မျက်စိခွဲစိတ်ကုသခွင့်ရဖို့ မျှော်လင့်နေတဲ့ ကိုလျှံဖြိုးအောင် မိသားစု

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.03.31
မျက်စိခွဲစိတ်ကုသခွင့်ရဖို့ မျှော်လင့်နေတဲ့ ကိုလျှံဖြိုးအောင် မိသားစု
Photo: CJ

၂ဝ၂၁ မတ်လ ၂၇ ရက်နေ့က မကွေးမြို့ ဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုလျှံဖြိုးအောင် ဟာ တစ်နှစ်အကြာမှာ ပုဒ်မ ၅ဝ၅(က) နဲ့ ထောင် ၃နှစ် ချမှတ်ခံလိုက်ရပါတယ်။

သူ ဖမ်းဆီးခံရချိန်က လက်နဲ့ခြေထောက်တွေမှာ ရော်ဘာကျည်ထိမှန်တဲ့ဒဏ်ရာကြောင့် ညာဘက် လက်ကောက်ဝတ် အထက်နားကနေ ဖြတ်ပစ်ခဲ့ရပါတယ်။ ယမ်းစထိမှန်ပြီး သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခံထားရတဲ့ ညာဘက်မျက်လုံးလည်း ကွယ်ခဲ့ရတာပါ။

 “မျက်စိကုသခွင့်ကို ခြေထိတ်ပဲ ခတ်ခတ်၊ ရှိနေတဲ့ ဘယ်ဘက်လက်ကိုပဲ လက်ထိတ်လေး ခတ်ခတ် ဆေးကုသခွင့်ရချင်တာပါ။ ညာဘက်က ကွယ်သွားပြီ၊ ဘယ်ဘက်ကို ကူးမသွားစေချင်ဘူး”

မျက်ကြည်လွှာ အစားထိုး ကုသခွင့်ရဖို့ အသနားခံစာတင်တယ်၊ တောင်းဆိုတယ်၊ ဒါပေမဲ့ အခုထိ ကုသခွင့် မရဘူးလို့ ဖခင်ဖြစ်သူ ဦးဟိဏ်းထက်က ပြောပါတယ်။

“မျက်ကြည်လွှာ တပ်ရမှာဖြစ်လို့ ရိုးရိုးခွဲစိတ်ကုသလို့မရဘူး၊ ရန်ကုန်မှာပဲ မျက်ကြည်လွှာဘဏ်ဖြစ်လို့ ရန်ကုန်မှာပဲ ကုလို့ရတယ်ပေါ့၊ အနာက ကျက်သွားပြီးတော့ မျက်လုံးက လုံးလုံးကွယ်သွားပြီဆိုပေမယ့် မျက်ကြည်လွှာလဲရင် ကောင်းတယ်လို့ သိထားရပါတယ်။ မျက်စိကုသခွင့်ကို ခြေထိတ်ပဲ ခတ်ခတ်၊ ရှိနေတဲ့ ဘယ်ဘက်လက်ကိုပဲ လက်ထိတ်လေး ခတ်ခတ် ဆေးကုသခွင့်ရချင်တာပါ။ ညာဘက်ကကွယ်သွားပြီ၊ ဘယ်ဘက်ကို ကူးမသွားစေချင်ဘူး၊ ဘယ်ဘက်ကိုပါ ကူးသွားပြီဆိုရင် ပြီးပြီပေါ့။”

ညာဘက်မျက်လုံးက ကွယ်သွားပြီဖြစ်ပေမယ့် မျက်ကြည်လွှာ အစားထိုးကုသမယ်ဆိုရင် ပြန်ကောင်းလာနိုင်ခြေရှိတာကြောင့် မိသားစုက ကုသခွင့်ရဖို့ မျှော်လင့်နေတာပါ။

ကိုလျှံဖြိုးအောင် အဖမ်းခံရချိန် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို မကွေးစစ်ဆေးရုံမှာ ၂လကျော်ကြာ ကုသခွင့် ရခဲ့ပေမယ့် အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်တဲ့ မျက်လုံးအတွက် လုံလောက်တဲ့ ကုသခွင့်မရခဲ့ဘဲ မကွေးအကျဉ်းထောင်ကို အပို့ခံလိုက်ရတာပါ။

အကျဉ်းထောင်ထဲမှာ လက်တစ်ဖက် ဖြတ်ထားရပြီး အမြင်အာရုံမကောင်းတော့လို့ လမ်းလျှောက်ရခက်ခဲနေတဲ့ ကိုလျှံဖြိုးအောင် ကို ဖခင်ဖြစ်သူက စိုးရိမ်နေပါတယ်။

