ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖိအားပေးဖယ်ရှားခံရ

RFA Burmese
2023.12.27
ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖိအားပေးဖယ်ရှားခံရ အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ဆန္ဒပြဖိအားပေးကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။
AFP

ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကျောင်းသားတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးဆီ ပြောင်းရွှေ့ပေးပြီး ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုရာမှာ ပါဝင်တဲ့ ကျောင်းသားတစ်ဦးက ရိုဟင်ဂျာတွေကို ပြည်နှင်ဒဏ်မပေးနိုင်ရင် အာချေးက လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရာထူးကနေ နုတ်ထွက်သင့်တယ်လို့လည်း AFP ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှာ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကျော် လှေတွေနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကာလတိုအတွင်း အခုလိုရောက်လာတဲ့အရေအတွက်ဟာ ရှစ်နှစ်အတွင်း အများဆုံး ဝင်ရောက်လာတာလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကျောင်းသားတွေဟာ ကားတာယာကွင်းတွေကို မီးရှို့ဆန္ဒပြကြပြီး ရိုဟင်ဂျာတွေကို တခြားနေရာကို ရွှေ့ဖို့ ကားတွေပါ ပြင်ဆင်လာတာလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ လာနေတာ လက်မခံတဲ့အတွက် အခုလိုဆန္ဒပြတာလို့ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဖယ်ရှားဖို့ ကြိုးစားတဲ့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ရဲတပ်ဖွဲ့က ရိုဟင်ဂျာတွေကို ဖယ်ရှားဖို့ ကျောင်းသားတွေကို ခွင့်ပြုလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အခုလိုတိုက်ခိုက်ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အကာအကွယ်တွေ ပိုလိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေကို အခုလိုတိုက်ခိုက်တာဟာ အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှားတွေနဲ့ မဟုတ်မမှန် လုပ်ကြံထားတဲ့ အမုန်းစကားတွေကြောင့် ဖြစ်တယ်လို့ UNHCR က ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးကျပ်တည်းပြီး ဒုစရိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ပါ ကြုံနေရတာကြောင့် အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင်ငံတွေဆီ စက်လှေတွေနဲ့ ထွက်ပြေးနေကြတာဖြစ်ပါတယ်။

အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ဆန္ဒပြဖိအားပေးကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (Photo : AFP)
အာချေးပြည်နယ်တွင် အင်ဒိုနီးရှားကျောင်းသားများ ဆန္ဒပြဖိအားပေးကန့်ကွက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များအား နေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (Photo : AFP)

အဲဒီလိုထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားဒေသခံတွေက လက်မခံကြောင်း မကြာခဏ ဆန္ဒပြကန့်ကွက်နေတာလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးမထားပေမဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကတော့ ရိုဟင်ဂျာတွေကို ယာယီအကူအညီတွေ ပေးသွားမှာဖြစ်ပေမဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်သွားမယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြောထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားဒေသခံတွေက လက်မခံတာကြောင့် ရိုဟင်ဂျာတွေကို ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို သမ္မတ ဂျိုကိုဝီဒိုဒိုက တိုက်တွန်းထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။