လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန်ဖို့ အိန္ဒိယကိုတောင်းဆို

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.01.13
လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန်ဖို့ အိန္ဒိယကိုတောင်းဆို ဗုံးကျရောက်ပေါက်ကွဲခဲ့သည့် အိန္ဒိယ-မြန်မာနယ်စပ် ဖာကော်ရွာအနီးမြင်ကွင်း။
Citizen Journalist

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို အာဏာသိမ်းစစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင်ငါးဦး သေဆုံးပြီး လူနေအိမ် သုံးလုံးနဲ့ ဆေးကုသဆောင်တစ်ဆောင် ပျက်စီးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ အိန္ဒိယလေပိုင်နက်ကို အသုံးပြုခဲ့သလို အိန္ဒိယနယ်နိမိတ်ထဲ ဗုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ CNF အပြင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ မီဒီယာတွေက ပြောဆိုကြပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရဘက်က ကြိုတင်သိထားတဲ့အခြေအနေရှိပြီး ဒီအပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုမရှိတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်မှာရှိနေတဲ့သူတွေက ဗုံးကျတဲ့နေရာလည်း ကျွန်တော်တို့ သိတယ်၊ အိန္ဒိယလေပိုင်နက်ဘက်ကနေ ကျွန်တော်တို့ကို လာပစ်တာ၊ မြေပြင်အနေအထားကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ အဲဒါကို အိန္ဒိယရဲ့ ဗဟိုအစိုးရက ငြင်းတယ်လို့ ကြားတယ် အိန္ဒိယဘက်ကို ဗုံးမကျဘူးလို့ ငြင်းနေတယ်ဆိုရင်တော့ နှစ်နိုင်ငံနယ်နိမိတ်ကို ပြန်ပြီး ကြည့်ရပါလိမ့်မယ်။ အိန္ဒိယဗဟိုအစိုးရအနေနဲ့ မြန်မာပြည်မှာ ဘယ်အစိုးရဖြစ်ဖြစ် သူတို့ရဲ့ စစ်ရေးအရ ချိတ်ဆက်မှုက ကျွန်တော်သိရသလောက်ဆိုရင် နှစ်နိုင်ငံနယ်စပ်မှာ ခိုလှုံနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို အပြန်အလှန် လဲလှယ်ရေး၊ ပြီးတော့ မောင်းထုတ်ပေးရေး ဒါတွေကို သူတို့က ဟိုးအရင်ကတည်းက သဘောတူညီချက်ရှိပြီးသားဖြစ်ပါတယ်။ အိန္ဒိယဘက်ကတော့ အဲဒီအပေါ်မှာ အမြဲတမ်းရပ်တည်နေတယ်လို့ သုံးသပ်တယ်။ NLD အစိုးရသော်လည်းကောင်း၊ စစ်ကောင်စီတက်လာပြီးမှသော်လည်းကောင်း သူ(အိန္ဒိယ) က ပြည်သူလူထု လိုအင်ဆန္ဒ၊ မြန်မာ့နိုင်ငံရေးအခြေအနေကို မသိဘဲနဲ့ အဲ့သလိုမျိုး လုပ်နေတာက ကမ္ဘာ့အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ဝမ်းနည်းရတာပေါ့။ သူ့(အိန္ဒိယအစိုးရ)ရဲ့အကျိုးအမြတ် တစ်ခုခုရချင်လို့ပဲ အဲ့သလို လုပ်နေတယ်လို့မြင်တယ်။ ဥပမာ အိန္ဒိယနဲ့မြန်မာ အခု စစ်ကောင်စီ ဆက်လုပ်နေတဲ့ ကုလားတန်စီမံကိန်းတွေကအစ အဲ့ဒါတွေရှိနေတော့ သူ့ရဲ့အကျိုးစီးပွားသပ်သပ်ကိုပဲ စဉ်းစားနေသလားလို့ သုံးသပ်ပါတယ်။ အိန္ဒိယရဲ့သဘောထားကိုတော့ ကျွန်တော်တို့က သိပ် သဘောမကျဘူး။ အဲဒီလိုမျိုးလုပ်နေတာတွေက မပြတ်သားဘူးလို့ ပြောရမှာပေါ့။ ကျွန်တော်တို့သိရတာက ဗုံးကြဲဖို့ မလာခင်တစ်ရက်အလိုမှာ အိန္ဒိယနယ်ခြားစောင့်တပ် (Assam Rifles)က ကျွန်တော်တို့နယ်စပ်ဘက်ကို ဆင်းလာတယ်။ မီဇိုရမ်ထဲက အတွင်းသတင်းရတာက လေယာဉ်နဲ့ လာမပစ်ဘူးလားဆိုပြီး ဒီဗစ်တိုးရီးယားကို ဗုံးလာကြဲမယ်ဆိုတာ အိန္ဒိယထောက်လှမ်းရေးအသိုင်းအဝိုင်းက လာပြောတာရှိတယ်၊ အဲဒါကိုထောက်လိုက်ရင် အိန္ဒိယအစိုးရက အိန္ဒိယစစ်တပ်က ကြိုသိတဲ့သဘောဖြစ်နေတယ်၊ ကြိုပြီး သိကိုသိတယ်လို့ ပြောချင်ပါတယ်။”

