လူသတ်မှုနဲ့စွပ်စွဲပြီး သေဒဏ်ချခံရတဲ့ ကဗျာချစ်သူ ကျောင်းသားလူငယ်
2022.12.19

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၂ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ (က)/၃၄ လူသတ်မှုနဲ့ စွပ်စွဲပြီး စစ်ခုံရုံးက သေဒဏ်ချလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိတဲ့ ကမ္ဘာရတနာဘဏ်ခွဲရဲ့ မန်နေဂျာ စစ်မှုထမ်းဟောင်း အသက် (၄၈) နှစ်အရွယ် ဦးစောမိုးဝင်း အသတ်ခံရမှုမှာ ကျောင်းသားတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၁ ရက်နေ့မှာ ဖမ်းဆီးပြီး ၇ လအကြာမှာ သေဒဏ်ချလိုက်တာပါ။
အဲဒီအထဲမှာ ဒဂုံတက္ကသိုလ် မြန်မာစာမေဂျာက အဝေးသင်ကျောင်းသား၊ ကဗျာတွေနဲ့ လက်မှုပညာတွေကို ချစ်မြတ်နိုးတဲ့ အသက် ၂၂ နှစ်အရွယ် ကိုသူရမောင်မောင်လည်း ပါဝင်ပါတယ်။
"သူ့စိတ်နေစိတ်ထားက အခုစစ်ခုံရုံးက စွပ်စွဲချက်လို လူသတ်ရလောက်တဲ့အထိ မကြမ်းတမ်းဘူး"
မွေးချင်းခြောက်ဦးထဲမှာ အငယ်ဆုံးဖြစ်ပြီး စကားနည်း၊ အနေအေးတဲ့ ကိုသူရမောင်မောင် ဟာ စစ်တပ်အာဏာသိမ်းပြီးချိန် လမ်းမပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် သူကြောင့် မိသားစုဒုက္ခရောက်မှာစိုးလို့ ၂၀၂၁ ခုနှစ် မေလမှာပဲ အိမ်ကနေထွက်လာခဲ့သူလို့ သူငယ်ချင်းတွေက ပြန်ပြောပြပါတယ်။
ကိုသူရမောင်မောင်ဟာ အနစ်နာခံတတ်သလို မိဘနဲ့ မောင်နှမတွေကြားမှာလည်း လိမ္မာရေးခြားရှိသူဖြစ်တယ်လို့ သူနဲ့ သုံးနှစ်တာ သူငယ်ချင်းဖြစ်နေတဲ့ ကိုဟိန်း (အမည်လွှဲ) က RFA ကို ပြောပါတယ်။
"သူ့မှာပိုက်ဆံရှိရင် ဖုန်းဆက်ပြီး တစ်ခုခုစားရအောင်လို့ အမြဲခေါ်တတ်တဲ့သူပေါ့။ သူနဲ့ပေါင်းလာတဲ့သုံးနှစ်မှာ သူပဲအနစ်နာခံပြီး ပေါင်းတာ။ မိဘတွေ၊ အစ်မတွေအပေါ်ဆို အများကြီးသိတတ်တယ်။ အိမ်နဲ့ရန်ဖြစ်တာလို့ တစ်ခါမှမကြားဖူးဘူး။ သူရမောင်မောင် ဆိုတာ ကျနော့်ဘဝအတွက် နှစ်ယောက်မရှိတဲ့ ဘော်ဒါပါ။ သူသေဒဏ်ချခံလိုက်ရပြီလို့ ကြားတော့ ကျနော် အရမ်းဝမ်းနည်းတယ်။ ကျနော့် သူငယ်ချင်းကို ပြန်လိုချင်တယ်"
ကိုသူရမောင်မောင်ရဲ့ အကြောင်းကိုပိုသိရဖို့ သူ့ရဲ့မိသားစုကို RFA က ဆက်သွယ်ခဲ့ပေမယ့် စိတ်ထိခိုက်ဝမ်းနည်းရတာကြောင့် ဖြေဖို့အင်အားမရှိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။
မိသားစုနဲ့ ရင်းနှီးသူတွေကတော့ ကိုသူရမောင်မောင်ဟာ လက်ရှိကျန်းမာရေးကောင်းမွန်ပြီး ကျန်ခဲ့တဲ့ရက်ပိုင်းက အိမ်ဝေးဆိုတဲ့ ကဗျာတစ်ပုဒ်ကို အကျိတ်ရောဂါခံစားနေရတဲ့မိခင်ထံ ပို့ပေးခဲ့သေးတယ်လို့ ပြောပါတယ်။
