ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်
2019.05.01

Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ပြီး အကျိုးရှိနိုင်တယ်ဆိုပေမယ့် ဒေသခံလူထုအသိုင်းအဝန်းရဲ့ ယုံကြည်ထောက်ခံမှုရရှိဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့မှာကျင်းပခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဆွေးနွေးပွဲတွေမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
■ ခေတ်သစ်ပိုးလမ်းမစီမံကိန်းထဲမှာ ပါဝင်မယ့်နိုင်ငံတွေ တစ်နေ့ တခြားတိုးပွားလာနေပြီး လက်ရှိမှာ အမေရိကန် ဒေါ်လာ ၆၄ ဘီလီယံခန့် တန်ဖိုးရှိတဲ့စာချုပ်တွေကို လက်မှတ်ထိုးထားနိုင်ခဲ့ပြီလို့ တရုတ်သမ္မတ ရှီကျင့်ပင်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တေ့ွဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖိုရမ်နောက်ဆုံးနေ့မှာ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေအားလုံးရဲ့သဘောတူညီချက်တွေအရ စီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၂ နှစ်တစ်ကြိမ် ပြန်သုံးသပ်ကြဖို့၊ အရည်အသွေးသတ်မှတ်ချက်မြင့်မားဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးရှိဖို့၊ အဂတိလိုက်စားမှုတွေ ကင်းရှင်းဖို့နဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ပြည်သူတွေအကျိုးရှိရမယ်ဆိုတဲ့ အချက်တွေရခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကျိုးတူကိစ္စတွေ အကောင်အထည်ဖော်ရာမှာ တရုတ်-မြန်မာ စြင်္ကန်နဲ့ ပတ်လမ်း BRI အစီ အစဉ်ကို မြှင့်တင်ဖို့၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။
မစ္စတာရှီကျင်းဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာလည်း မြန်မာအစိုးရအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ယွမ်သန်း ၁၀၀၀ ကို ထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောတူညီချက်လည်း ရခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့ တရုတ်ပြည် ရွှေလီမြို့နဲ့ ကပ်လျက် မူဆယ်ကနေ မန္တလေးအထိဖောက်လုပ်မယ့် မိုင်၂၅၀ ကျော် ရှည်လျားမယ့် ရထားလမ်းစီမံကိန်းကိုလည်း ညီလာခံဖွင့်ပွဲနေ့မှာပဲ တရုတ် ရထားလမ်းကုမ္ပဏီအဖွဲ့ CRGC ဥက္ကဋ္ဌ လီချန်ဂျင်းက ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီရထားလမ်းစီမံကိန်းဟာ ရှမ်းပြည်မြောက်ပိုင်းအတွက် ဘယ်လောက်ထိအရေးပါနိုင်မလဲဆိုတာကို သီပေါမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က အခုလို သုံးသပ်ပြောပါတယ်။
‘’ချုပ်ဆိုခဲ့တဲ့စာချုပ်တွေက အသေးစိတ်ဘာတွေပါသလဲဆိုတာမသိတော့ ပြောဖို့ခက်တာပေါ့လေ၊ ကြည့်ရတာ တရုတ်ပြည်ဘက်က လိုချင်တဲ့ဆောင်ရွက်ချင်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အကုန်မရသလို ကျွန်တော်တို့ဘက်က လည်း တောင်းဆိုတဲ့ဟာတွေအကုန်မရဘူးလို့တော့ တွက်ဆလို့ရတယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ တဆင့် အိန္ဒိယနိုင်ငံထွက်ပေါက်ပေါ့ဗျာ တရုတ်ဘက်ကတော့ အဲဒါ ကိုနားလည်တဲ့အတွက်ကြောင့် ကျောက်ဖြူ အထိဖောက်ချင်တယ်၊ အခုလောလောဆယ် ကျွန်တော်တို့ဘက်ကလည်း ဘာအကြောင်းရယ်တော့မသိဘူး မန္တလေးအထိပဲ MOU ထိုးထားတာရှိတယ်၊ တရုတ်နယ်စပ်ကနေ ကျောက်ဖြူအထိ ရထားလမ်းကားလမ်း ကပေါက်နေမှ ဖြောင့်ဖြူးမှာ’’
တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာမျိုးမရှိခဲ့ဘဲ ခေတ်သစ် ပိုးလမ်းမစီမံကိန်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ဆန်တင်ပို့ရေးကိစ္စနဲ့ တရုတ်-မြန်မာဆက်ဆံရေး နှစ် ၇ဝ ပြည့်ကိစ္စတွေကိုသာ ဆွေးနွေးခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီလ ၂၆ ရက်နေ့က နေပြည်တော် NRPC မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဖို့ဆိုရာမှာ စီမံကိန်းထဲမှာပါဝင်တဲ့နိုင်ငံတွေရဲ့ ပြည်တွင်းတည်ငြိမ်မှုကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။
