စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံလုပ်ခွင့်ရတဲ့ စီမံချက်တွေ
2022.07.01
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းသွားပေမဲ့ CMEC တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ အကျုံးဝင်တဲ့ စီမံချက်တွေ ရှိနေပါတယ်။
CMEC ဟာ BRI ခေတ်သစ်ပိုးလမ်းမရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တော်နဲ့ မြန်မာနိုင်ငံက အဓိက အချက်အချာ နေရာတွေကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။
ပထမဆုံး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့၊ ဒီနောက် ရန်ကုန်နဲ့ အနောက်ဘက် ရခိုင်ပြည်နယ်က ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကို ဆက်သွယ်ဖို့ ရည်ရွယ်ပါတယ်။
ရခိုင်ပြည်နယ်ကို ခြေလှမ်းနိုင်ရင် အိန္ဒိယသမုဒ္ဒရာကို လမ်းပေါက်တာမို့ CMEC ဟာ တရုတ်နိုင်ငံအတွက် အရေးကြီးပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက စီမံချက်ကြီး ကိုးခုမှာ ရင်းနှီးမြှုပ်နှံတယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် Observer Research Foundation သုတေသနအဖွဲ့က ပြောပါတယ်။
NUG အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတည်ငြိမ်မှ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ သုံးသပ်ပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေက ကျမတို့အတွက် အရေးကြီးပါတယ်။ တရုတ်နိုင်ငံနဲ့လည်း အိမ်နီးချင်းကောင်း ပီသစွာ နေဖို့လိုပါတယ်။ ဒီအတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ။ မဟာဗျူဟာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဆိုဆို၊ နယ်စပ်ကုန်သွယ်ရေးက အစပေါ့၊ ဒီလိုကိစ္စတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်လုပ်နိုင်မှာ၊ နိုင်ငံရေးမတည်ငြိမ်ဖြစ်နေတဲ့ ကာလပတ်လုံး တရုတ်နိုင်ငံအတွက် အကျိုးရှိမှာ မဟုတ်ဘူး၊ တရုတ်နိုင်ငံအနေနဲ့ကလည်း မှန်ကန်တဲ့မြေပြင်က အချက်အလက်တွေကို ရရှိအောင်လုပ်နိုင်လိမ့်မယ်ဆိုရင် ဒါကိုလက်ခံလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"
လေ့လာသူတချို့ကတော့ တရုတ်နိုင်ငံဟာ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတာမျိုး သူ့အကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ ဝေဖန်ပါတယ်။
ခေတ်သစ်ပိုးလမ်းလို့ ပြောတဲ့ရပ်ဝန်းနဲ့ ပိုးလမ်းမ BRI စီမံကိန်း အိပ်မက်ထဲက ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေတယ်လို့ ORF က ပြောပါတယ်။
ဒီ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် CMEC စီမံချက်ကတဆင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်မှာ ပိတ်မှာ စိုးရိမ်ရတယ်လို့လည်း အကဲခတ်တွေက ပြောထားပါတယ်။
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၂၀ မှာ မြန်မာနိုင်ငံဟာ ကြွေးမြီ ၂၄ ဒသမ ၄ ဘီလီယံတင်ရှိပြီး ၂၀၁၉ မှာ တရုတ်နိုင်ငံပေါ် ကြွေးမြီ ၃ ဒသမ ၃၄ ဘီလီယံတင်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒါဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ မှာ တင်ရှိတဲ့ ကြွေးမြီထက် ၂၆ % ကျဆင်းသွားတယ်လို့ ပြောပါတယ်။
ဒီနေရာမှာ NLD အစိုးရလက်ထက်က စီးပွားရေး အကြံပေးလုပ်တဲ့ သြစတေးလျပညာရှင် Sean Turnell ရဲ့ အခန်းကဏ္ဍ ပါဝင်တယ်လို့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ လူ့အခွင့်အရေး လေ့လာသူ ကို Nickey Diamond က ပြောပါတယ်။
“NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell က တရုတ်ရဲ့ကြွေးမြီထောင်ချောက်တွေ။ နောက်စစ်တပ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအပေါ်မှာ လွှမ်းမိုးမှုတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ မဟာဗျူဟာမြောက် အကြံတွေပေးခဲ့တယ်။ နောက် NLD လက်ထက်မှာ ကျွံသွားလို့ရှိရင် သီရိလင်္ကာလို ကြွေးမြီထောင်ချောက်တွေ ရှိတယ်။အဲဒါတွေကို သူကယ်လိုက်တာများတယ်။ Sean Turnell ကို လွှတ်ပေးဖို့ သြစတေးလျက အများကြီး ကြိုးစားပေမဲ့ အငြိုးတကြီးနဲ့ ဆက်ဖမ်းထားတာ လေ့လာကြည့်တော့ Sean Turnell က NLD ကိုကူခဲ့တာတွေ အများကြီးရှိတယ်။”
စစ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ရုပ်လုံးပေါ်အောင် စစ်ကောင်စီက မီးစိမ်းပြတဲ့ထဲ ဧရာဝတီတိုင်းက မီးလင်းချိုင် စီမံချက်ပါပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု ကော်မရှင်က အတည်ပြုလိုက်ပြီး အကောင်အထည် ဖော်နေပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံချက်မှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနဲ့ ကျောက်ဖြူဓာတ်အားပေးစက်ရုံမှာ ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံပြီး ဒီစီမံချက်တွေရော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံချက်ပါ ရှေ့ဆက်သွားနေတယ်လို့ ORF သုတေသနအဖွဲ့ ကပြောပါတယ်။
BRI မှာအကျုံးဝင်တဲ့ CBECZ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များမှာ ကချင်ပြည်နယ် အထူးဒေသ-၁ က ကန်ပိုက်တီး စီမံချက်အတွက် ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး အကောင်အထည် ဖော်နေတယ်လို့လည်း ဆိုပါတယ်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ လျာထားတဲ့ ရန်ကုန်မြို့သစ် စီမံချက် အကောင်အထည်ဖော်ဖို့ စီစဉ်နေပြီး CBECZ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော် စီမံချက်လည်း ပါဝင်ပါတယ်။