ဒီတိုက်ခိုက်မှုတွေမှာ အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဖာကော်ကျေးရွာအနီးကိုလည်း စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့ Fortify Rights အဖွဲ့ကလည်း ကြေညာချက်ထုတ်ထားပါတယ်။ အိန္ဒိယနယ်ခြားစောင့်တပ်(Assam Rifles)ကတော့ ဒီလိုဖြစ်ရပ်မရှိကြောင်း ငြင်းဆိုထားတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိ စစ်ရေးပစ်မှတ် ၁၄ ခုကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ တပ်တွင်းလျှို့ဝှက်စာတစ်စောင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ပထမပတ်ထဲမှာ ထွက်ပေါ်ခဲ့ပါတယ်။

CNF တာဝန်ရှိသူတစ်ဦးဟာ အဲဒီအချိန်က အိန္ဒိယ-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်ဖို့ အိန္ဒိယအစိုးရထံကနေ စစ်ရေးအကူအညီတောင်းခံခဲ့တယ်လို့ Fortify Rights ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယဘက်ကနေ စစ်တပ်က စစ်လက်နက်ပစ္စည်းသယ်ယူတာတွေ ရှိနေတဲ့အတွက် လုံခြုံရေးတိုးမြှင့်ဖို့ အစိုးရဆီကနေ စစ်ရေးအကူအညီတောင်းခဲ့တာ မှန်ကန်ကြောင်း ဆလိုင်းထက်နီက အတည်ပြုပါတယ်။

မီဇိုရမ်ပြည်နယ်အခြေစိုက် မီဇိုလူငယ်အဖွဲ့ Young Mizo Association(YMA) က မြန်မာစစ်ကောင်စီဟာ အိန္ဒိယမြေနဲ့ ဝေဟင်ပိုင်နက် နှစ်ခုစလုံးမှာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်လိုက်တာလို့ ကန့်ကွက်ရှုတ်ချထားပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ဂျက်တိုက်လေယာဉ်တွေ အိန္ဒိယလေပိုင်နက်အတွင်း ပျံသန်း‌တာနဲ့ မြေပြင်ကို ဗုံးကြဲချတဲ့လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်အောင် အရေးယူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

YMA ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အိန္ဒိယလေပိုင်နက်အတွင်းကို မကြာခဏ ဖြတ်သန်းလေ့ရှိပြီး အခုတစ်ကြိမ်မှာ ဗုံးကြဲချခဲ့တဲ့ လုပ်ရပ်ဟာ အိန္ဒိယနယ်နိမိတ်ကို စော်ကားတာလို့ ဝေဖန်ထားပါတယ်။

