လွှတ်တော်သက်တမ်း ၂ နှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်မလဲ
2019.02.06
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်အတွင်းက နိုင်ငံရေး ပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို အချိုးကျထည့်သွင်းပြီး ဖွဲ့စည်းမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
ကော်မတီအနေနဲ့ ကျန်ရှိနေတဲ့ လွှတ်တော်သက်တမ်း ၂ နှစ်တာ ကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်လောက်အတိုင်းအတာထိ ဆောင်ရွက်နိုင်မလဲဆိုတဲ့အပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
လွှတ်တော်သက်တမ်း ၂ နှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်မလဲ
(ဝေမာထွန်း)
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်အတွင်းက ဆောင်ရွက်မယ်ဆိုရင် သူတို့ပြင်ဆင်လိုတဲ့ ဥပဒေပုဒ်မတွေဟာ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှပြင်ဆင်နိုင်မယ်ဆိုတာသိပေမယ့် NLD က လွှတ်တော်တွင်းကနေ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းတိုက်လုပ်ဆောင်လာခဲ့ပါတယ်။
အခြေခံဥပဒေကို လွှတ်တော်အတွင်းကနေ ပြင်ဆင်နိုင်မှု ရာခိုင်နှုန်းဟာ မရှိသလောက်နည်းတဲ့ ကြားက NLD က ဘာကြောင့် အခုလို ဆောင်ရွက်ခဲ့ပါသလဲ။ ဥပဒေပညာရှင် ဦးသိန်းသန်းဦး က အခုလို သုံးသပ်ပါတယ်။
"ဒီထဲမှာပြင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ တင်တဲ့နေ့ ဦးကိုနီ လုပ်ကြံခံရတဲ့ ၂ နှစ်မြောက်နေ့ပေါ့။ ဒုတိယ အချက်ကတော့ ရွေးကောက်ပွဲနီးလာပြီ။ ၂၀၁၅ က ပေးခဲ့တဲ့ ရွေးကောက်ပွဲကတိများအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရတော့မယ်။ သူတို့ကြိုးစားပြင်တဲ့အကြောင်း ပြလိုတယ်။ ကော်မတီဖွဲ့လည်း ပြင်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရေး အရေးကြီးအဆိုကို တင်သွင်းစဉ်နဲ့ ဆွေးနွေးခဲ့စဉ်မှာ တပ်မတော်သားတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက ဒါဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ လွှတ်တော်မှာ အဆိုကိုမဲခွဲဆုံးဖြတ်ရာမှာတော့ NLD က ကိုယ်စားလှယ်ပါဝင်မှု အချိုးအစား အားသာမှုအရ ထောက်ခံမဲအများအပြားရပြီး အဆိုအတည်ဖြစ်ခဲ့ပါတယ်။
ဒီကော်မတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခြေ ရှိနိုင်ပါသလဲ။
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် က အခုလို သုံးသပ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ကိုရော ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေကိုရော လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်တဲ့အတွက် ဥပဒေနဲ့ပတ်သက်ရင်တော့ ဒီဆောင်ရွက်ချက်က တော်တော့်ကို လမ်းလွဲနေတယ်လို့ ကျနော် ပြောပါရစေ။ ဒါကြောင့် ရလဒ်ကောင်းလည်း မထွက်နိုင်ဘူးလို့ ကျနော် သုံးသပ်ပါတယ်"
ဦးသိန်းညွန့်ဟာ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး အဲဒီအကြိမ်လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပထမအကြိမ် လွှတ်တော်မှာဖွဲ့ခဲ့တဲ့ လေ့လာသုံးသပ်ရေး ကော်မတီမှာတော့ ကိုယ်စားလှယ် ၁၀၉ ဦး ပါခဲ့ပါတယ်။
ဒီနေ့ လွှတ်တော်က ဖွဲ့စည်းဖို့ အတည်ပြုလိုက်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းမယ်လို့ လွှတ်တော် နာယက က ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ဒီကော်မတီမှာ ပါဝင်ဆောင်ရွက်မလားဆိုတဲ့အပေါ် USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးပြောတာက ….
