စစ်ကိုင်းတိုင်းအတွင်း ကျောင်းသားတစ်သိန်းခွဲခန့် ပညာမသင်ရ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တခြားမြို့ကြီးတွေက ကလေးတွေ ပညာသင်ယူဖို့ နည်းလမ်း မျိုးစုံနဲ့ ပြင်ဆင်နေချိန် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ကျောင်းသား ၅၀ ရာခိုင်နှုန်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေပါတယ်။
စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ကျောင်းအပ်နှံရမယ့် ကျောင်းသား နှစ်သိန်းခုနစ်သောင်းကျော်ရှိပေမယ့် လာရောက်အပ်နှံသူဦးရေ တစ်သိန်းသုံး သောင်းသာ ရှိတာမို့ ၄၉.၄၅ ရာခိုင်နှုန်းသာ ကျောင်းအပ်ခဲ့ပြီး ၅၀ ရာခိုင်နှုန်း ကျော်ကတော့ ကျောင်းလာမအပ်ဘူးလို့ ဇွန်လ ၁ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ပြန်ခဲ့ပါတယ်။
"စစ်ဘေးရှောင်ပြီးတော့ လှည်းတွေနဲ့ တောထဲမှာ ပုန်းနေရတဲ့အခါမျိုးတွေရှိတယ်“
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လက်တောင်းရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက သူတို့ ရွာမှာ လုံခြုံမှုမရှိလို့ ကျောင်းမဖွင့်နိုင်သလို သူ့သမီးကိုလည်း ကျောင်းမထားနိုင်ဘူးလို့ ပြောပါတယ်။
“ကျောင်းတွေဖွင့်လည်း မထားရဲဘူး။ ထားရင်လည်း ကလေးတွေက ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်ဘူး။ အခုက ကျောင်းအပ်တာတွေလည်းမရှိသေးဘူး၊ ကြောက်ကြလို့ဖြစ် မယ်။ ဘာမှမလုပ်ကြဘူး၊ စစ်ကောင်စီပညာရေးကိုလည်း မကြိုက်ဘူး။ အခုကတော့ ပုလဲဆိုလည်း လူတောင်မရှိဘူး ပြေးကုန်ကြတာ။ ကျောင်းအပ်ဖို့မပြောနဲ့ လူတောင်မနေ ရဲကြဘူး။ ထားရင်လည်း စိုးရိမ်နေရမှာဆိုတော့ မထားချင်ဘူး။ ပညာမတတ်တာတော် သေးတယ်။ ကလေးတွေ သေကုန်မှာစိုးတယ်“
တက္ကသိုလ်ဝင်တန်းတက်ရောက်ရမယ့် သမီးဖြစ်သူဟာ အသက်ကြီးလာပေမယ့် ကျောင်း မတက်နိုင်ဖြစ်နေတာကို စိတ်မကောင်း ဖြစ်နေရတယ်လို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိပါတယ်။ အဲဒီထဲက တိုက်ပွဲတွေဖြစ် ပွားနေတဲ့ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့ မြို့တွေက ကျောင်းတွေ မဖွင့်လှစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ မဖွင့် နိုင်ခဲ့ပါဘူး။ ကိုဗစ်ကပ်ရောဂါကို ပြန်လည်ထိန်းချုပ်နိုင်ချိန်မှာတော့ စစ်တပ်အာဏာသိမ်းမှု နဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် ကျောင်းသားအများစု ပညာသင်ကြားခွင့် ထပ်မံဆုံးရှုံးခဲ့ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကံကြီးရွာက ကျောင်းသားမိဘတစ်ဦးကတော့ သူ့သား သမီးတွေ ကျောင်းမှာပညာသင်ကြားနေရမယ့်အစား စစ်ဘေးရှောင်နေရတယ်လို့ ပြောပါ တယ်။
“ကျနော်တို့ဒေသတွေမှာ ကျောင်းတွေကလည်း မဖွင့်နိုင်၊ ကိုဗစ်ကာလနဲ့ အခုနောက် ပိုင်း အာဏာသိမ်းပြီးနောက်မှာ ကျောင်းတွေကလည်း အခုလိုဖြစ်နေတာဆိုတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကလေးတွေရဲ့ ပညာရေးက တော်တော်လေးကို အခြေ အနေဆိုးနေတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဘာလုပ်လို့လုပ်ရမှန်းကို မသိဖြစ်နေကြ တာ၊ ကျောင်းနေရမယ့်အရွယ်မှာ လယ်ကြိုလယ်ကြားဆင်းနေရတဲ့အဖြစ်မျိုး၊ နောက်ပြီး တော့ စစ်ဘေးရှောင်ပြီးတော့ လှည်းတွေနဲ့ တောထဲမှာ ပုန်းနေရတဲ့အခါမျိုးတွေရှိတယ်“
စစ်ကောင်စီနဲ့ စစ်အုပ်ချုပ်ရေးထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ရွာတွေကို ဝင် ရောက်မီးရှို့တာနဲ့ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ပညာ သင်ကြားဖို့ကို စိတ်မကူးနိုင် ဖြစ်နေရတယ်လို့ သူက ဆိုပါတယ်။
အခုလိုပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန်ချက်နဲ့ စစ်ကိုင်းတိုင်းထဲက မြောင်၊ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း စတဲ့ မြို့နယ်တွေမှာ CDM ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး ပညာသင်ကြားရေးအစီ အစဉ်တွေ လုပ်နေပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်နေတဲ့ ယင်းမာပင်မြို့နယ်က CDM ကျောင်းဆရာမတစ်ဦးက သူတို့ ကျောင်းတွေရဲ့ လုံခြုံရေးကို ဒေသခံ PDF တွေက တာဝန်ယူထားတယ်လို့ ပြောပါတယ်။
