ကုလ ရာသီဥတုညီလာခံ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.08
ကုလ ရာသီဥတုညီလာခံ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ စကော့တလန်နိုင်ငံ ဂလတ်စ်ဂိုမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က ကုလသမဂ္ဂ ရာသီဥတုပြုပြင်ပြောင်းလဲမှုဆိုင်ရာအဖွဲ့ ၂၆ ကြိမ်မြောက်ညီလာခံ ကျင်းပနေစဉ်။
Photo: AFP

ကုလသမဂ္ဂ ရာသီဥတုပြုပြင်ပြောင်းလဲမှုဆိုင်ရာအဖွဲ့ (UNFCCC) က နှစ်စဉ်ကျင်းပတဲ့ ညီလာခံကို ၂၆ ကြိမ်မြောက်အဖြစ် အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ စကော့တလန်နိုင်ငံ ဂလတ်စ်ဂိုမြို့မှာ ကျင်းပနေပါတယ်။ အဲဒီညီလာခံကိုတက်ရောက်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံကို ဖိတ်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လမှာ ဖိတ်ကြားခဲ့ပါတယ်။ ဖိတ်စာတွေကို ထုံးစံအတိုင်း နိုင်ငံတခုချင်းအလိုက် UNFCCC နဲ့ သက်ဆိုင်ရာနိုင်ငံတွေအကြား သဘောတူသတ်မှတ်ထားတဲ့ ကိုယ်စားလှယ် (National Focal Point) ထံကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်က သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းဖြစ်ပါတယ်။ သူက လန်ဒန်မြို့ရှိမြန်မာသံရုံးက သံအမတ် ဦးထွန်းအောင်ကျော် ဦးဆောင်တဲ့ ငါးဦးပါ အဖွဲ့ကို စေလွှတ်ဖို့ စီစဉ်ခဲ့တယ်လို့ အာဏာသိမ်း စစ်တပ်အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ ဂလတ်စ်ဂိုမြို့ကို စေလွှတ်ဖို့ စစ်ကောင်စီက စီစဉ်တာကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စုံစမ်းသိရှိသွားပြီးနောက် ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ညီလာခံကို တက်ရောက်ဖို့ ဂလတ်စ်ဂိုမြို့ကို ရောက်ရှိပြီး စာရင်းသွင်းတဲ့အခါမှာတော့ သူတို့ကို တက်ရောက်ခွင့် ဖျက်သိမ်းထားကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့တယ်လို့ ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးကနေ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ တတိယအတွင်းဝန် ဦးကျော်စွာထွန်း က RFA ကိုပြောပါတယ်။

Ukyawswartun.jpg“စစ်ကောင်စီဘက်ကနေပြီး အဓိကက သူတို့ကို လူလိုသူလို ဆက်ဆံခံရဖို့အတွက် ကြိုးစားတာပါ။ စကော့တလန်မှာ လုပ်မယ့်အစည်းအဝေးကို သံအမတ်ဦးထွန်းအောင်ကျော် ဦးဆောင်ပြီး သံမှူးကြီးဦးချစ်ဝင်း၊ ဦးကျော်မြင့်နဲ့ ဦးမင်းခိုင်ကြာညိုတို့ အပါအဝင် စုစုပေါင်း ၅ ယောက် ခရီးသွားကြပါတယ်။ Nominate လုပ်တဲ့အခါမှာလည်း UN ဘက်မှာက အဆိုပြုတာကို လက်ခံတဲ့အဖွဲ့ရှိပါတယ်။ နောက်ပြီးတော့မှ သူတို့အဖွဲ့ကို လက်ခံခြင်း မခံခြင်း credential အရ ဆုံးဖြတ်တာ တဖွဲ့ရှိပါတယ်။ အဲဒီကြားမှာ ဝေဝါးစရာတွေ ဖြစ်သွားကြတယ်။ သူတို့ ငါးယောက်ကို စပြီး nominate လုပ်တဲ့အချိန်မှာ ခရီးသွားလာစရိတ်ကို UN ဘက်က nomination ကို လက်ခံတဲ့အဖွဲ့က ထုတ်ပေးလိုက်တယ်။ တကယ့်တကယ်ကျတော့ credential အဖွဲ့က သူတို့ရဲ့ nomination ကို လက်မခံဘဲ ပယ်ဖျက်လိုက်တယ်။ နောက်ပိုင်းမှာ သူတို့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး တက်ရောက်ခွင့်လည်း မရဘူး အဆိုပြုခွင့်လည်း မရခဲ့ပါဘူး။ စကော့တလန်ကနေ သူတို့ တပ်ခေါက်ပြီး ပြန်လာခဲ့ရပါတယ်”

000_9RA763.jpg
စကော့တလန်နိုင်ငံ ဂလတ်စ်ဂိုမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က ကုလသမဂ္ဂ ရာသီဥတုပြုပြင်ပြောင်းလဲမှုဆိုင်ရာအဖွဲ့ ၂၆ ကြိမ်မြောက်ညီလာခံ ကျင်းပနေစဉ်။ (Photo: AFP)

