စစ်မှုထမ်းဥပဒေကြောင့် လူငယ်တစ်သိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးစား

RFA Burmese
2024.04.25
စစ်မှုထမ်းဥပဒေကြောင့် လူငယ်တစ်သိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးစား မင်းကုန်း အမှတ် (၁) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကို ရောက်လာကြသည့် စစ်မှုထမ်းစုဆောင်းခံရသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် အဓမ္မစစ်သား စုဆောင်းမှုကနေ ရုန်းထွက်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးဖို့ကြိုးစားတဲ့ လူငယ်တစ်သိန်းထက်မနည်း ရှိနေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေက နေရပ်စွန့်ခွာ ရှောင်တိမ်းတာ၊ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေဆီ ဝင်ရောက်တာ၊ မိမိကိုယ်ကို အဆုံးစီရင်တာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီနဲ့ မပူးပေါင်းတာ စတဲ့ပုံစံမျိုးစုံနဲ့ တုံ့ပြန်ခဲ့ကြတယ်လို့ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် နည်းမျိုးစုံနဲ့ ပြည်ပကိုရှောင်တိမ်းသူ ရှစ်သောင်းကျော်၊ ပြည်တွင်းမှာ ရှောင်တိမ်းသူ နှစ်သောင်းနီးပါးနဲ့ မိမိကိုယ်ကို အဆုံးစီရင်သူ ခြောက်ဦးရှိခဲ့တယ်လို့ BACS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေကို အခြေခံပြုစုထားတာလို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေဟာ ပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းမှုကို ခံနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးတိုင်း၊ ပြည်မြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များမှာဆိုရင်တော့ မြို့နယ်အသီးသီးအလိုက် ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေကို ကြားသိနေရတယ်။ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နဲ့ တာပွန်မြို့ပေါ်မှာဆိုရင် မဲပေါက်လို့ အမျိုးသားနှစ်ယောက်ကို မတွေ့သဖြင့် မိသားစုကို ဖမ်းသွားတယ်။ တပ်ပြေးပြည်သူကိုလည်း လာမလဲရင် သတ်ပစ်မယ်လို့ ပြောပါတယ်။ ခြိမ်းခြောက်တာမျိုးတွေ ကြားနေရပါတယ်ခင်ဗျ”

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်ငါးထောင်ခန့်ဟာ မတ်လကုန်ပိုင်းမှာ စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ BACS အဖွဲ့ရဲ့ အစီရင်ခံစာမှာပါရှိပါတယ်။ ဒါ့အပြင် မြို့နယ်ပေါင်း လေးဆယ်က နောက်ထပ် လူပေါင်း နှစ်ထောင်ကျော်လည်း ပြည်သူ့စစ်အဖြစ် စုဆောင်းခံခဲ့ရပြီး အဲဒီအထဲမှာ ရိုဟင်ဂျာ ကိုးရာကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

အမှတ်စဥ် (၁) စစ်မှုထမ်းသင်တန်းအတွက် လူစုဆောင်းတာတွေ ပြီးသွားပြီမို့ နောက်ထပ်သင်တန်းတွေအတွက် လူစုဆောင်းမှုတွေကို ရင်တမမနဲ့ ဆက်လက် စောင့်ကြည့်နေတယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်မှုထမ်းကတော့ သင်္ကြန်မတိုင်ခင်ကတော့ ရုတ်ရုတ်သဲသဲနဲ့ စာရင်းကောက်တာတွေ၊ ခေါ်တာတွေကတော့ ပြီးသွားပြီလို့ ပြောပါတယ်။ သင်္ကြန်အပြီးမှာတော့ ပြန်ခေါ်မယ်ပေါ့နော်။ မေလထဲမှာ စပြီးလုပ်မယ်လို့တော့ ပြောတာပေါ့နော်။ လူတွေကလည်း သင်္ကြန်အပြီးမှာ ဘာဆက်ဖြစ်ကြမလဲပေါ့နော်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဲဒီအပေါ်မှာ မူတည်ပြီးတော့ စဉ်းစားကြရမှာကိုး”

