အတိုင်ပင်ခံရဲ့ ကပ်ဘေးထိန်းချုပ်ရေး ဦးဆောင်မှုအပေါ် အမြင်မတူကြ
2020.09.29
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စက်တင်ဘာ ၂၉ ရက် မနေ့ညအထိ ၁၁၆၃၁ ယောက် ရှိလာတာကြောင့် အရှေ့တောင်အာရှ အာဆီယံ ဆယ်နိုင်ငံမှာ ကူးစက်မှုအဆင့် ၄ နေရာကို ရောက်လာသလို သေဆုံးမှုဟာလည်း အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံပြီးရင် တတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။
ဒီလိုကူးစက်မှုမြင့်တက်လာတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုက ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေ အောက်တိုဘာလ ၃၁ နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီလို စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ထိန်းချုပ်တာဟာ ပြည်သူတွေကို ထိန်းချုပ်တာ မဟုတ်ဘဲ ရောဂါကို ထိန်းချုပ်ဖို့ဖြစ်တယ်လို့ မနေ့ညက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတယ်ဆိုတာဟာ ပြည်သူတွေကို ချုပ်ချယ်ချင်လို့မဟုတ်ပါဘူး။ ရောဂါကို ချုပ်စေချင်လို့ပါ။ ရောဂါပြန့်ပွားမှုကို ချုပ်စေချင်လို့ ထုတ်ထားတာပါ။ တချို့ကတော့ ဒါလွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်တယ်လို့ ထင်ကြပါတယ်။ လုံးဝလွတ်လပ်စွာ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်သူမှာမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နေရတာ လူ့အသိုင်းအဝိုင်းထဲမှာ နေရတာ တစ်ယောက်တည်း နေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာ အများ အကျိုးအတွက် ဖြစ်ပါတယ်။ အများအကျိုးကို ထိခိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့က ဥပဒေအရ အရေးယူရပါမယ်။ ဒီလို အရေးယူချင်လို့ မဟုတ်ဘူး ဒါပေမဲ့ တချို့ကြတော့ အရေးယူမှပဲ ဒီဟာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်လို့ပါ”
တောင်ကိုးရီးယားနိုင်ငံကနေ မှာယူထားတဲ့ Antigen (အန်တီဂျင်) Test Kit တွေနဲ့ မြို့နယ်၊ ခရိုင်ဆေးရုံတွေမှာ ဒီကနေ့ စတင် စစ်ဆေးနိုင်မှာဖြစ်ပြီး များများ စစ်တဲ့အခါ ကူးစက်မှု များများတွေ့မှာဖြစ်လို့ ပြည်သူတွေ အစိုးရိမ် မလွန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
နောက်ဆက်တွဲ စီးပွားရေး အခက်အခဲတွေအတွက် စိုးရိမ်မှုမလွန်ကဲဖို့နဲ့ အဲဒီအတွက် နိုင်ငံတော်အနေနဲ့ ပြင်ဆင်ထားပြီးသလို အခြေအနေတွေ သုံးသပ်ပြီး ဘယ်လိုပြောင်းလဲသင့်တယ် ဆိုတာတွေလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကိုင်တွယ် ဖြေရှင်းနေမှုအပေါ် သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးရဲနိုင်အောင်ကတော့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းမှာ ပထမလှိုင်းထက် ပိုမိုပြင်းထန်လာတာဟာ ရောဂါဖြစ်ပွားတဲ့ ဒေသတွေကနေ တခြားပြည်နယ်နဲ့ တိုင်းတွေကို ကူးစက်ပျံ့နှံ့မှု မဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ အစိုးရက အားနည်းခဲ့တယ်လို့ သုံးသပ်ပါတယ်။