"သူတို့ရှေ့ဆက်လုပ်ဆောင်မယ့် အခြေအနေပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျ။ ဥပဒေနဲ့မညီပါဘူးလို့ ကျနော်တို့ အတွင်တွင်ပြောနေပါလျှက်နဲ့ ဒါဇွတ်ဖွဲ့ခဲ့တာပေါ့။ တကယ်ဆိုလို့ရှိရင်တော့ ဒီကော်မတီရဲ့ နာမည်က နိုင်ငံတော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်ဆိုတဲ့ နာမည်ပေးရမှာဗျ"
အခြေခံဥပဒေပြင်ဆင်ရေးဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊၂၁ ရာစု ပင်လုံဆွေးနွေးပွဲတွေကနေ တဆင့်သာသွားနိုင်မယ်ဆိုတာ သိတာကြောင့် NLD က အစိုးအာဏာရကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးစားပေးဆောင်ရွက်လာခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေ ကြားညှိနှိုင်းမှုတွေဟာ လက်ရှိအချိန်အထိ သိသာတဲ့ အကျိုးရလဒ်မရှိလာတဲ့အခါ NLD အနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတွက် လွှတ်တော်တွင်းကနေ လုပ်ဆောင်ဖို့ ပြန်လည်လှုပ်ရှားလာခဲ့ပါတယ်။
NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ရတဲ့နည်းလမ်းနဲ့ ဖွဲ့စည်းပုံပြင်ရေးကို လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
"ကြိုးစားမယ်ဆိုတည်းက အောင်မြင်မယ်လို့ ယုံကြည်လို့ ကျနော်တို့ ကြိုးစားကြည့်တာပါခင်ဗျ။ ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့ ဆောင်ရွက်ပါမယ်ဆိုတာ"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဒီနေ့ အတည်ပြုလိုက်တဲ့ ကော်မတီမှာ SNLD ပါတီ ကိုယ်စားလှယ်တွေ ဝင်ရောက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ ပါတီကလည်း တက်နိုင်သလောက် ပူးပေါင်းပါဝင်ဖို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါတီကနေ ညွန်ကြားထားပါတယ်။ အနည်းဆုံး ၃ ယောက်ပါဝင်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ အန်အယ်လ်ဒီကိုယ်တိုင်က ဖွဲ့စည်းပုံကို ပြင်ချင်တာလား ဒါမှမဟုတ်လို့ရှိရင် ၂၀၂၀ အတွက် ကြိုမြင်ပြီး ဒီကိစ္စ တွေလုပ်တာလားဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ အသေအချာပြောလို့မရဘူးပေါ့။ တကယ်သာ ပြင်မယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ကြိုးပမ်းနေတာထက် အပြင်မှာ အန်အယ်လ်ဒီအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအစုအဖွဲ့ ဒီလိုမျိုး ၃ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး အဖြေတစ်ခုရမယ်ဆိုရင် အဲဒီအဖြေကနေမှ ဖွဲ့စည်းပုံပြင်မယ့် အခြေခံမူဆိုပြီး ချလိုက်မယ်ဆိုရင် ပြီးပါတယ်ခင်ဗျ"
မကြာခင်ရက်ပိုင်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်မယ့် ကိုယ်စားလှယ် အရေအတွက်၊ ကော်မတီသက်တမ်းတို့ကို သတ်မှတ်ဖို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က ကိုယ်စားလှယ်တွေကို အစည်းအဝေးခေါ်ဖို့ရှိပါတယ်။
ကော်မတီဥက္ကဋ္ဌ တာဝန်ကိုတော့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို ဆောင်ရွက်စေမယ်လို့ ဦးတီခွန်မြတ်က ပြောထားပါတယ်ရှင်။