မြန်မာနိုင်ငံတစ်ဝန်း အပူချိန်မြင့်တက်မှုဒဏ် ဆိုးဆိုးရွားရွားကြုံနေရ

RFA Burmese
2023.05.09
မြန်မာနိုင်ငံတစ်ဝန်း အပူချိန်မြင့်တက်မှုဒဏ် ဆိုးဆိုးရွားရွားကြုံနေရ ရန်ကုန်မြို့တွင် လှုပ်ရှားသွားလာနေသူတချို့အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းကစလို့ နေ့အပူချိန် သိသိသာသာ မြင့်တက်လာခဲ့ပြီး ဧပြီလအတွင်းမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်အတွင်းက မြို့နယ်ခြောက်ခုမှာ နေ့အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနဲ့လဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာလည်း နိုင်ငံတစ်ဝန်းမှာ အမြင့်ဆုံး နေ့အပူချိန်ဟာ ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၄၆ ဒီဂရီစင်တီဂရိတ်ထိ ရှိနေဆဲဖြစ်ပါတယ်။

အခုလို အပူချိန်န်မြင့်တက်တာဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးရွာသွန်းမှုနည်းပါးတာကြောင့် ပြင်းထန်တဲ့ အပူချိန်ကို နောက်ဆက်တွဲခံစားနေကြရ တာလို့ မိုးလေဝသပညာရှင်တွေက ပြောဆိုကြပါတယ်။

"ခါတိုင်းနှစ်တွေနဲ့ကို မတူဘူး၊ ထူးထူးခြားခြားကို ပူတာပါ”

ဒီနှစ်အပူချိန်ဟာ အရင်ထက် ပိုလာသလို အပူချိန်န်ပြင်းထန်တဲ့ ရက်လည်း ကြာရှည်နေ တယ်လို့ မိုးလေဝသနဲ့ ဇလဗေညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။

“အပူချိန်ကတော့ ပုံမှန်ထက်တော့ နည်းနည်းလေး ပိုနေတဲ့ အနေထားရှိတယ်။ သို့သော် ဒီနှစ်ပူတာ နည်းနည်းလေး ရက်ကြာတယ်။ မနှစ်ကဆို ပူတယ်၊ ပူပြီးတော့ မိုးလေး ဘာလေး ရွာလိုက်တော့ နည်းနည်း အပူလျော့တယ်။ ဒီနှစ်က ဧပြီထဲမှာတော့ မိုးရွာတယ် မေလထဲမှာတော့ ရွာတဲ့နေတော့ ရှိတာပေါ့လေ၊ မရွာတဲ့နေရာတွေမှာ ပူနေတာ။ ဧရာဝတီတို့၊ ရန်ကုန်တို့၊ ပဲခူးတို့ဆိုရင် မိုးမရွာတာ နည်းနည်းကြာသွားတော့ အပူချိန် တက်လာတာပေါ့။ ပူတာက မှန်ပေမယ့် စံချိန်မကျိုးဘူး။ သို့သော် ဘာကြောင့် ပူတယ်ပြောလဲဆိုတော့ ပူတဲ့ရက်ကနည်းနည်းလေး ကြာလာတာပေါ့။ နောက်တစ်ခါ ကျွန်တော့်ရဲ့အမြင် မီးပြတ်တဲ့အခါကျတော့ အအေးဓာတ်မရဘူး၊ အအေးဓာတ် မရတော့ ပူတယ်လို့ပဲ အော်နေတယ်လို့ပဲ ကျွန်တော်က ထင်တာပေါ့”

မေလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို မိုချာဆိုင်ကလုန်းမုန်တိုင်း ဝင်လာနိုင်ခြေရှိပြီး မုန်တိုင်းအပြီး မုတ်သုံလေ ဝင်လာနိုင်တာကြောင့် မြန်မာနိုင်ငံမှာ အပူချိန်ပြင်းထန်မှုကာလ ပြီးဆုံးသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

နေ့အပူချိန် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၃ နာရီအချိန်အထိ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်တာကြောင့် နေရောင်ခြည်တိုက်ရိုက်ကျရောက် တဲ့ နေရာတွေမှာ အလုပ်လုပ်တာကိုရှောင်ရှားပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း ထီး၊ ဦးထုပ် တစ်ခုခုဆောင်းတာ၊ အပူဒဏ်ကာကွယ်နိုင်တဲ့ အရိပ်ရနေရာတွေမှာ နေထိုင် အလုပ်လုပ်သင့်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာနေထိုင်တဲ့ ကိုနေကျော်ကတော့ အရင်နှစ်တွေထက် အခုနှစ်နွေရာသီဟာ အပူချိန်ကို ပြင်းပြင်းထန်ထန်ခံစားရတယ်လို့ ပြောပါတယ်။

"မုံရွာမှာဆို အပူချိန်က အရမ်းပြင်းတယ်။ ဘယ်လောက်အထိ ပြင်းသလဲဆိုရင် ဖုန်းတွေထဲမှာပြတဲ့ အပူချိန်တွေဆိုရင် ၄၂၊ ၄၄ အထိပြင်းတာ၊ ဘာဖြစ်လို့ ဒီလောက်ထိ ပူရသလဲ၊ ခါတိုင်းနှစ်တွေမှာ ဒီလောက် မပူပါဘူး။ အဲဒီလောက်ပူနေတဲ့ဟာက ကလေးငယ်တွေနဲ့ လူကြီးတွေအတွက် အရမ်းစိုးရိမ်ရတယ်၊ ကျွန်တော်တို့ဆီမှာ ၁၂ ရပ်ကွက်လောက်ရှိတာ ၊ဒီရက်ပိုင်း ရပ်ကွက်တိုင်းနီးပါးကို နာရေးကူညီမှုအသင်းက ဒီအပူဒဏ်တွေကြောင့် ဖြစ်လာတဲ့လူတွေကို နေ့တိုင်းလောက် ပို့ပို့ပေးနေရတာကို တွေ့နေရတယ်။ ခါတိုင်းနှစ်တွေနဲ့ကို မတူဘူး၊ ထူးထူးခြားခြားကို ပူတာပါ”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ မေလ ၉ ရက် ဒီနေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ချောက်မြို့နယ်နယ်မှာ နေ့အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ ပဲခူးဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။