YMA အပါအဝင် မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကလည်း အိန္ဒိယနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဒီကိစ္စကို အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားတယ်လို့ ကြေညာထားပါတယ်။

Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကလည်း မြန်မာစစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် ဖာကော်ကျေးရွာအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့တာမှန်ကန်ကြောင်းနဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဖာကော်ကျေးရွာ ကောင်စီ ဥက္ကဋ္ဌရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။

ဖာကော်ကျေးရွာအနီး ဗုံးကျရောက်ပေါက်ကွဲရာမှာ ကားတစ်စီး ပျက်စီးသွားခဲ့ပါတယ်။ အဲဒီကားမောင်းသူဆီက သက်သေအထောက်အထားတွေကိုလည်း အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းလူမှုရေးအသင်းက ရရှိထားပါတယ်။

မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းလူမှုရေးအသင်း CAM က အမှုဆောင်ညွှန်ကြားရေးမှူး ဇိုသုန်းမှုန် က ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ချိုးဖောက်လိုက်တာဖြစ်လို့ အိန္ဒိယအနေနဲ့ အရေးယူဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို စကစ က ချိုးဖောက်လိုက်တယ်။ ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်စဲရမယ်လို့ ဖော်ပြထားတယ်။ ဒီဟာကို ချိုးဖောက်တဲ့အတွက် အိန္ဒိယအနေနဲ့ စကစ ကို ခေါ်ပြီး ပြောသင့်တယ်။ ရှုတ်ချတာတစ်ခုတည်းမဟုတ်ဘဲ နောက်နောင်မှာလည်း ဒီလိုမလုပ်ဖို့ အိန္ဒိယအနေနဲ့ ပြောသင့်တယ်။ အိန္ဒိယက ကမ္ဘာမှာ ဒီမိုကရေစီအကြီးဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့တိုက်ပွဲဝင်နေတာက ဒီမိုကရေစီအတွက်။ ဆိုတော့ အိန္ဒိယအနေနဲ့ ပြည်သူဘက်မှာ ရပ်တည်ပြီး ဒီမိုကရေစီဘက်မှာ ပြတ်ပြတ်သားသားရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။”

လေတပ်ကနေ ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ တပ်မတော်သားတွေက စစ်တပ်ရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ အိန္ဒိယအစိုးရ ပါဝင်ပတ်သက်မှုရှိတယ်လို့ ယူဆကြပါတယ်။

“စစ်ဘက်လေယာဉ်က တကယ်တမ်းက နိုင်ငံတကာဥပဒေအရ လုံးဝကျော်လို့မရဘူး။ တကယ်လို့ ခရီးသည်တင်လေယာဉ်တွေတောင် အနည်းဆုံး ဆယ်ရက်၊ ဆယ့်ငါးရက်လောက် ခွင့်ပြုချက်တင်ပြီးမှ ဖြတ်သန်းလို့ရတာ၊ ဒါကျတော့ အိန္ဒိယလေပိုင်နက်ကိုပါ သုံးသွားတယ်ဆိုတာက အိန္ဒိယရဲ့ သဘောတူညီချက် ခွင့်ပြုချက်မရှိဘဲ မလုပ်ရဲလောက်ဘူး။ နိုင်ငံကြီးတစ်နိုင်ငံရဲ့ လေပိုင်နက်ကိုလေ။ အဓိကက အိန္ဒိယရဲ့ ခွင့်ပြုမှု ပါဝင်မှုကြောင့်သာ ဒီဖြစ်စဉ် ဖြစ်သွားတာ။ မဟုတ်လို့ရှိရင် ဘယ်ခရီးသည်တင်လေယာဉ်တောင်မှ သွားခွင့်မရှိဘူး၊ ဝင်မယ်ဆိုရင်တောင် သူတို့သတ်မှတ်ထားတဲ့ ဂိတ်ပေါက်ကနေပဲ ဝင်ပေးရတာ၊ တခြားနေရာကနေ ဝင်လို့မရဘူး၊ ဒါလေကြောင်းမှာ သတ်မှတ်ချက်ပဲ။ အခုက ဒါ သူတို့အချင်းချင်း ညှိနှိုင်းထားပြီးဖြစ်လောက်တယ်။”