“CDM ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ ကလေးတွေရဲ့ ပညာရေးမနှောင့်နှေးအောင် မူလတန်းကနေ အထက်တန်းထိ သင်ကြားဖို့ ဆောင်ရွက်နေပါတယ်။ သင်ရိုးညွှန်းတမ်း ကတော့ ချမှတ်ထားတာကိုသင်မှာ၊ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ အသံကြားရင် ကလေးတွေကို ကာကွယ်စောင့်ရှောက်ပြီးတော့၊ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ် ကြမယ်။ ကလေးတွေကလည်း စာနဲ့ဝေးနေတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းအပ်ကြ တယ်။ ဒီပညာရေးက NUG အစိုးရရဲ့ မူဝါဒနဲ့ဖွင့်တာဖြစ်လို့ ကျောင်းဝတ်စုံလည်း ပြောင်းထားပါတယ်”
ပညာရေးနှောင့်နှေးမှုအတွက် ကလေးတွေကို အမှန်တကယ်တတ်မြောက်အောင် ဂရုတစိုက် သင်ကြားသွားမယ်လို့ သူက ပြောပါတယ်။
NUG ပညာရေးအစီအစဉ်မှာ ပါဝင်မယ့် ဆရာ၊ ဆရာမတွေဟာ ကျောင်းတက်ဝတ်စုံအနေနဲ့ အင်္ကျီအဖြူ၊ လုံချည်နက်ပြာရောင် ဝတ်ဆင်မှာဖြစ်သလို ကျောင်းသူ၊ ကျောင်းသားတွေက တော့ နှစ်သက်ရာဝတ်ဆင်နိုင်တယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာသင်ကြားရေး အစီအစဉ်ကို ထောက်ခံတဲ့ အတွက် သူ့သားကို ကျောင်းအပ်ထားတယ်လို့ ပုလဲမြို့နယ်အတွင်းက KG တန်းတက်ရမယ့် ကျောင်းသားတစ်ယောက်ရဲ့ မိဘတစ်ဦးက ပြောပါတယ်။
“ကလေးတွေရဲ့ ပညာရေးကတော့ မသင်ခဲ့ရတာ နှစ်နှစ်ကျော်ရှိပြီ၊ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ NUG က ချပေးလိုက်တဲ့ ပညာရေးကို ထောက်ခံကြတယ်။ အဲဒီ အတိုင်းသွားဖို့လည်း ဆန္ဒရှိတယ်။ ကလေးတွေရဲ့ ပညာရေးကိုလည်း အဆင်ပြေပြေ၊ ဘေးကင်းကင်းနဲ့ သူတို့လေးတွေရဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင်သွားနိုင်ဖို့ မျှော်လင့်နေတယ်“
NUG ရဲ့ ပညာရေးအစီအစဉ်ဟာ PDF ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပဲ အကောင် အထည်ဖော်နိုင်တာပါ။ စစ်ကိုင်းတိုင်းအတွင်း PDF တွေ ထိန်းချုပ်ထားတဲ့ဒေသအများ စုဟာ ကျေးရွာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ပေါ်ကျောင်းတွေအထိ NUG ပညာရေး အစီအစဉ်တွေ လက်လှမ်းမမီသေးပါဘူး။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်က ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမြင့်သူက သူ့အနေနဲ့ ကျောင်းမတက်ရတာကို ဝမ်းနည်းပေမယ့် စစ်ကောင်စီလက်အောက်ခံကျောင်း မှာတော့ ပညာမသင်ချင်လို့ ရပ်နားထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့နယ်က တစ်ပတ်ကို သုံးလေးရက်လောက်က စစ်ကောင်စီရဲ့ဒဏ်ကို ရှောင် နေရတဲ့အတွက် ကျနော်တို့က အဆင်မပြေတဲ့နေ့ကများတယ်။ အဲဒီအတွက် ကျနော်တို့ ရဲ့ပညာရေးက ဘယ်လိုမှကို လုပ်ဆောင်လို့မရဘူး ဖြစ်နေတယ်။ အာဏာမသိမ်းခင် ကာလကတော့ ရည်ရွယ်ချက်တွေရှိတာပေါ့၊ ဆယ်တန်းကို အောင်အောင်ဖြေပြီးတော့ မိသားစုကို လုပ်ကျွေးမယ်။ အခုကတော့ ပညာရေးက လုံးဝကို ဆက်သွယ်လို့မရဘူး၊ စိတ်ဓာတ်တော့ကျတယ်၊ သို့သော် ကျနော်တို့ ကျောင်းသားတွေတင် ခံနေရတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက ပြည်သူတွေလည်း ခံနေရတာပဲဆိုပြီး ဖြေသာရတာပဲ“
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အင်တာနက်တွေ ဖြတ်တောက်ထားလို့ အွန်လိုင်းက နေတစ်ဆင့် အခြားပညာရပ်တွေ သင်ယူဖို့လည်း အဆင်မပြေဘူးလို့ သူက ပြောပါတယ်။
Save the Children အဖွဲ့က ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတဲ့ပြဿနာကြောင့် ကျောင်းမတက် နိုင်တဲ့အရေအတွက် နှစ်ဆတိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တချို့ဒေသတွေမှာ ကျောင်း အပ်နှံမှုဟာ ၈၀ ရာခိုင်နှုန်းထိ လျော့ကျခဲ့သလို ကလေး ရှစ်သန်းနီးပါး ကျောင်းပြင်ပရောက် နေတယ်လို့လည်း ဖော်ပြထားပါတယ်။