NLD အစိုးရနဲ့ တပ်မတော်အကြား ပိုမိုတင်းမာနိုင်သလား

ခင်မောင်စိုး
2020.12.07

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ကျင်းပတဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျဖို့၊ ရိုးသား၊ မှန်ကန်၊ သမာသမတ်ကျဖို့လိုတယ်၊ နည်းလမ်းမကျရင် ယုံကြည်မှုကင်းမဲ့စေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်သင်တန်းဆင်းပွဲမှာ အခုလို ပြောကြားလိုက်တဲ့အတွက် တပ်မတော်အနေနဲ့ နောက်ဆက်တွဲ ဘာတွေဆောင်ရွက်မှာလဲ၊ NLD နဲ့ တပ်မတော်အကြား ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာတွေဟာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ စိုင်းညွန့်လွင်က အစိုးရနဲ့ တပ်မတော်အကြား တင်းမာမှုတွေ တိုးပွားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ရွေးကောက်ပွဲအပြီး တပ်မတော်ဘက်က ပြောကြားမှုတွေ ဆောင်ရွက်မှုတွေကို ကြည့်ရင် သိနိုင်တယ်လို့ သူက ပြောပါတယ်။

“သေချာတာကတော့ တပ်မတော်ဘက်က အခု ရွေးကောက်ပွဲရလဒ်ကို မကြိုက်ဖူးဆိုတာတော့ ထင်ရှားတယ်။ တပ်နဲ့ အစိုးရ ပိုဝေးကွာသွားတယ်လို့ ကျနော်ထင်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်ကိစ္စက အစပေါ့။ တပ်မတော်ဘက်က နောက်ဆက်တွဲ ရွေးကောက်ပွဲ လုပ်ဖို့ ဆာဆာကာဝါတို့နဲ့တွဲပြီး တိုက်တွန်းတယ်။ အစိုးရဘက်က ဒါကို စိတ်မဝင်စားဘူး။ ဆိုလိုတာကတော့ သဘောထားခြင်း မမျှဘူးပေါ့ဗျာ”

ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း နိုင်ငံအတွက် ဆိုးကျိုးတွေပေါ်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားပေါ့။ ကျနော်တို့နိုင်ငံသားတွေရဲ့အကျိုးစီးပွား- ဒါကိုတော့ ကျနော်တို့ ပစ်ပယ်လို့ မရဘူးလို့မြင်တယ်။ ကျနော်တို့က ကိုယ့်အဖွဲ့အစည်းအတွက်ဆိုတဲ့ ဘက်တခုတည်းက ကြည့်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး မြင်တယ်။ နိုင်ငံသားအားလုံးနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ၊ နောက် နိုင်ငံသားအားလုံးရဲ့ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားပြီး စဉ်းစားမယ်ဆိုရင် အဖြေတွေ့လိမ့်မယ်လို့ ကျနော်မြင်တယ်။ ယုံကြည်မှုတည်ဆောက်ဖို့နိုင်ဖို့က ပွင့်လင်းမှုရှိဖို့လိုမယ်၊ တာဝန်ရှိသူတွေချင်း ထိပ်တိုက်စကားပြောဖို့ လိုမယ်ထင်တယ်။ တာဝန်မရှိသူတွေရဲ့ ဘေးစကားတွေပေါ်မှာ သုံးသပ်နေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုရောက်သွားမှာ ကျနော်တို့စိတ်ပူတယ်။ နိုင်ငံတော်နဲ့နိုင်ငံသားရဲ့မျက်နှာကိုကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ လိုမယ်လို့ထင်တယ်”

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်အကြား ဆက်ဆံရေး တိုးတက်မှုမရှိဘူးလို့ ဝေဖန်ပါတယ်။

“တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အများကြီးလိုက်လျောခဲ့တာ။ ICJ တက်တဲ့အထိ နိုင်ငံတကာမှာထွက်ပြီး ရင်ဆိုင်တဲ့အထိ လုပ်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေက အဲဒီအမြင်တွေအပေါ် အကြောင်းပြုပြီး သူ့ရဲ့ဘွဲ့တံဆိပ် ၁ဝဝ ကျော်ကို ပြန်ပြီးရုပ်သိမ်းတဲ့အထိ ဂုဏ်သိက္ခာအချခံရတာ။ ဒါပေမယ့် တပ်မတော်ဘက်က အဲဒါနဲ့ပတ်သက်ပြီး ပျော့ပြောင်းလာတဲ့ သဘောထား ပြောင်းလဲလာတဲ့ သဘောထား မတွေ့ရပါဘူး။ ကာချုပ်ရှိနေသမျှ ကာလပတ်လုံး တပ်မတော်ရဲ့ NLD ပေါ်သဘောထားက ကောင်းမှာမဟုတ်ပါဘူး။ နောက်တခုက ပြောင်းမှာမဟုတ်ပါဘူး။ ပြောင်းမှာမဟုတ်ဘူးဆိုတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ သဘောထားတွေအတိုင်း သူတို့ဆက်ပြီး ရပ်တည်နေမယ့် အနေအထားပဲ ရှိပါတယ်။ ဒါကြောင့် ဒီတပ်ချုပ်ရှိနေတဲ့ အချိန်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလားအလာကောင်းတွေ သိပ်မျှော်မှန်းလို့ မရဘူးလို့ ကျနော် ယေဘူယျအားဖြင့် အကဲခတ်ပါတယ်။ သူ့နောက်တက်လာမယ့် ပုဂ္ဂိုလ်တယောက်ကလည်း သူတို့လိုအမျိုးအစားပဲဆိုရင်တော့ လူပြောင်းလည်း မူပြောင်းမယ်လို့ ကျနော်သိပ်မထင်ဘူး။"”

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောစကားနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် တချို့ပါ။ ဒီ အတောအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နေပြည်တော်မှာ ဒီအပတ်အကုန်ပိုင်း ကျင်းပဖို့ ရှိနေပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။