“ဘယ်ဘက်က ဂုံညင်းအထက်နားက ထိထားတဲ့ ဒဏ်ရာကြောင့် ဘယ်ဘက်ခြေထောက်က အဆန့်ကြီး၊ ညာဘက်ကျတော့ ပေါင်တစ်ပြင်လုံးက ဒဏ်ရာတွေများစွာနဲ့ဆိုတော့ အကွေးကြီး၊ အဲဒီတော့ ဘယ်အဆန့် ညာအကွေးဆိုတော့ သွားနေရတာ၊ ညာဘက် မျက်စိက ကွယ်နေပြီ၊ ဘယ်ဘက်မျက်စိကတော့ တီဗီဖန်သားပြင်တွေ လိုင်းမကြည်တဲ့အခါ အရိပ်တွေ ပြေးနေသလို ဖြစ်နေတယ်၊ ညာဘက်လက် ဖြတ်ထားတဲ့ဘက်က ပူလွန်းတဲ့အခါ အရိုးထဲကနေ ကိုက်တယ်၊ အေးလွန်းတဲ့အခါလည်း ပြောမပြတတ်အောင်ပဲ သူ ခံစားရတယ်။ နောက်ပြီးတော့ သူ ထိမှန်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက မီးလောင်ဖုကြီးတွေလို အပေါ်ကို ဖောင်းတက်နေတယ်။”

CJ.jpg
မကွေးမြို့က ဆန္ဒပြပွဲတစ်ခုမှာ တွေ့ရသည့် ကိုလျှံဖြိုးအောင်။ (Photo: CJ)

ကိုလျှံဖြိုးအောင် ကို မျက်ကြည်လွှာပေးဖို့ ဆန္ဒရှိတယ်ဆိုပြီး မိသားစုဆီ ဆက်သွယ်လာတဲ့အလှူရှင် တွေ ရှိပေမယ့် မိသားစုက လက်မခံခဲ့ပါဘူး။

“ရန်ကုန်ဆေးရုံကြီးကို စုံစမ်းကြည့်တော့ မတော်တဆမှုဖြစ်လို့ ဆုံးပါးသွားသူတွေဆီကမှ ယူရမှာလေ၊ လိုင်းပေါ်ကနေ ကျောင်းသူ ကျောင်းသားတွေ၊ ဟိုးကချင်ဘက်တွေကနေတောင် ဖုန်းဆက်ပြီး သူတို့ လှူချင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်တို့က လက်မခံပါဘူး၊ သူတို့က အကောင်းအတိုင်း အရှင်အတိုင်း ပကတိကနေ ထုတ်ယူပါလို့ ပြောတာဗျ၊ မျက်ကြည်လွှာအလှူရှင်ရှိနေသော်လည်း ကျွန်တော်တို့က မယူရက်ပါဘူးဗျ။”

ဖခင်ဖြစ်သူ အသက် ၅၆နှစ် ပြည့်တဲ့ မတ်လ ၁၁ ရက်နေ့က ကိုလျှံဖြိုးအောင် စွဲဆိုခံထားရတဲ့ အမှုအတွက် မိခင်က သက်သေအဖြစ် တရားရုံးမှာ ထွက်ဆိုခဲ့ရပါတယ်။

“သူတို့က ကုကို ကုပေးရမှာဖြစ်တယ်၊ ဒါပေမဲ့ သူတို့က တမင်ရည်ရွယ်ချက်ရှိရှိ အပေါ်ကို အဆင့်ဆင့် စာတင်ရတယ်ဆိုပြီး အကြောင်းပြပြီး တမင်တကာ ပစ်ထားတာပေါ့နော်။ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုပြီးတော့တောင် ပစ်ထားတယ်”

အဲဒီနောက် မတ်လ ၂၈ ရက်နေ့မှာတော့ မကွေးထောင်တွင်း တရားရုံးကနေ ကိုလျှံဖြိုးအောင်ကို ပုဒ်မ ၅ဝ၅(က) ဆူပူအောင် လှုံ့ဆော်မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃နှစ် ချလိုက်တာပါ။

157566071_1356072644768405_5402228249190776956_n.jpg
၂ဝ၂၁ ခုနှစ် မတ် ၁၅ ရက်နေ့ မကွေးမြို့က ဆန္ဒပြပွဲတစ်ခု။ (Photo: CJ)

ကိုလျှံဖြိုးအောင် လိုပဲ ဖမ်းဆီးခံရချိန်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် အကျဉ်းထောင်တွေထဲမှာ ဆေးကုသခွင့်လိုအပ်နေသူတွေ ရှိပါတယ်။

ထားဝယ်ထောင်ထဲမှာ ဆေးကုသဖို့ လိုအပ်နေသူ သုံးဦးရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အဖမ်းခံရချိန်မှာ သေနတ်ကျည်ထိလို့ လက်မောင်းရိုးကျိုးနေသူ အမျိုးသားတစ်ဦး၊ ဝမ်းဗိုက်မှာ ကျည်မှန်ခဲ့တဲ့ ဒဏ်ရာကြောင့် ဝမ်းဗိုက်အတွင်းပိုင်း အစာအိမ်နဲ့ သည်းခြေပျက်စီးတဲ့ ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးနဲ့ သားအိမ်ရောဂါခံစားနေရတဲ့ အမျိုးသမီးတစ်ဦး ဆေးကုခွင့်ရဖို့လိုအပ်နေပါတယ်။ သူတို့သုံးဦးဟာ ထောင်ဒဏ် ၇နှစ်၊ ၉နှစ် နဲ့ ၁၁ နှစ် ချမှတ်ခံထားရသူတွေပါ။