လေတပ်က CDM တပ်ကြပ်ကြီး ဇေယျ ပြောသွားတာပါ။

လေတပ်က CDM ဗိုလ်ကြီးဇေသူအောင် က အရင်ကလည်း တခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ဘက်ကို ဗုံးကျသွားခဲ့တဲ့ဖြစ်စဉ်တွေရှိပြီး အဲလိုအခြေအနေဆိုရင် အစိုးရချင်း ခေါ်ယူသတိပေးခံရတာတွေရှိသလို တပ်တွင်းမှာလည်း အရေးယူတာတွေ ရှိတယ်လို့ ပြောပါတယ်။

“နယ်စပ်မှာ တိုက်ကြပြီဆိုရင် တစ်ဘက်နိုင်ငံကို ကျော်သွားပြီဆိုရင် ချက်ချင်းသိတယ်။ ဘာကြောင့်လဲဆိုတော့ ရေဒါတွေကလည်း ပေါ်တယ် အဲ့လိုမျိုးဆိုရင် နိုင်ငံတကာစည်းမျဉ်းတွေအရ ဆောင်ရွက်ရတယ်။ အခုလိုမျိုး အိန္ဒိယလေပိုင်နက်ကိုကျော်ပြီး အသုံးပြုတိုက်ခိုက်တဲ့အချိန်မှာ ဗုံးတောင်ကျသွားခဲ့တာကို ဘာမှမပြောဘူးဆိုတာက အိန္ဒိယနိုင်ငံက ခွင့်ပြုထားလို့သာ သူတို့(စစ်တပ်)ကို ဘာမှမပြောတာလို့ ယူဆလို့ရတယ်။ တကယ်က ပါဝါချင်းကလည်း အကွာကြီး၊ အိန္ဒိယနဲ့ မြန်မာဆိုတာ စစ်တပ်ချင်း အင်အားချင်း ငွေဓန အင်အားချင်းက အစစအရာရာအားလုံး အရမ်းကွာတဲ့နိုင်ငံတစ်ခုက သူတို့(အိန္ဒိယ)နိုင်ငံရဲ့ လေပိုင်နက်ထဲကို ကျော်ပြီး အချုပ်အခြာအာဏာကိုဝင်ပြီး တိုက်ခိုက်ရုံတင်မကဘူး ဗုံးတောင်ကျတာကို ဘာမှမပြောဘူးဆိုတာက သူတို့(အိန္ဒိယ)ခွင့်ပြုလို့သာ လုပ်လို့ရတာလို့ ယူဆလို့ရတယ်။ အခုအခြေအနေမှာ အိန္ဒိယဘက်က တကယ်လို့ ဖိအားပေးတာမျိုးရှိလာရင် တပ်တွင်းမှာ တစ်ယောက် နှစ်ယောက်လောက်ကို ရင်းပြီး အနားပေးတာမျိုး လုပ်ကောင်းလုပ်နိုင်တယ်။”

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီဝင် ရဲဘော်ဇေယျ က မြန်မာစစ်တပ်ကို အားပေးအားမြှောက်မပြုဖို့ အိန္ဒိယအစိုးရကို တောင်းဆိုပါတယ်။

