နေတဲ့ ရွေးကောက်ပွဲ အပါအဝင် လုပ်ငန်းစဉ်အားလုံးကို မည်သည့်နည်းနဲ့မျှ အသိအမှတ်မပြု လက်ခံနိုင်မည် မဟုတ်ပါကြောင်း ပြောချင်ပါတယ်။ အဲဒီတော့ စစ်ကောင်စီ ကြံစည်နေတဲ့ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် ဆိုတာထက် အဲဒီအချိန်ထိ သူတို့ရှိနေဦးမှာလားဆိုတဲ့ မေးခွန်းတွေကို သူတို့ကိုယ်တိုင် ဖြေနေရပါပြီ"

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ဆန့်ကျင်နေသူတွေကလည်း စစ်ကောင်စီရဲ့ ၂၀၂၃ ဩဂုတ်လ ရွေးကောက်ပွဲအသစ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ မကြာခဏ ထုတ်ပြောထားပါတယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေရှိပေမယ့် လွပ်လပ်တရားမျှတပြီး တစ်နိုင်ငံလုံး လွှမ်ခြုံနိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲက ဖြစ်လာနိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှန်းထားတဲ့အတိုင်းတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဆိုလိုတာက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ပြည်လုံးအနှံ့ ကျင်းပနိုင်တဲ့ အခြေအနေ လုံးဝ မရှိပါဘူး။ စစ်ကောင်စီနဲ့ သူ့ကို လိုလားတဲ့ အင်အားစုတွေကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တစ်မြို့နယ်ပဲရရ၊ တစ်ခရိုင်ပဲရရ၊ တစ်ယောက်ပဲရရ၊ တစ်ပါတီပဲရရ၊ သူတို့အနေနဲ့ကတော့ မဖြစ်မနေ ကျင်းပဖို့ သူတို့က တော့ လုံးပန်းမှာပါပဲ။ နောက်ပြီးတော့ ဖြစ်လာရင်လည်း လွတ်လပ်တရားမျှတပြီးတော့ တစ်ပြည်လုံးအနှံ့ လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရာအကြောင်းမရှိဘူးလို့ ကျနော် မြင်တဲ့ အကြောင်း ပြောလိုပါတယ်"

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရဘဲ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပါတီအများစုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလိုဘဲ ရွေးကောက်ပွဲ ဝင်လာနိုင်ပါတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တဲ့အတွက် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုင်ငံတကာကို တိုက်တွန်း ကြောင်း သြဂုတ်လ ၅ ရက် နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို ဆန့်ကျင်သွားမှာ ဖြစ်သလို အာဆီယံနိုင်ငံအားလုံးကလည်း ဆန့်ကျင်ကြဖို့ ဇူလိုင် ၃၀ ရက်နေ့က တိုက်တွန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။