အားလုံးကချစ်ခင်တဲ့သူ့ကို အခုလို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် နှမြောမိသလို ကျေနပ်မှုလည်း မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ကိုသူရကို သေဒဏ်ချလိုက်တယ်လို့ပြောတော့ ကျမ မယုံနိုင်ဘူး။ ဒီကလေးက မျက်စိအောက်တင် ကြီးပြင်းလာတာ။ သူ့စိတ်နေစိတ်ထားက အခုစစ်ခုံရုံးက စွပ်စွဲချက်လို လူသတ်ရလောက်တဲ့အထိ မကြမ်းတမ်းဘူး။ အစ်မတွေကြားမှာ ကြီးပြင်းသူမို့ လိမ္မာရေးခြားရှိတယ်။ အေးအေးဆေးဆေး နေတတ်တယ်။ မိဘတွေကို ပြန်ပြောတာ၊ ပြန်အော်တာတောင် မရှိဘူး။ မိသားစုကလည်း သူနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲရတယ်ဆိုတာ မရှိခဲ့ဘူး။ ဒီလိုကလေးကို သေဒဏ်ချတဲ့ စစ်ခုံရုံးကို မကျေနပ်ဘူးလို့ ပြောချင်တယ်"
အခုတော့ ကိုသူရမောင်မောင်ဟာ အင်းစိန်အကျဉ်းထောင်ရဲ့ တိုက် (၂) မှာ သေဒဏ်ကျ အကျဉ်းသားတွေ ဝတ်ဆင်လေ့ရှိတဲ့ လိမ္မော်ရောင်ထောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင် ထားရတယ်လို့ ဆိုပါတယ်။
ကျောင်းသားလူငယ်တွေနဲ့ အရပ်သားပြည်သူတွေကို သေဒဏ်ချနေတဲ့ စစ်ခုံရုံးဟာ တပ်မတော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ လုပ်နေတာကြောင့် တရားမမျှတဘူးလို့ ရန်ကုန်မြို့မှာရှိတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ထောက်ပြပါတယ်။
"ဥပဒေနဲ့တော့ ဘယ်ညီမလဲဗျာ။ သေဒဏ်ထိုက်စေမယ့် အမှုတွေကိုဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေမှာ ဘာရေးထားလဲဆိုတော့ ရှေ့နေငှားရမ်းခွင့် ပေးရမယ်။ မငှားနိုင်ရင် နိုင်ငံတော်က ငှားပေးရမယ်။ အဲဒီလို ရှေ့နေမပါဘဲ ချမှတ်တဲ့အမိန့်တွေဟာ မတည်မြဲဘူး။ ဥပဒေအရ ပျက်ပြယ်တယ်လို့ ရေးထားတယ်။ အဲဒီတော့ နစကဘက်က ဘာပြန်ပြောလဲဆိုတော့ စစ်ခုံရုံးနဲ့စစ်နေတာ စစ်ခုံရုံးမှာ ရှေ့နေမလိုဘူးလို့ ပြောကြတယ်။ စစ်ခုံရုံးမှာစစ်တာက စစ်သားစစ်သားချင်း စစ်ရင်တော့ တစ်မျိုးပေါ့၊ အရပ်သားတွေအပေါ် အရပ်ဘက်ဆိုင်ရာရုံးတွေမှာ စစ်ခွင့်ရှိရဲ့သားနဲ့ စစ်ခုံရုံးနဲ့ ယူစစ်တယ်။ ရှေ့နေမပါဘဲ အမိန့်ချတာက ဥပဒေနဲ့မညီဘူး"
အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေမှာ နိုင်ငံရေးအမှုတွေကို စစ်ခုံရုံးကနေ စီရင်ဆုံးဖြတ်နေတာပါ။
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ စာရင်းတွေအရ အာဏာသိမ်း ၂၁ လကျော် အတွင်း ဒဂုံတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၄၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတယ်လို့ ဖော်ပြထားပါတယ်။