စစ်ရေး နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးမောင်မောင်စိုး က အခုလို သုံးသပ်ထားပါ တယ်။
‘’ငြိမ်းချမ်းရေးကိစ္စ အပစ်အခတ်ရပ်စဲရေးကိစ္စ တဖက်ကတွန်းပြီးတော့ တစ်ဖက်ကကုန်သွယ်ရေး လမ်းကြောင်းဖောက်တဲ့လုပ်ငန်းကို လုပ်သွားမယ်လို့ထင်ပါတယ်၊ ဒီလမ်းကြောင်းပေါ်မှာလက်နက်ကိုင် ၆ ဖွဲ့ရှိနေ တာတောင် ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းသွယ်သလို လက်ရှိတစ်နှစ်ကို ဒေါ်လာသန်း ၅ ထောင်ပမာဏရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားတာပဲ၊ ရေရှည်မှာငြိမ်းချမ်းရေးလမ်းကြောင်း မရှိရင် ဒီကိစ္စတွေဖြေရှင်းဖို့ တလျှောက်လုံးစကားပြောနေရဦးမယ်ထင်တယ်’’
ဒီစီမံကိန်းဟာတရုတ်က ကမ္ဘာပေါ်မှာ သူ့သြဇာကြီးမားအောင် တည်ဆောက်မှုဖြစ်တယ်ဆိုပြီး အမေရိကန် အပါအဝင် နောက်နိုင်ငံတချို့နဲ့ အာရှက အိန္ဒိယနိုင်ငံတို့က သံသယနဲ့ စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။ စီမံကိန်းထဲပါဝင်တဲ့နိုင်ငံတွေဟာ တရုတ်ပြည်ရဲ့ချေးငွေတွေကိုရယူပြီး ကြွေးတင်ကာ ကျွန်ဖြစ်မယ့်အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ဝေဖန်ပြောဆိုကြတာလည်းရှိပါတယ်။
တရုတ်အရေးလေ့လာသူ ဒေါ်ခင်ခင်ကျော်ကြီး က အခုလိုသုံးသပ်ပါတယ်။
‘’နိုင်ငံတကာဆက်ဆံရေးရှုထောင့်ကကြည့်မယ်ဆိုရင် သူ့ရဲ့ကြီးမားလာတဲ့အင်အားနဲ့ထိုက်တန်တဲ့ သံတမန်ရေး ရာလွှမ်းမိုးမှုမျိုး၊ နိုင်ငံရေးအရလွှမ်းမိုးမှုမျိုး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နေရာတစ်နေရာလိုချင်နေတယ်၊ တရုတ်က တဖြည်းဖြည်းနဲ့ စီးပွားရေးအင်အား တောင့်တင်းလာတာရှိတယ် စစ်ရေးအရအင်အား တောင့်တင်းလာတယ်၊ ကမ္ဘာလုံးဆိုင်ရာမဟုတ်တောင်မှ ဒေသတွင်းဆိုင်ရာမှာတော့ တရုတ်သည်သူ့ရဲ့အင်အားကို ဒေသတွင်းမှာ ပိုပြီးဖြန့်ကျက်လိမ့်မယ်လို့ယူဆတယ်၊ ဒါပေမဲ့ တစ်ဦးတည်းက အနိုင်ကျင့်တဲ့ပုံစံမျိုးသူ့အနေနဲ့ ဘယ်တော့မှ လုပ်လိမ့်မယ်မဟုတ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့ နိုင်ငံတကာဆက်ဆံရေးရှုထောင့်အရဆိုရင် ဒေသတွင်းမှာတော့ အနည်းဆုံးလွှမ်းမိုးမှုရှိလိမ့်မယ်လို့ သုံးသပ်ရတယ်ပေါ့၊ အခုလက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင် သူ့ရဲ့လွှမ်းမိုး မှုတွေက ဒေသတွင်းတင်မကတော့ဘဲ နိုင်ငံတကာမှာပါ ဖြန့်ကျက်ချင်တဲ့သဘောရှိတယ်ဆိုတာတွေ့ရတယ်’’
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၃ ရက်တာကျင်းပတဲ့ တရုတ်ပိုးလမ်းမ စီမံကိန်းဆွေးနွေးပွဲအပြီး ဘေကျင်းမြို့ကနေ ကမ္ဘောဒီယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ ဧပြီလ ၂၈ ရက်နေ့က ရောက်ရှိသွားပါတယ်။
တရုတ်ခရီးစဉ်အပြီး အခုလို ကမ္ဘောဒီယားဆီ တိုက်ရိုက်အနေနဲ့ သွားတာ ထူးခြားတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံအရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က အခုလို သုံးသပ်ထားပါတယ်။
‘’တရုတ်က အာဆီယံ ၁၀ နိုင်ငံစလုံးနဲ့ပေါင်းပြီးတော့ ကြီးမားတဲ့ဈေးကွက်ကြီးဖော်ဆောင်ဖို့ သူကြိုးစားနေတာ၊ အာဆီယံ ၁၀ နိုင်ငံထဲမှာ သူအားအထားဆုံးက ကမ္ဘောဒီယားနဲ့မြန်မာနိုင်ငံပဲ၊ မနှစ်ကပါတီများ အစည်း အဝေးတို့မှာ လည်းဒီလိုပဲ ရှင်ကျင်းဖျင်ရဲ့ဘယ်ဖက်မှာဟွန်ဆန်ရှိတယ်၊ ညာဖက်မှာဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ ဟိုနေ့ကပွဲမှာလည်းဒီလိုပဲ၊ တရုတ်ပြည်အနေနဲ့က ကမ္ဘောဒီယားမှာ ဟွန်ဆန် တောက်ရှောက်ရွေးကောက်ပွဲ အနိုင်ရအောင် ကူညီနေသလိုပဲ ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကူညီဖို့အလားအလာရှိပုံရတယ်၊ အန်ကောဝတ်ရဲ့ ရှေးဟောင်းဘုရားကျောင်းကြီးကို ပြုပြင်ဆင်ပေးတာ တရုတ်ပညာရှင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်က ပုဂံမှာလည်း တချို့ရှေးဟောင်းဘုရားတွေ ပြုပြင်ဖို့သွားလေ့ လာတာလည်းဖြစ်နိုင်ပါတယ်’’