ဒီနေ့ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့တဲ့ ရန်ကုန်တိုင်းမှာတော့ ရာသီဥတုပူလွန်းတာကြောင့် အိပ်ရေးပျက်၊ အလုပ်ပျက်တဲ့အထိ ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ဒီနှစ်နွေဟာ တကယ်ကိုထူးထူးခြားခြား ပိုပူလာတယ်ပြောရမှာပါ၊ တဖြည်းဖြည်းကို အပူတွေက ပိုပိုပြီးတိုးလာသလိုပါပဲ၊ အရမ်းပူတဲ့အတွက်ကြောင့် ညညဆို တော်တော်နဲ့ကို အိပ်မပျော်ပါဘူး။ မကြာခဏရေထထ ရေချိုးရတာတွေလည်းရှိတယ်။ မီးကလည်း ပြတ်ပြတ်သွားတော့ အဲလိုပြတ်သွားရင် အဲကွန်းတွေက ရပ်သွားတယ်။ အဲဒီမှာ ပြန်အိပ်လို့ မရတော့ဘူး။ အဲဒီလိုအပူတွေကြောင့် အိပ်ရေးတွေပျက်တာ များလာတယ်။ အလုပ်အတွက်လည်း အနှောင့်အယှက်တွေဖြစ်ရပါတယ်"

အပူချိန်မြင့်တက်မှုရဲ့ နောက်ဆက်တွဲ ရုတ်တရက်သေဆုံးတာနဲ့ အရေးပေါ်လူနာတွေ အခုရက်ပိုင်း ရန်ကုန်မြို့မှာ ပိုများလာတယ်လို့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက RFA ကို ပြောပါတယ်။

"အခုရက်ပိုင်းတော့ အသေအပျောက် နည်းနည်းပိုများလာတယ်။ အပူချိန်ကြောင့် မူးလဲတာတွေ ဖြစ်ကြတာတွေ ရှိလာတယ်ပေါ့နော်။ အဲဒါတွေ နောက်ပြီး နည်းနည်းလေး အသေအပျောက် ပိုလာတယ်။ အများဆုံးက ဦးနှောက်သွေးကြောပြတ်တာမျိုး၊ နေပူထဲကလာတယ် ပြီးရင် အအေးထဲ ဝင်တယ်။ အဲချိန်မှာ ပစ်လဲသွားတာ၊ အအေးထဲကနေပြီးတော့ အပြင်ကို ထွက်လိုက်တယ် ရုတ်တရက် လဲသွားတယ် ဒါမျိုးတွေလည်း တွေ့ရတယ်"

အပူရှိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပါ်လူနာ တစ်နေ့ကို ရှစ်ဦးကနေ ကိုးဦးအထိ နီးစပ်ရာ ဆေးရုံ အရေးပေါ်ကုသရေးဌာနတွေကို သူတို့အသင်းက ပို့ပေးနေရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင် လှုပ်ရှားသွားလာနေသူတချို့အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင် လှုပ်ရှားသွားလာနေသူတချို့အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အပူချိန်မြင့်တက်တဲ့ဒဏ်ကို ကလေးရောလူကြီးပါမကျန် အသက်ဆုံးရှုံးတဲ့အထိ ကြုံတွေ့နေကြရတာလို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောပါတယ်။

"ကလေးတွေမှာ လူကြီးတွေနဲ့စာရင် ခန္ဓာကိုယ်အစိတ်အပိုင်းက သေးငယ်တယ်၊ ဒါကြောင့် ရေဓာတ်ကလည်း နည်းတယ်၊ အပူဒဏ်ကိုခံနိုင်မယ့် ရေဓာတ်ကို လုံလောက်အောင် မသိုလှောင်နိုင်တာကြောင့် ရေဓာတ်ရှုံးဆုံးသွားတဲ့အခါ ကလေးတွေမှာ သိသိသာသာ ခံစားရတယ်၊ အပူရှပ်တဲ့ လက္ခဏာက သူတို့အတွက် ပြင်းထန်တယ်၊ ဒါကြောင့် ကလေးတွေက ပိုပြီးအသက် ဆုံးရှုံးရနိုင်တယ်။ လူကြီးတွေထဲ မှာတောင် အသက်အရမ်းကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာ အပူကိုထိန်းညှိပေး မယ့် အလုပ်က ပုံမှန်လူတွေလို အလုပ်မလုပ်နိုင်တော့ဘူး၊ အပူချိန်က ရုတ်တရက် မြင့်လာတဲ့အချိန်မှာ ချွေးမထွက်နိုင်တာတွေ၊ ရေဓာတ်ခမ်းခြောက်သွားတာတွေကြောင့် အသက်ဆုံးရှုံးရတာမျိုးတွေ ဖြစ်ရတာပါ"

အခု ၂၀၂၃ -၂၄ ခုနှစ်တွေဟာ အယ်လ်နီညိုရာသီဥတုကြောင့် တစ်ကမ္ဘာလုံးအနေနဲ့ အပူချိန်စံချိန်သစ်တင် ခံစားရမယ့်နှစ်တွေဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း တစ်ကမ္ဘာလုံးမှာ အပူပြင်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။