အမှတ်စဥ် (၁) စစ်သင်တန်းအတွက် လူစုဆောင်းခံရချိန်က မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ လူငယ်တစ်ဦးရဲ့ မိခင်ကတော့ သူ့သားအတွက် ဒီနေ့အထိ ဝမ်းနည်းပူဆွေးနေရဆဲပဲလို့ RFA ကို ပြောပါတယ်။

“အခုထိရင်ထဲမှာ ခံစားရလို့။ စိတ်တွေ ဆင်းရဲပါတယ်။ သားလေးကလေ ရပ်ကွက်လူကြီး လာပြီးတော့ ပြောလိုက်တာ ဒီအိမ်သား မဲပေါက်တယ်လို့ ပြောလိုက်ကတည်းက သားက နေ့မအိပ် ညမအိပ်နဲ့ ဖြစ်သွားတာလေ။ နေ့မအိပ် ညမအိပ်နဲ စိတ်ဓာတ်တွေ ကျပြီးတော့”

လုံခြုံရေး အခြေအနေအရ အခုဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့သူရဲ့ အသေးစိတ် အချက်အလက်ကိုတော့ RFA က ဖော်ပြနိုင်ခြင်းမရှိပါဘူး။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၂၄ ခုမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး လှုပ်ရှားဆောင်ရွက်ခဲ့ရာမှာ ၁၈၆ မြို့နယ်က စာရင်းကောက်ယူရွေးချယ်မှုလုပ်ခဲ့ပြီး ကျန် ၃၈ မြို့နယ်မှာတော့ ဝါဒဖြန့်စည်းရုံးတွေ လုပ်ခဲ့တယ်လို့ BACS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်ကောင်စီဟာ အခုလို စစ်မှုထမ်းဥပဒေက ရရှိလာတဲ့အင်အားကို တိုက်ခိုက်ရေးမှာ အဓိက အသုံးချလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဓိကက ဒီစစ်မှုထမ်းဥပဒေက ရရှိလာတဲ့အင်အားကို သူတို့ရဲ့ တိုက်ခိုက်ရေးအင်အားမှာ အဓိက အသုံးချမယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်ခင်ဗျ။ ဒီအချက်ကလည်း သေချာပါတယ်။ စစ်တပ်သည် သူတို့အတွက် လုပ်ဖို့ကိုင်ဖို့ အင်အားမရှိတော့တဲ့အခါမှာ ပြည်သူတွေထဲက လူငယ်တွေကိုပဲ သူတို့ရဲ့ စစ်တပ်အင်အားတစ်ခုအဖြစ် ပြန်အသုံးချဖို့ကတော့ ဒါရည်ရွယ်ပြီး ဆောင်ရွက်တဲ့ အစီအစဥ်တစ်ခုလို့ ပြောလို့ရပါတယ်ခင်ဗျ”

စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း တက်ရောက်ပြီးသူတွေကို မိမိနေထိုင်ရာ အရပ်ဒေသအနီးက အထိုင်တပ်တွေမှာ နေရာပြန်ချပေးမယ်ဆိုတဲ့ စည်းရုံးလှုံ့ဆော်တာတွေက ဝါဒဖြန့်မှုသာပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ရှောင်ရှားကြဖို့လိုတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ အရာရှိတစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ကိုတက်ရောက်နေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီ အရာရှိတစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ကိုတက်ရောက်နေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်အင်အား စုဆောင်းနေမှုက ရုန်းထွက်သင့်တယ်လို့ ပြောပါတယ်။

“နီးစပ်ရာ PDF တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ နယ်ပယ်ကိုသွားဖို့ပါ။ နယ်ပယ်ကိုသွားဖို့ဆိုတာက အဲဒီမှာ စစ်မှုမထမ်းချင်ဘူးဆိုလည်း ရပါတယ်။ CDM လုပ်ပြီး နေလို့ရပါတယ်။ အဲဒါကြောင့် အရေးကြီးတာက သူတို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့နောက် မပါဘဲနဲ့ အဲဒီကနေ ရုန်းထွက်ဖို့ပဲလိုတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်”

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ စစ်အင်အားစုဆောင်းမှုကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ အဓိက ပစ်မှတ်ထား လုပ်ဆောင်လာနိုင်တယ်လို့ BACS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

BACS အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည် တည်ငြိမ်ဖို့အတွက် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်တဲ့အခါ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။