“ကိုဗစ် လက်ရှိဒုတိယလှိုင်းသည် အလျင်အမြန် ထိန်းချုပ်ကန့်သတ်နိုင်ရေးက အရေးကြီးတဲ့ လိုအပ်ချက် တစ်ခု ဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ Brakdown ဖြစ်တဲ့အချိန်မှာ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် မကူးစက်ခင် ကျွန်တော်တို့ အချိန်မီ ထိန်းချုပ်နိုင်မှုမရှိဘူး နည်းနည်းနောက်ကျ သွားတယ် နှေးသွားတယ်လို့ ပြောနိုင်တယ်။ တစ်ဘက်မှာလည်းပဲ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ဖြစ်နေချိန် ဖြစ်တဲ့အတွက် ရောဂါဖြစ်ပွားမှု ဟန့်တားဖို့ အခြေအနေနည်းသွားသလို ဖြစ်သွားတယ်။ ဒီအနေအထားကို လေးလေးနက်နက် သုံးသပ်ရမယ့် အချိန်ရောက်နေပြီလို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်”
ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း ကိုဗစ်ဒုတိယလှိုင်း ဒဏ်ခံရနိုင်တယ်ဆိုတာကို အစိုးရ တွက်ဆထားပေမယ့် ကြိုတင်ပြင်ဆင်တဲ့ အစီအမံတွေ မရှိဘူးလို့ ဝေဖန်ပါတယ်။
“ဒုတိယလှိုင်း ဝင်နိုင်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သုံးသပ်တယ်။ ဟုတ်ပြီ ဒုတိယလှိုင်း လာနိုင်တယ် လာနိုင်တယ် ပါးစပ်ကတော့ ပြောတယ်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း ဂရုစိုက်ပါ ဂရုစိုက်ပါ ပြောတယ်။ အဲဒါတွေပြောပြီးတော့ တကယ်တမ်း ဖြစ်လာတဲ့အခါကျတော့ စီမံချက်တွေက လွဲနေတယ်။ ဒုတိယလှိုင်းလာရင် ငါတို့ ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံမှုမရှိတဲ့အတွက် အနည်းဆုံး ခံနေရပြီ။ ဒီကန့်သန့်စောင့်ကြည့်ရေးစင်တာတွေ မလောက်မငှဖြစ်နေတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စစ်တာကအစ အခြေခံကျကျ စစ်ဆေးစမ်းသပ်တဲ့ နေရာကအစ အခက်အခဲဖြစ်နေတယ်။ ဒါလေးတွေက မဖြစ်သင့်ဘူး။ မူဆယ်ဘက်က မြန်မာတစ်ယောက် ရွှေလီမှာ သွားပြီးလုပ်တဲ့အခါကြတော့ တရုတ်အစိုးရ စီမံတာ ဘယ်လောက်ကောင်းလဲ၊ မြန်မာတစ်ယောက်ပိုးတွေ့တာနဲ့ ရွှေလီတစ်မြို့လုံး ပိတ်ပြီး ချက်ချင်းစစ်ပစ်တာ သိန်းချီပြီးတော့ စစ်ပစ်တာ၊ အဲဒါမျိုးပိတ်ပစ်တာ၊ အဲဒါမျိုး အတုယူသင့်တယ်။”
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက... အစိုးရက ကပ်ဘေးကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်တွေ အမိန့်တွေကို ထုတ်တဲ့အခါ လိုက်နာရမယ့် ပြည်သူတွေ အလွယ်တကူ နားလည်သဘောပေါက်အောင် မထုတ်ပြန်တာဟာ လက်တွေ့မှာ အခက်အခဲတွေ ကြုံရတယ်လို့ ထောက်ပြပါတယ်။
“ပြတ်သားတဲ့ စကားလုံး အသုံးအနှုန်းမျိုး၊ ပြတ်သားတဲ့ စာကြောင်းမျိုးတွေ ထုတ်လို့ရှိရင် ပြည်သူလူထုက လိုက်နာရတာ ရိုးရှင်းတာပေါ့ဗျာ။ အခုတော့ ဒီအမိန့်ကြေညာစာကို ဘာသာပြန်နေရတာကိုက အရပ်စကားနဲ့ ပြောရရင်တော့ ရွာလည်နေတဲ့ဟာမျိုးတွေ သွားတွေ့ရတယ်ဗျ။ ဥပဒေတစ်ခုပဲဖြစ်ဖြစ် အမိန့်ညွှန်ကြားချက်ပဲ ဖြစ်ဖြစ် ပြတ်သားမှုမရှိဘူးဆိုလို့ရှိရင် လိုက်နာရတဲ့ ပြည်သူကလည်း လိုက်နာဖို့ရာ တွန့်ဆုတ်နေကြတာတွေ ရှိတယ်ပေါ့နော်။ ဒါမျိုးတွေက အရေးအကြောင်း ဖြစ်လာလို့ရှိရင် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတဲ့ဟာတွေပေါ်မှာ ဒီအချက်တွေက အရေးကြီးတယ်လို့ မြင်ပါတယ်ဗျ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအပေါ် အကြွင်းမဲ့ ယုံကြည်ပြီး လာမယ့် အောက်တိုဘာလ လယ်လောက်မှာ ကူးစက်မှုတွေ လျော့ကျသွားမယ်လို့ ယူဆထားသူပါ။
