ပေါက်တောမြို့မှာ အရပ်သား တစ်ရာနီးပါး ဖမ်းဆီးခံထားရပြီး နှစ်ရာကျော် ပိတ်မိနေ
2023.11.18

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထွက်ပြေးဖို့ အချိန်မရတဲ့ ဒေသခံ တစ်ရာ နီးပါးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးထားတယ်လို့ ပေါက်တောမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၁၇ ရက်မနေ့က ပေါက်တောမြို့ပေါ်ကို ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အရပ်သားတွေကို ဆက်တိုက် ဖမ်းဆီးနေတာဖြစ်ပြီး မြို့ထဲမှာ ပိတ်မိနေသူ နှစ်ရာကျော် ရှိတယ်လို့ ဆိုပါတယ်။
ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ အချို့ကတော့ ပေါက်တောမြို့ပေါ်မှာ နှစ်ရက် တိုက်ပွဲအတွင်း မူကြိုဆရာမ တစ်ဦး၊ အလယ်တန်းပြဆရာမ တစ်ဦးနဲ့ ဆရာတော်တစ်ပါး အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
“စစ်ကောင်စီတပ်က ပေါက်တောမြို့ခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောမြို့ခံတစ်ဦးက ပေါက်တောမြို့၊ လောက ထိပ်ပန်ဘုရားကုန်းပေါ်မှာ စစ်ကောင်စီ တပ်သားတွေ တပ်စွဲထားပြီး အရပ်သား တစ်ရာနီးပါးကို ဖမ်းဆီးထားတယ်လို့ RFA ကို ပြောပါတယ်။
“လောကထိပ်ပန် ရင်ပြင်ထဲမှာ သူတို့ (စစ်ကောင်စီ) တပ်စွဲထားတာ။ အဲဒီမှာ အပြစ် မဲ့တဲ့ အရပ်သားတွေ တစ်ရာကျော်လောက်ကို ဖမ်းပြီးတော့ မကြာခဏလည်း အဲဒီကနေ သေနတ်သံတွေ ကြားနေရတယ်။ မြို့ကို ပြန်ထိန်းချုပ်ထားတယ်။ သူတို့ (စစ်ကောင်စီ တပ်သား) တွေက မြို့ထဲ အနှံ့ သွားနေတာ။ လမ်းခွဆုံတွေ ရောက်ရင် သူတို့ (စစ်ကောင်စီတပ်) က ပစ်ချင်သလို ပစ်လိုက်တယ်။ အိမ်တွေကို ပစ်လိုက်တယ်။ အဲဒီလိုမျိုး ဖြစ်နေတာ”
တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်ထားတဲ့ ဒေသခံတွေကို ဆေးကုသပေးဖို့ စစ်ကောင်စီတပ်က တားဆီး ကန့်သတ်ထားတာကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့ ကတည်းက လူမှုကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတယ်လို့ ပေါက်တောမြို့ မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိ ပေါက်တောမြို့ပေါ်မှာ ဆေးရုံက လူနာတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် မြို့ထဲ ပိတ်မိနေသူ နှစ်ရာကျော် ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တော မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဆေးရုံမှာဆိုရင်လည်း တော်တော် ပိတ်မိနေတဲ့ဟာတွေ ရှိတယ်။ ဆေးရုံက လူနာတွေ ကတော့ မြို့ထဲကို ပြန်ပြောင်းထားတယ်။ ဒါပေမဲ့ အဲဒီလူနာတွေက မြို့ထဲမှာ ရှိနေတယ် ဆိုတော့ အကုန်လုံးဆိုရင် နှစ်ရာကျော် ပတ်ဝန်းလောက် ရှိမယ်ထင်တယ်။ ဒီကြားထဲ ပျောက်နေတဲ့သူတွေ ရှိသေးတယ်။ အဲဒီမှာဆိုရင် တခြား လုပ်ငန်းရှင်တွေလည်း ပါသေးတယ်။ ပြီးရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါတယ်”
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ပိတ်မိနေသူတွေဟာ အပြင်မထွက်ရဲကြဘဲ ပုန်းနေကြရတယ်လို့ ဆိုပါတယ်။
မြို့အနီးအနားနဲ့ တခြားရွာတွေကို ထွက်ပြေးနေကြရတဲ့ ဒေသခံ နှစ်သောင်းနီးပါးလည်း ဆေးဝါးနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး လက်ရှိ မိုးပါရွာနေတာကြောင့် ကလေးငယ် တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးပါ စိုးရိမ်နေရတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ စစ်ကောင်စီတပ်က ပေါက်တောမြို့ခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာလို့ RFA ကို ပြောပါတယ်။
“အခုဆိုရင် ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့သူတွေက ဓားစာခံ လူသားဒိုင်းလိုမျိုး လုပ်ထားသလို ခံနေရတယ်။ ဆိုလိုချင်တာကတော့ တခြားတစ်ခုခုမှာ ဟိုဟာ (တိုက်ပွဲ) ဖြစ်လို့ရှိရင် ဒီမှာ လူတွေ ဒုက္ခရောက်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး အဲဒီလိုမျိုး ဖမ်းထား တဲ့ပုံစံ ဖြစ်နေတယ်။ အမှန်တကယ်ဆိုရင် ဒီဒေသမှာ ပါဝင်တဲ့သူတွေက ICRC တို့လို့ အဖွဲ့တွေပေါ့လေ။ UN အဖွဲ့အစည်းတွေကနေပြီးတော့မှ အရပ်သားတွေကို ကယ်ထုတ်ရမယ့် တာဝန်ရှိတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင် အဖွဲ့တွေ ကလည်းပဲ ကြိုးစားပမ်းစားနဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်အောင် လုပ်ရမယ်”
ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပေါက်တော မြို့မရဲစခန်းကို သူတို့သိမ်းခဲ့ပေမယ့် အဲဒီ ညနေမှာပဲ စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်းနဲ့ ပြန်တိုက်ခဲ့သလို အရပ်သားတွေကိုပါ သတ်ဖြတ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
အရပ်သားတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ AA ဘက်က စွပ်စွဲထားပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပေါက်တောမြို့ကို ပြန်ထိန်းချုပ် နိုင်ပြီလို့ နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ပြည်တွင်း မီဒီယာတွေကို ဖြေဆိုထားပါတယ်။
“ပေါက်တောမြို့မှာတော့ ပေါက်တောရဲစခန်း စွန့်ခွာပြီးတဲ့နောက်မှာ ပေါက်တောမြို့ရဲ့ အခြေအနေကို တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြန်လည် ရောက်ရှိပြီး နေရာ ချထားပြီးဖြစ်တယ်။ မြို့ရဲ့ အခြေအနေကို အားလုံး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ပြောချင် ပါတယ်”
အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ သေဆုံးတာကိုတော့ ထည့်သွင်း ပြောသွားတာမရှိသလို ဒီအပေါ် တုံ့ ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၉၆၉၃ ဦးအထိ ရှိလာပါပြီ။