ဆန္ဒပြပွဲတွေမှာ အားတက်သရော ပါဝင်ခဲ့တဲ့ ကိုသူရမောင်မောင်ကို အခုလို အမြင့်ဆုံးပြစ်ဒဏ် ချလိုက်ပေမယ့် သူတို့အနေနဲ့ ကြောက်ပြီးနောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ကိုသူရမောင်မောင်ဟာ ဒဂုံတက္ကသိုလ်၊ မြန်မာစာ အဝေးသင်ကျောင်းသားတစ်ဦး ဖြစ်တယ်။ သူအဖမ်းခံရတာကို မိသားစုဝင်တွေက သမဂ္ဂကိုလာပြီး အကြောင်းကြား ပါတယ်၊ ကိုသူရမောင်မောင်ဟာ အာဏာသိမ်းပြီးတော့ သပိတ်ကာလတွေမှာဆိုရင် သမဂ္ဂသပိတ်စစ်ကြောင်းတွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအပေါ်မှာ နှစ်ရှည်ထောင်ဒဏ်တွေပေးပြီးတော့ ကြောက်စိတ်တွေ သွင်းနေပေမယ့် အသုံးဝင်မှာ မဟုတ်ဘူး။ ကျနော်တို့က အဆုံးစွန်အထိ တော်လှန်နေဦးမှာပဲ"
သူဟာ အဖမ်းခံထားရတဲ့ ခုနစ်လအတွင်း မိသားစုနဲ့တွေ့ခွင့်မရသလို၊ သူငယ်ချင်း မိတ်ဆွေတချို့ ထောင်ဝင်စာတွေ့ခွင့် တောင်းဆိုခဲ့ပေမယ့်လည်း အကျဉ်းထောင် အာဏာပိုင်တွေက ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တကသကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုနန်းလင်းကလည်း ခေတ်အဆက်ဆက် နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေကို စစ်ခေါင်းဆောင်တွေ အငြိုးတကြီးဖြိုခွဲခဲ့ပြီး အခုတစ်ကြိမ်ကတော့ အဆိုးဆုံးလို့ ပြောပါတယ်။
"ခေတ်အဆက်ဆက်မှာ ကျောင်းသားလှုပ်ရှားမှုတွေက အရှိန်အဟုန်နဲ့ ပေါ်ပေါက်ခဲ့ တာပဲ။ ဒီလိုပေါ်ပေါက်လာရင်လည်းပဲ အာဏာရှင်တွေက အငြိုးတေးကြီးကြီးနဲ့ကို ရက်ရက်စက်စက် ချေမှုန်းဖြိုခွဲပစ်တာပဲ။ ဗိုလ်နေဝင်းတို့ဆိုရင် သမဂ္ဂအဆောက်အုံ ဗုံးခွဲပစ်တာပဲ။ ကျောင်းသား ရာနဲ့ချီ သတ်ပစ်တာပဲ။ စစ်အာဏာရှင်မျိုးဆက် မင်းအောင်လှိုင်ဆိုလည်း ကျောင်းသားတွေ လူငယ်တွေကို ကြိုးပေးပြီးတော့ ကွပ်မျက်စီရင်ဖို့ ကြိုးစားနေတာပဲ။ ကြည့်လိုက်မယ်ဆိုရင် စစ်အာဏာရှင်တွေသည် ကျောင်းသားလူငယ်တွေကို အင်မတန်ကြောက်တယ်။ အင်မတန် မုန်းတယ်။ ဒါကြောင့်လည်း အမြဲပစ်မှတ်ထားပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ဖျက်ဆီးဖို့ ကြိုးစားတယ်"
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုသူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်ချခဲ့ပါတယ်။
ဒီအပေါ် ပြည်သူတစ်ရပ်လုံးအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပါ ရှုတ်ချခဲ့ပေမယ့် စစ်ကောင်စီကတော့ ပြစ်ဒဏ်စီရင်မှုတွေ ဆက်လုပ်နေတာကြောင့် ကိုသူရမောင်မောင် အပါအဝင် သေဒဏ်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ စာရင်းအရ အာဏာသိမ်းစစ်ကောင်စီဟာ သူ့တို့ကို ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့အထဲ သေဒဏ်ချခံရသူ ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။