“ဒေါ်အောင်ဆန်းစုကြည် နိုင်တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခေါင်းဆောင်မှုကို ကျွန်တော်ကတော့ အကြွင်းမဲ့ ယုံကြည်တယ်။ သူက တကယ်စေတနာလည်းပါတယ်။ သေသေချာချာ ဂရုတစိုက် လုပ်ပြီးတော့ ခေါင်းဆောင်တာပဲ။ နေ့စဉ်ပေါ့ဗျာ ပြည်သူလူထုကို ရောဂါနဲ့ပတ်သက်ပြီးတော့ အကြောင်းကြားတယ် သတင်းထုတ်ပြန်တယ် ဒါတွေဟာ တော်တော်ဂရုစိုက်လို့လို့ ကျွန်တော်တော့ သိရတယ်။ နောက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ ကိစ္စတွေလည်း ဒီလိုပဲ တော်တော်ကို ဂရုတစိုက် လုပ်ပေးလာတာ တွေ့ရတယ်။ ကျွန်တော်မြင်တာကတော့လေ အခု အောက်တိုဘာလ အလယ်လောက်မှာ ဆိုရင်တော့ တဖြေးဖြေးနဲ့ ဒီရောဂါရဲ့ ကူးစက်မှုနှုန်းက ကျဆင်းသွားလိမ့်မယ်လို့ ယူဆပါတယ်”
တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အစိုးရရဲ့ စီမံခန့်ခွဲမှုမှာ အစိုးရတစ်ဖွဲ့လုံး နားလည်လွှမ်းခြုံတဲ့ အစီအမံတွေ ရေးဆွဲတာ၊ ပြည်ထောင်စု အစိုးရ နဲ့ တိုင်း/ပြည်နယ် အစိုးရတွေအကြား အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုတွေမှာ အားနည်းတယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်အမြင် ကျွန်တော်တို့ရဲ့ အဓိက အားနည်းဆုံးတစ်ချက်က အစိုးရပ်တစ်ရပ်လုံး ပေါင်းစပ်ညှိနှိုင်း အားလုံးကို လွှမ်းခြုံနိုင်တဲ့ အစီအမံတွေ ဆွဲထားတဲ့ဟာတော့ အားနည်းတယ်လို့ ကျွန်တော်တော့ တွေ့ရတယ်။ အခု ဖြစ်နေတဲ့ အနေအထားကတော့ ပိုးနောက်ကို လိုက်နေရသလိုဖြစ်နေတယ်။ ပိုးက အရမ်းမြန်တယ်။ ပိုးကူးနှုန်းကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၄ ရက်မှာ တစ်ထောင်ဖြစ်ဖို့အတွက် ၁၄ ရက်ကြာတယ်ပေါ့ ဒုတိယလှိုင်းစတဲ့ အချိန်ကစပြီးတော့။ တစ်ထောင်က နှစ်ထောင်ကို တက်ဖို့ ခုနှစ်ရက်ပဲကြာတယ်။ နောက် ခုနှစ်ရက်လည်းကြတော့ နှစ်ထောင်ကနေ လေးထောင် တက်သွားတယ်။ နောက် ခုနှစ်ရက်ကြတော့ လေးထောင်ကနေ ရှစ်ထောင် ဖြစ်သွားရော။ ဆတိုးကူးနှုန်းကို ကျွန်တော်တို့က သွားနေတယ်ဆိုတော့ တော်တော်လေး အခက်အခဲတွေရှိတယ်ပေါ့။ အသေအချာသွားဖို့လိုတယ်လို့ မြင်တယ်”
အစိုးရအနေနဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ကျပ်ဘီလျံ တစ်ထောင်ကျော် သုံးစွဲသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားထားပါတယ်။
တကယ်လို့ ကိုဗစ်ကာကွယ်ဆေးတွေ တခြား ကမ္ဘာ့နိုင်ငံတွေက ထုတ်လာရင်လည်း အချိန်နဲ့ တစ်ပြေးညီ မြန်မာနိုင်ငံကို အမြန်ဆုံး ရောက်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် လူ ၃၀ ထပ်မံသေဆုံးရတာမို့ မနေ့ညထိ ၂၅၆ ယောက်သေဆုံးရပါတယ်။ နမူနာ ၅၅၉၇ ခုကို စစ်ဆေးတဲ့အခါ လူနာသစ် ၈၉၇ယောက် ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ည ၈ နာရီက ကြေညာထားပါတယ်။
ဓာတ်ခွဲအတည်ပြုစစ်ဆေးတာတွေ ပိုလုပ်လာနိုင်မှာဖြစ်တာကြောင့် ဒီကနေ့ညနဲ့ နောက်ရက်တွေမှာလည်း အတည်ပြုလူနာဦးရေ တိုးလာနိုင်ဖွယ်ရှိနေပါတယ်။