ညီလာခံတက်မယ့် စစ်ကောင်စီအဖွဲ့ကို လက်မခံဖို့ ဖိအားပေးပြောဆိုခဲ့တဲ့ အဖွဲ့အစည်းတွေ အစိုးရတွေရဲ့အမည်စာရင်းတွေကိုတော့ အတိအကျ မသိရပါဘူး။ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ အဲဒီညီလာခံကို တက်ရောက်ဖို့ မိမိတို့ ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

“ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ ညီလာခံကိုတက်ဖို့ ကျနော်တို့ ကြိုးစားခဲ့တာရှိပါတယ်။ တဖက်ကလည်း စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေလွှတ်တယ်လို့ သိရတယ်။ အခု ဆုံးဖြတ်ချက်အရဆိုရင်တော့ စစ်ကောင်စီဘက်ကလည်း တက်ခွင့်မရဘူး။ ကျနော်တို့ကိုယ်စားလှယ်တွေလည်း တက်ခွင့်မရဘူးလို့ သိရပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးသိတဲ့အတိုင်း ပြည်သူလူထုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကျနော်တို့ အစိုးရရဲ့ ကိုယ်စားပြုမှုကို အသိအမှတ်ပြုပြီးတော့ ဒီလိုမျိုးအရေးကြီးတဲ့ ညီလာခံတွေမှာ တက်ခွင့်ရအောင် ဆောင်ရွက်ပေးသင့်တယ် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင် ဒီလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေမှာ ပါဝင်ဆွေးနွေးခွင့် မရတဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းပြည်အနေနဲ့လည်း အများကြီး နစ်နာဖို့ ရှိပါတယ်။ ကျနော်တို့ကတော့ ဆက်ပြီးတော့ ကျနော်တို့ရဲ့ကိုယ်စားပြုမှု ရရှိအောင် ဒီလိုမျိုး ကုလသမဂ္ဂအစည်းအဝေးတွေမှာ ဆက်ပြီးကိုယ်စားပြုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်”

အခုလို စစ်ကောင်စီအဖွဲ့ကို တက်ရောက်ခွင့်ပိတ်ပင်ခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်တဲ့အတွက်ကြောင့် ခုလိုတက်ရောက်ခွင့်ကို ကုလသမဂ္ဂက ဖျက်သိမ်းတယ်ဆိုတာ အင်မတန်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ရပါတယ်။ အခု သူတို့လည်း လိုက်ပြီးတော့ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ တက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂ တာဝန်ရှိတဲ့သူတွေ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေကလည်း ကိုယ်စားပြုမှု မရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးတယ်ဆိုတာ သိရတယ်။ ကျနော်တို့ကို ကူညီဆောင်ရွက်ပေးတာရှိတဲ့အတွက်ကြောင့် ကျနော်တို့ အများကြီး ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းတခုက ဒီလိုအစည်းအဝေးကို တက်ခွင့်မရဘူးဆိုတဲ့ သင်ခန်းစာကို သူတို့ကို ကောင်းကောင်းပေးနိုင်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြည်သူလူထုအတွက်က အင်မတန်ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်”

စစ်ကောင်စီအဖွဲ့ကို ဖိတ်ကြားခဲ့စဉ်က ကိုယ်စားလှယ် ငါးဦးအနက် သုံးဦးအတွက် ခရီးစရိတ်တွေကို UNFCCC က ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီအဖွဲ့အနေနဲ့ ညီလာခံကို လူကိုယ်တိုင် တက်ရောက်ခွင့်မရတဲ့အပြင် အင်တာနက်အွန်လိုင်းက တက်ရောက်ခွင့်ကိုပါ ပိတ်ပင်ခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ အသိုင်းအဝန်းက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက်ကလည်း ဒါဟာ စစ်ကောင်စီရဲ့ ကျဆုံးခန်းတခုပဲလို့ ပြောပါတယ်။

“ဒီလိုအရေးပါတဲ့ ညီလာခံတခုကို စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဘူးဆိုတာဟာ ကျနော်တို့ရဲ့ အရေးတော်ပုံကြီးအတွက်ရော ကျနော်တို့ပြည်သူတွေအတွက်ရော တကယ့်ကို မင်္ဂလာရှိတယ်။ ဒါဟာ ကမ္ဘာ့အသိုင်းအဝိုင်းက ကျနော်တို့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေတယ်ဆိုတာ ဖော်ပြတာပဲဖြစ်တယ်။ ကမ္ဘာကြီးက ကျနော်တို့ ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ယုံကြည်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို သုံးသပ်မယ်ဆိုရင် စစ်ကောင်စီဟာ ကမ္ဘာ့အသိုင်းအဝိုင်းမှာ တဖြည်းဖြည်းနဲ့ကျဆုံးနေပြီဆိုတာ ထင်ရှားနေပါတယ်”

အဲဒီ ညီလာခံကို တက်ရောက်ခဲ့စဉ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို တို့ရဲ့ တွေ့ဆုံပွဲကလည်း UNFCCC အဖွဲ့ရဲ့ မြန်မာ့အရေး အာရုံစိုက်မှုကို ပိုမိုရရှိစေခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ အခုတင်ပြတဲ့ သတင်းနဲ့ပတ်သက်ပြီး လန်ဒန်မြို့ရှိ မြန်မာစစ်ကောင်စီသံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။