ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ဘယ်လိုရင်ဆိုင်မလဲ

နန္ဒာချမ်း
2020.03.13

မြန်မာနိုင်ငံမှာတော့ အခုထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမရှိသေးဘူးလို့ အစိုးရက အတိအလင်း ပြောထားပါ တယ်။ ကမ္ဘာတဝှမ်းမှာတော့ - ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁ သိန်း ၄ သောင်းကျော်ရှိပြီး၊ အသက်မသေဘဲ ပြန်ကောင်းလာသူ ရ သောင်းကျော်ရှိတာပါ။ အဲ့လို ပြန်ကောင်းလာသူတွေထဲမှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့က အဲလိဇဘက် ရှနိုက်ဒါ (Elizabeth Schneider) လည်း ပါပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ အဖြေထွက်လာတော့ တော်တော့်ကို လန့်သွားတာ။ မမျှော်လင့်ထားဘူး။ အိမ်တအိမ်မှာ ပါတီသွားပြီး ၃ ရက်အကြာမှာပဲ သူငယ်ချင်းတွေရော သူကိုယ်တိုင်ပါ နေမကောင်းဖြစ်တယ်။ အားလုံးက ရောဂါလက္ခဏာ ပုံစံတူဖြစ်ကြတာ။ တချို့သူငယ်ချင်းတွေက ဆရာဝန်ဆီ သွားကြတယ်။ ကျမကတော့ မသွားဘူး၊ နောက်ဆုံးကျတော့ နေပြန်ကောင်းပြီး၊ သက်သာလာပါတယ်။ ကိုယ့်ဖာသာ သီးသန့်ခွဲပြီး နေခဲ့တာ အဆင်ပြေပါတယ်”

ဒီလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးမှ အသက်မသေဘဲ ပြန်ကောင်းလာသူတွေဟာ ရောဂါအခံမရှိသူတွေနဲ့ ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်တွင်းက ခုခံအားစနစ် ကောင်းမွန်တာကြောင့်ဖြစ်တယ်လို့ - အမေရိကန်ပြည်ထောင်စုက ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုး က ပြောပါတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကိုလည်း ပြောင်းလဲနေထိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“အာဟာရဖြစ်တဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို စားပေးဖို့လိုအပ်တယ်။ အထူးသဖြင့် အသားထက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ စားတာ ကောင်းတယ်။ ပြီးတော့ လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ အဓိကကတော့ အဲ့ဒီ နှစ်ချက်ပေါ့နော်။ ကျန်တာကတော့ အိပ်ရေးဝအောင် အိပ်ရမယ်။ အပြည့်အဝ အနားယူရမယ်။ စိတ်ဖိစီးမှုတွေ လျှော့ချဖို့ လိုတယ်။ တရားထိုင်တာ၊ ယောဂကျင့်စဉ်လုပ်တာ ဒါတွေက ကျန်းမာရေးကို အထောက်အပံ့ပြုတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးရော ကောင်းရင် ဒီဗိုင်းရပ်စ်ကို အလွယ်တကူ ပြန်တိုက်နိုင်ပါတယ်”

မြန်မာနိုင်ငံမှာဆိုရင် မတ်လ ၁၃ ရက်နေ့အထိ စောင့်ကြည့်လူနာနဲ့ သံသယလူနာ စုစုပေါင်း ၁၁၅ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေကို သီးခြားခွဲထားပြီး ၁၄ ရက် စောင့်ကြည့်ရပါတယ်။ ကိုယ့်ကိုကိုယ် နေထိုင်မကောင်းလို့ သံသယဖြစ်ရင်လည်း ၁၄ ရက် အိမ်မှာ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။ကိုယ့်ကိုယ်ကို ၁၄ ရက် ဘယ်လိုနေထိုင် စောင့်ကြည့်ရမလဲဆိုတာကိုလည်း ဒေါက်တာ မင်းမင်းစိုးက ရှင်းပြထားပါတယ်။
“ကိုယ့်ဟာကိုယ် အိမ်မှာပဲ နေရတာပေါ့နော်။ တတ်နိုင်ရင်တော့ အိပ်ခန်းထဲမှာပဲ ကိုယ့်ဟာကိုယ် သီးသီးသန့်သန့်နေတာ အထိရောက်ဆုံးပဲ။ တတ်နိုင်ရင် ဘယ်သူနဲ့မှကို အိမ်သားတောင်မှ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် နေနိုင်ရင် ပိုကောင်းတယ်။ အကယ်၍ ကိုယ့်မှာများပိုးတွေ ရှိနေခဲ့ရင်၊ လက္ခဏာတွေ ပေါ်လာရင် ကိုယ့်ရဲ့အိမ်သားကို ကူးသွားနိုင်တယ်နော်။ အစားအသောက်စားတဲ့အခါမှာလည်း တခါသုံး ပန်းကန်နဲ့စားပြီး သေချာစွန့်ပစ်တာတို့၊ လက်ကိုလည်း ခဏခဏ ဆေးပေးဖို့၊ လက်သည်းတွေ၊ လက်ထိပ်တွေက ပိုပြီး ပိုးတွေ အောင်းတတ်တယ်။ တတ်နိုင်ရင် လက်သည်းပါ ညှပ်ပစ်ရင် ကောင်းတယ်ဗျာ။ အဓိကက အပြင်လူနဲ့ မတွေ့အောင် နေဖို့ပဲ”

၁၄ ရက်စောင့်ကြည့်နေချိန်မှာ အလုပ်မလုပ်ဖို့၊ ကျောင်းနဲ့ လူထူထပ်တဲ့နေရာတွေကို မသွားလာဖို့၊ အများပြည်သူသုံး ဘတ်စ်ကားတွေ၊ တက္ကစီတွေလည်း မသုံးဖို့၊ မျက်နှာသုတ်ပုဝါ စတာတွေကိုလည်း မိသားစုမျှဝေမသုံးဖို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC က အကြံပြုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။