ရာသီဥတု အပြောင်းအလဲနဲ့ ကပ်ရောဂါ
2021.10.21

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်ရပြီး နယ်မြေအေးချမ်းတဲ့ ဒေသတွေမှာပါ ပြောက်ကျားစစ်တွေ ဆင်နွှဲနေတဲ့ ခု ၂၀၂၁ မှာ အရင်က မကြုံဖူးတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ကြုံရတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
ဒီနှစ်မုတ်သုန်ရာသီက ခါတိုင်းထက်ရှည်ကြာပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ မရွာဖူးတဲ့ ထူးကဲမိုး ရွာခဲ့တဲ့အကြောင်းနဲ့ ဒီရက်ပိုင်းမှာ မုတ်သုံနုတ်ဆက်မိုးရွာချိန်မှာ ကချင်ပြည်နယ်မှာ ထူးကဲမိုးစရွာသွန်းနေပြီး ဒီလ ၂၀ ကနေ ၂၄ ရက်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ထူးကဲမိုးရွာမယ်လို့ ခန့်မှန်းရတဲ့အကြောင်း Asia Climate Change Consortium အာရှတိုက်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဖွဲ့ဝင်ဦးအိုလာကပြောပါတယ်။
နိုင်ငံတနိုင်ငံမှာ စီမံကိန်းတွေရေးဆွဲတဲ့ အခါ သဘာဝပတ်ဝန်းကျင်ရေးရာကဏ္ဍပါရှိပေမဲ့ နောက်ဆုံးမှပါလေ့ရှိပြီး နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ စတဲ့ ကဏ္ဍတွေက ရှေ့ဆုံးမှာရှိနေတာမို့လည်း ရေကြီးသွားတဲ့အခါ ရပ်ထဲရွာထဲကဘူတွေပဲ ဝိုင်းဝန်းကူညီရတယ်လို့လည်း ပြောပါတယ်။ အရင်က ရေကြီးတယ်ဆိုတာ မြစ်ချောင်းတွေမှာ ကြီးလေ့ရှိပေမဲ့ ခုက မြို့ရွာတွေမှာ အချိန်တိုအတွင်း ရွာတာလို့ ပြောပါတယ်။ အရင် မိုးရွာတယ်ဆိုတာ တပတ် ခုနှစ်ရက်လောက် စွေပြီးရွာပေမယ့် ခုရွာတာက အချိန်တိုတိုမှာ မိုးရေချိန်များများ ရွာချတာမို့ ရာသီဥတုပြောင်းလဲခြင်းရဲ့ နောက်ဆက်တွဲကိစ္စရပ်ထဲ တစ်ခုပါတယ်လို့ ပြောပါတယ်။
ဒီလိုရာသီဥတုပြောင်းလဲတာဟာ ကမ္ဘာမှာ ခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မယ့် အန္တရာယ်ရှိတာမို့ covid-19 ဆိုင်ရာ နာလန်ပြန်ထူရေးအစီအစဉ်တွေမှာ ပတ်ဝန်းကျင်ဝါဒီတွေပါ ထည့်သွင်းဖို့ အရေးတကြီးလိုအပ်တယ်လို့ လေ့လာချက်သစ်တရပ်က တိုက်တွန်းတဲ့ အကြောင်း ဒီလ ၂၀ ရက်နေ့ထုတ် ဗြိတိန်အခြေစိုက် Lancet ဆေးပညာဂျာနယ်ကဖော်ပြပါတယ်။
ရာသီဥတုပြောင်းလဲမှုက ကူးစက်တတ်တဲ့ ရောဂါ အကူးနိုင်ဆုံးဖြစ်အောင် ဖန်တီးပေးတယ်လို့လည်း ပြောပါတယ်။ ဒါမျိုး တကယ်တန်းဖြစ်လာရင် ကမ္ဘာ့ ကျန်းမာရေးစနစ်က နိုင်နိုင်နင်းနင်းကုသနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကို နိုင်ငံတွေ နိုင်နင်းအောင် မကိုင်တွယ်နိုင်သေးဘဲ ရာသီဥတုဆိုင်ရာ စီမံကိန်းတွေကို နိုင်ငံ့ခေါင်းဆောင်တွေ အကောင်အထည်မဖော်နိုင်ရင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ကာလဝမ်းရောဂါစတာတွေကလည်း အန္တရာယ်ရှိနေတယ်လို့ လေ့လာချက်က သတိပေးပါတယ်။ ပညာရပ်ဆိုင်ရာ ၃၈ ဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလုပ်တဲ့ သုတေသနကို အခြေခံလေ့လာတဲ့ အခါ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဗိုင်းရပ်စ်ဖြစ်ပွားနှုန်းက မြန်ဆန်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတလွှားက လူ ငါးသန်းနီးပါး သေဆုံးရပြီး စီးပွားရေးအကြီးအကျယ် ထိခိုက်ရပါတယ်။ ကာကွယ်ဆေးကလည်း တခြား ဥရောပတိုက် အမေရိကတိုက်လို ကမ္ဘာ့တိုက်အများစုမှာ ၄၀ ရာခိုင်နှုန်း ထိုးပြီးချိန်မှာ အာဖရိကတိုက်မှာ ၅ ရာခိုင်နှုန်းအောက်ပဲ ထိုးနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ကာကွယ်ဆေးပထမဆုံး ရရှိပေမယ့် ဦးစားပေးအဆင့်အလိုက် ထိုးပေးနေရင်း စစ်အာဏာသိမ်းလိုက်တဲ့အတွက် နဂိုအစီအစဉ်တွေ ပျက်သွားပါတယ်။
စစ်ကိုင်းတိုင်းရွှေဘိုမြို့မှာ နေထိုင်နေတဲ့ ဦးအောင်ညွန့်ကတော့ အိန္ဒိယကလာတဲ့ကာကွယ်ဆေးကို လေးသိန်းခွဲနဲ့ ဝယ်ပြီးထိုးတယ်လို့ ပြောပါတယ်။ တချို့လည်း စစ်ကောင်စီက စီစဉ်တဲ့ ကာကွယ်ဆေးကို ထိုးနေကြပါတယ်။ မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ တစ်သောင်းရှစ်ထောင်ကျော်သေဆုံးရပြီး အတည်ပြုလူနာ လေးသိန်းကိုးသောင်းကျော် ရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရာသီဥတုပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ ကပ်ရောဂါလည်း ရှိနေတာမို့ လူချင်းခပ်ခွာခွာနေဖို့ သတိပေးပေမယ့် သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာ တွေ့ရပါတယ်။