“ထောင်ထဲရောက်သွားရင်လည်း အကျဉ်းသားအခွင့်အရေးတွေဆိုတာ ရှိတယ်၊ နာမကျန်းတဲ့လူတွေဆိုရင် ဆေးရုံတင်ထားရမယ်။ စောစီးစွာ လျှော့ရက်တွေပေးပြီး လွှတ်ပေးရမယ်”

ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီက ကုသခွင့်ပေးရမယ့် တာဝန်ရှိပေမယ့် ရည်ရွယ်ချက်ရှိရှိ ပစ်ထားတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)ကတော့ အမျိုးမျိုးဖိနှိပ်မှာပေါ့နော်။ ဒဏ်ရာရတဲ့သူတွေကို အကျဉ်းသား အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် သူတို့(စစ်ကောင်စီ)က ကုကို ကုပေးရမယ့်ကိစ္စပေါ့နော်။ ကျွန်တော်တို့က ပိုက်ဆံရှိလို့လည်း ကိုယ်ကြိုက်တဲ့ဆေးခန်းမှာ သွားကုလို့ရတဲ့အခြေအနေမဟုတ်တော့ဘူး၊ သူတို့(စစ်ကောင်စီ) ဖမ်းထားပြီးပြီဖြစ်တဲ့အတွက်။ သူတို့က ကုကို ကုပေးရမှာဖြစ်တယ်၊ ဒါပေမဲ့ သူတို့က တမင်ရည်ရွယ်ချက်ရှိရှိ အပေါ်ကို အဆင့်ဆင့် စာတင်ရတယ်ဆိုပြီး အကြောင်းပြပြီး တမင်တကာ ပစ်ထားတာပေါ့နော်။ နိုင်ငံရေးအကျဉ်းသားဆိုရင် ပိုပြီးတော့တောင် ပစ်ထားတယ်၊ ဆေးကုသခွင့်မပေးဘူးဆိုတဲ့ကိစ္စတွေရှိတယ်၊ အဲဒီကိစ္စတွေကိုတော့ ကျွန်တော်တို့ တော်တော်လေးခံပြင်းတယ်၊ ဘာလုပ်နိုင်လဲဆိုတော့ အခုချိန်မှာ ဘာမှမလုပ်နိုင်ဘူး အဲလိုမျိုးတော့ ဖြစ်နေတယ်ဗျ။”

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြရုံနဲ့ ပုဒ်မကြီးတွေ တပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုနေသူတွေကို မထောက်ထားဘဲ ပြစ်ဒဏ်တွေ ချမှတ်တာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“အခွင့်အရေးတွေကတော့ တောင်းဆိုနေရမယ်၊ ပြောနေရမယ်၊ ရရင်လည်း ခံပေါ့၊ မရဖို့ကတော့ များတယ်၊ အကျဉ်းသားအခွင့်အရေးတွေ ရှိတယ်၊ အစကတည်းကကို ဒီလိုအမှုက ၆လထက် ပိုမချသင့်ဘူး၊ ထောင်ထဲရောက်သွားရင်လည်း အကျဉ်းသားအခွင့်အရေးတွေဆိုတာ ရှိတယ်၊ နာမကျန်းတဲ့လူတွေဆိုရင် ဆေးရုံတင်ထားရမယ်။ စောစီးစွာ လျှော့ရက်တွေပေးပြီး လွှတ်ပေးရမယ်၊ အဲဒါမျိုးတွေပေါ့။ နဂိုကတည်းက ငြိမ်းစုစီနဲ့ပဲ စွဲသင့်တာ၊ ၅ဝ၅ တပ်တော့လည်း ထားပေါ့ဗျာ၊ ဒါပေမဲ့ တစ်နှစ်ထက် ပိုမချသင့်ဘူး ဒီလိုဒဏ်ရာတွေနဲ့ လူတွေကို”

လာမယ့် ဇူလိုင် ၂၂ ရက်နေ့ဟာ ကိုလျှံဖြိုးအောင် အသက် ၂၄ နှစ်ပြည့်မယ့်နေ့ပါ။ ပြီးခဲ့တဲ့နှစ်ကလည်းဒဏ်ရာတွေနဲ့သာ အကျဉ်းထောင်ထဲမှာ မွေးနေ့ကို ဖြတ်သန်းခဲ့ရပါတယ်။ မိသားစုကတော့ မွေးနေ့မတိုင်ခင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်မယ့် စာရင်းထဲ ပါမလားဆိုပြီး မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။