ရောဂါထိန်းချုပ်နိုင်ရေး တားမြစ်ချက်တွေလိုက်နာဖို့ ပြည်ပရောက်မြန်မာဆရာဝန်တွေ တိုက်တွန်း
2020.04.27
Covid-19 လို့ ခေါ်တဲ့ ကူးစက်မြန် Coronavirus ရောဂါဟာ အခု ကမ္ဘာအဝှမ်းပျံ့နှံ့နေပြီး ကူးစက်ခံရသူ ၃ သန်းကျော် ရှိလာနေပြီဖြစ်ကာ သေဆုံးသူကလည်း ၂ သိန်းကျော်သွားပါပြီ။
ဒီဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ အမြင့်မားဆုံးအခြေအနေကိုရောက်လာပြီးရင် တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားတာမျိုး တွေ့ရတတ်သလို တပြိုင်နက်ထဲမှာလဲ အဲလိုကျသွားပေမဲ့ ထပ်မံကူးစက်ပြီး ဖြစ်ပွားနှုန်း ပြန်မြင့်မားလာတာတွေလဲ တွေ့ရပါတယ်။
မြန်မာပြည်မှာလဲ ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကို မတ်လ တတိယပတ်က စတင်တွေ့ရှိခဲ့ပြီး အခုတလတာအတွင်း ကူးစက်ခံရသူ ၁၅၀ နီးပါးရှိလာပြီဖြစ်ကာ သေဆုံးသူ ၅ ဦးရှိနေပါတယ်။ ဒီဗိုင်းရပ်စ််ကူးစက်မှုဟာ မြန်မာနိုင်ငံမှာ လာမဲ့ ၂ လအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်တယ်လို့လဲ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။ အမေရိကန်နိုင်ငံက ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးက Social distancing လို့ခေါ်တဲ့ လူ တဦးနဲ့တဦး အကွာအဝေးတခုခြား ခပ်ခွာခွာနေခြင်းနဲ့ လက်ဆေးခြင်းတွေက ရောဂါကူးစက်ပြန့်ပွားနှုန်းကို လျော့ပါးစေပြီး ကူးစက်မှုအမြင့်ဆုံး အခြေအနေမရောက်အောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ နယူးယောက်ပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနဲ့ သေဆုံးမှုအများဆုံးဖြစ်နေတာပါ။ ပညာရှင်တွေက နယူးရောက်ပြည်နယ်ရဲ့ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအချိန်ကို ခန့်မှန်းတွက်ချက်ခဲ့ကြပေမဲ့ Stay Home အမိန့်တွေ Social distancing တားမြစ်ချက်တွေကြောင့် အဲဒီအခြေအနေထိ မရောက်ခဲ့ဘဲ ကူးစက်မှုသေဆုံးမှု ကျဆင်းလာခဲ့တာပါ။
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပုလစ်မြို့က ဒေါက်တာတင့်ဆွေကလဲ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ သေဆုံးမှု အတတ်နိုင်ဆုံး လျော့နည်းအောင် အစိုးရက စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျထုတ်ပြန်ပြီး ပြည်သူကလဲ ဂရုတစိုက် လိုက်နာသင့်တယ်လို့ ဆိုပါတယ်။
ရန်ကုန်အနောက်ပိုင်းဆေးရုံက မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနီလာသိန်းကလဲ ပြည်သူတွေကြား ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေရှိနေနိုင်တာကို သတိထားရမှာဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ဖို့လိုတယ်လို့ မြင်ပါတယ်။
လတ်တလော နိုင်ငံတချို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးသူတွေထံမှာ နောက်ထပ်ရောဂါပြန်ပြီးဖြစ်ပေါ် လာတာတွေ ရှိလာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါပိုးအသစ်ဖြစ်ပြီး အချိန်တိုအတွင်း ခုလို နှစ်ခါပြန်ကူးစက်တာနဲ့ပတ်သက်လို့ ပညာရှင်တွေကလဲ လေ့လာနေဆဲဘဲဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီကပ်ရောဂါအပေါ် ပေ့ါပေါ့ဆဆ မနေဘဲ တိတိကျကျဆောင်ရွက်ကြဖို့ ဆေးပညာရှင်တွေက တိုက်တွန်းတာလဲဖြစ်ပါတယ်။