“အိန္ဒိယအစိုးရအနေနဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီအပေါ်မှာ အားပေးအားမြှောက်မပြုဖို့ တောင်းဆိုချင်တယ်။ အိန္ဒိယနိုင်ငံကိုယ်တိုင်က ကမ္ဘာမှာ အင်အားကြီးတဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ် ပြီးတော့ မြန်မာနိုင်ငံနဲ့လည်း အပြန်အလှန် အမှီသဟဲပြုနေရတာများစွာရှိတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒက ဒီမိုကရေစီကို တောင်းဆိုနေတာ တစ်ကမ္ဘာလုံးက ကြားသိထားပြီးဖြစ်တယ်။ မြန်မာပြည်သူတွေ မြန်မာနိုင်ငံသားတွေရဲ့ သဘောဆန္ဒကို လေးစားသောအားဖြင့် မတရားအာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ကို လူမိုက်အားပေးလုပ်တာမျိုးတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်။ နောက်ဒါမျိုးမဖြစ်ဖို့လည်း အလေးအနက် တောင်းဆိုချင်ပါတယ်။”

Fortify Rights အပြင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ချင်းအဖွဲ့အစည်းတွေက အိန္ဒိယလေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်တွေ မဝင်နိုင်အောင်တားဆီးပြီး နယ်စပ်က အိန္ဒိယအရပ်သားတွေနဲ့ ချင်းတိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့အပြင် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်အောင် ပါဝင်ကူညီဖို့လည်း အိန္ဒိယအစိုးရကို တိုက်တွန်းကြပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန် က ဒီတိုက်ခိုက်မှုကြောင့် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“လေကြောင်းက အိန္ဒိယနယ်နိမိတ်ထဲကိုလည်း ဖြတ်လာတယ်၊ အိန္ဒိယဘက်ကိုလည်း ဗုံးကျသွားတယ်။ အဲဒါကိုနယ်စပ်မှာတာဝန်ကျနေတဲ့ Assam Rifles (အိန္ဒိယနယ်ခြားစောင့်တပ်) ကလည်းမသိတာမဟုတ်ဘူး သိတယ်။ ဒါပေမဲ့ အဲဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေတာတော့ လုံးဝအံ့ဩတယ်။ အဲဒါနဲ့ပတ်သက်လို့ မီဇိုရမ်အစိုးရကိုရော အိန္ဒိယအစိုးရကိုရော သဘောထားတစ်ခုခုထုတ်ပြန်ဖို့ လိုတယ်။ တုံ့ပြန်ဆောင်ရွက်မှုတောင်မဟုတ်ဘူး စာတစ်စောင်ထုတ်ဖို့တောင် အိန္ဒိယအစိုးရဘက်က ဘာမှမလုပ်ပေးတဲ့အခါကျတော့ လုံးဝအံ့ဩတယ်။ ဒုက္ခသည်တွေက မီဇိုရမ်ဘက်မှာ ပြည်တွင်းမှာ မလုံခြုံတော့လို့ နယ်စပ်ကရွာတွေမှာ လာခိုလှုံတာဖြစ်တယ်၊ အဲဒါကို အိန္ဒိယဘက်မှာ ဗုံးကျတာတောင် အိန္ဒိယအစိုးရက ဘာမှတုံ့ပြန်ဆောင်ရွက်မှု မရှိတော့ နယ်စပ်မှာ နေရတာ တကယ်ပဲ လုံခြုံမှုရှိရဲ့လားဆိုတာ ဒုက္ခသည်တွေ တော်တော်များများမှာ သံသယ ဖြစ်လာကြပြီ။”

အိန္ဒိယနိုင်ငံအနေနဲ့ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် တားဆီးကာကွယ်ဖို့ တာဝန်ရှိသလို ဒီကိစ္စမှာလည်း မြန်မာစစ်ကောင်စီကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေက တောင်းဆိုနေကြပေမယ့် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ပြည်နယ်အစိုးရကတော့ သူတို့သဘောထားကို တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် ၅သောင်းနီးပါးပြီး တစ်ဝက်လောက်က အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုလှုံနေကြသူတွေဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။