ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်ကိုင်ဖုန်းတွေ မကြာခဏသန့်ရှင်းပေးဖို့ လိုအပ်
2020.03.17
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ကို ခဏခဏဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ လူထူတဲ့နေရာတွေကို ရှောင်ဖို့၊ ဒါတွေကို လူတွေ ဂရုတစိုက်နဲ့ သတိထားလုပ်ဆောင်နေတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကိုယ်နဲ့ အနီးဆုံးမှာ နေ့တိုင်းသုံးနေတဲ့ လက်ကိုင်ဖုန်းတွေကိုတော့ ဒီလို ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နေချိန်မှာ - သန့်ရှင်းရေးလုပ်ဖို့ မေ့နေကြတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုက Verizon ဖုန်းလိုင်းဝန်ဆောင်မှု ကုမ္ပဏီက သတိပေးလိုက်ပါတယ်။
ဖုန်းတွေကို ပိုးသန့်စင်တဲ့အဝတ်နဲ့ ခပ်ဖွဖွသုတ်ပေးဖို့ ဒါမှမဟုတ် ပိုးသန့်စင်တဲ့ ဆေးရေနဲ့ ဖျန်းပြီး ပုံမှန် သန့်ရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။
Apple ကုမ္ပဏီကလည်း - ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပျံ့နှံ့လာချိန်မှာ - အရက်ပျံ ၇ဝ ရာခိုင်နှုန်းပါတဲ့ အဝတ်စ ဒါမှမဟုတ်ရင်လည်း ပိုးသန့်စင်တဲ့ အဝတ်စနဲ့ သုတ်ပေးလို့ ရတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း အဝတ်လျှော်ဆပ်ပြာလိုမျိုး အပြင်းစားတွေကို မသုံးမိဖို့နဲ့ အားသွင်းတဲ့အပေါက်ကို ရေမဝင်အောင်လည်း သတိပေးထားတာပါ။
တကယ်တော့ - ကိုယ်သွားလေရာ အမြဲယူသွားတတ်တဲ့ လက်ကိုင်ဖုန်းတွေဟာ အိမ်သာကမုတ်ထက်တောင် ဘက်တီးရီးယားပိုး ၁ဝ ဆ ပိုများတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မှာ - ဘက်တီးရီးယားပိုးများတဲ့ လက်ကိုင်ဖုန်းတွေကို လက်ဆေးသလိုပဲ ခဏခဏသန့်ရှင်းပေးနေဖို့ လိုအပ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေးဌာန CDC ကလည်း - ဆေးကြောမထားတဲ့ လက်တွေနဲ့ ကိုယ့်ရဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနဲ့ မျက်နှာတဝိုက် ပွတ်သပ်မိတာမျိုးကနေ ကူးစက်နိုင်တယ်လို့ ကြေညာချက်ထုတ်ပြီး သတိပေးထားတာပါ။
ဒါကြောင့် သတိဆိုတာ ပိုတယ်မရှိ - ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့အချိန်မှာ လက်ကိုင်ဖုန်းတွေကိုလည်း လက်တွေ နည်းတူ သန့်ရှင်းပေးနေဖို့ လိုအပ်ပါတယ်။