မြေရှားသတ္တုထွက်ရှိရာ ချီဖွေမြို့နယ်အထိ တိုက်ပွဲတွေကျယ်ပြန့်လာ
2024.05.07
ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားလာခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေဟာ မြေရှားသတ္တု အများဆုံးထွက်ရှိရာ ကချင်အထူးဒေသ (၁) ထဲက ချီဖွေနဲ့ ဆော့်လော်မြို့နယ်တွေအထိ ကျယ်ပြန့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချီဖွေမြို့နယ် ပန်ဝါမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ဇုတ်လန်ရွာအနီးက စစ်ကောင်စီ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မေ ၄ ရက်နေ့ညမှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားနေတာပါ။ နှစ်ဖက်တိုက်ပွဲတွေက ရှိနေဆဲပဲလို့ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ကတော့ ၁၁ နာရီကစတာ ၄ နာရီထိ ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ မြေရှားတူးတဲ့ အလုပ်သမားတွေကတော့ သေနတ်သံတွေကြားတော့ တချို့ကတော့ ထွက်ပြေးတယ်။ သတ္တုဆိုက်မှာ တချို့ မှာက တရုတ်လောပန်းတွေက ရှိသေးတယ်။ အလုပ်လုပ်တဲ့ တချို့ အလုပ်သမားတွေကတော့ သိပ်မရှိတော့ဘူး"
တိုက်ပွဲတွေကြောင့် အဲဒီဒေသက မြေရှားသတ္တုတူးဖော်တဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ကြသလို အချို့ လုပ်ကွက်တွေမှာတော့ လုပ်ငန်းတွေရပ်ထားကြတယ်လို့ ဒေသခံတွေက ပြောတယ်။
ပန်ဝါမြို့နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ လက်ရှိမှာ တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။
"အလုပ်လည်းမကောင်းလာဘူး။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ အရမ်းပြင်းထန်လာတယ်၊ အလုပ်လည်း မရှိလာဘူး။ တချို့ လုပ်ကွက်တွေက သိမ်းလာပြီ၊ တိုက်ပွဲဖြစ်လာတော့။ အဲဒါကြောင့်ပြန်လာတာ။ အချို့ လုပ်ကွက်တွေက အလုပ်သမားမရလို့ သိမ်းနေပြီ။ ဘယ်သူမှ မသွားရဲတော့ဘူးအခုက။ ဟိုတလောက ဖရဲသွားတဲ့ဘက် စစ်တပ်တွေရှိတဲ့နေရာတွေ ကေအိုင်အေတွေပဲ နေရာယူလိုက်ပြီ"
ကချင်အထူးဒေသ (၁) မှာ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အခြေပြုလှုပ်ရှားတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကနေ ၁၆ ရက်နေ့အတွင်းမှာတော့ ကချင်အထူးဒေသ (၁) ထဲက မျောမော ပြည်သူ့စစ်စခန်း၊ မျှော်ဇန်းကူးရွာက အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်စခန်းနဲ့ ငါးမော်ဇွပ် နယ်ခြားစောင့်တပ်စခန်းတွေကို ကေအိုင်အေက သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ချီဖွေကနေ ချန်းမော်ခုန်းဒေသနဲ့ ဆော့်လော်မြို့နယ်ဘက်ကို သွားတဲ့လမ်းတွေကို နှစ်ဖက်စလုံးက ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ပန်ဝါဘက်က တိုက်ပွဲအခြေအနေတွေကို လတ်တလောမသိရသေးပေမယ့် ဒီနေ့မှာတော့ မံစီ၊ မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပြောပါတယ်။
"အခုလောလောဆယ် တိုက်ပွဲပြင်းထန်နေတဲ့မြို့နယ်တွေကတော့ ဗန်းမော်ဘက်ကို မံစီမြို့နယ် မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဗန်းမော်၊ မံစီဘက်မှာတော့ ဒီနေ့မနက်ကနေစပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာလည်း တစ်ကြောလုံးမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်။ အခုလည်း ထွက်ပြေးနေတဲ့ စကစတပ်တွေကို လိုက်ရှာရှင်းလင်းနေတဲ့အနေအထားဖြစ်ပါတယ်"
ဒီနေ့မနက်လည်း မံစီမြို့မ ရဲစခန်းနဲ့ ဧရာဝတီမြစ်ကူးတံတား လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။
"အခုလည်း ထွက်ပြေးနေတဲ့ စကစတပ်တွေကို လိုက်ရှာရှင်းလင်းနေတဲ့အနေအထားဖြစ်ပါတယ်"
ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကချင်စစ်ရေးသုတေသီတစ်ဦးဖြစ်တဲ့ ကိုရှဘတ်ကတော့ KIA အနေနဲ့ သူတို့ရဲ့ ခြံကာရှင်းလင်းရေး မဟာဗျူဟာအရ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန် ဖော်ဆောင်နေတာလို့ သုံးသပ်ပါတယ်။
"လက်ရှိဒီနှစ်ထဲမှာတော့ ကေအိုင်အေက သူတို့ရဲ့ ခြံကာရှင်းလင်းရေး မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကချင်ပြည်နယ်တစ်ခုလုံးကို ရှင်းလင်းနေတာဖြစ်တဲ့အတွက်ကြောင့် အခု ဌာနချုပ်လုံခြုံရေးပြီးလို့ရှိရင်တော့ ကချင်ပြည်နယ်ရဲ့ တခြားဒေသတွေ အားလုံးကိုလည်း သူတို့ နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်သွားလိမ့်မယ်လို့ မြင်ပါတယ်။ BGF (နယ်ခြားစောင့်တပ်) တွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာက BGF ခေါင်းဆောင်တွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်လာမလား၊ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖြေရှင်းမလားဆိုတာ BGF တွေရဲ့ တုံ့ပြန်မှုအပေါ် အများကြီးမူတည်လိမ့်မယ်လို့ ထင်ပါတယ်"
တိုက်ပွဲကြောင့် မြေရှားသတ္တုတူးဖော်မှုတွေ နည်းလာတာနဲ့အမျှ တရုတ်ကို တင်ပို့မှု ပမာဏလည်း လျော့လာနိုင်ပေမယ့် ကန်ပိုက်တီနဲ့ ပန်ဝါမြို့နယ်တွေကို စိုးမိုးနိုင်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးမှာအကျိုးရလဒ် များနိုင်တာကြောင့် အခုလို ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က ဒီနေ့အထိ နှစ်လတာတိုက်ပွဲအတွင်း ဆွမ်ပရာဘွမ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တွေအပြင် စစ်ကောင်စီ စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူထားတယ်လို့ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။