မြန်မာစီးပွားရေးသမားတွေကို တရုတ် ဘာကြောင့် ရက်ရှည်ဗီဇာထုတ်ပေးတာလဲ
2024.11.21

ဗီဇာသက်တမ်း ငါးနှစ်နဲ့ တစ်ခေါက်ကို ရက်ပေါင်း ၁၈၀ (ခြောက်လ)အထိ နေထိုင်ပြီး အကြိမ်ကြိမ် ပြည်ဝင်ခွင့်ပေးထားတဲ့ (Multiple Entry) ဗီဇာကို တရုတ်အစိုးရက မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စတင်ခွင့်ပြုပေးနေပြီလို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ခြောက်လ နေထိုင်ခွင့်ရှိတဲ့ ဗီဇာထုတ်ပေးမယ်လို့ ကြေညာထားသလို တရုတ်နိုင်ငံ ကူမင်းမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ မဲခေါင်အစည်းအဝေးမှာလည်း တရုတ်ဝန်ကြီးချုပ် လီချန်းက ဒေသတွင်း ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ “လန်ချန်း-မဲခေါင် ဗီဇာ”ကို ထုတ်ပေးတာလို့ ပြောခဲ့ပါတယ်။
“တရုတ်က မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ဘက်စုံကနေ မြှင့်တင်ပေးနေတယ်။ နိုင်ငံရေးအရလည်း မြှင့်တင်ပေးဖို့ ကြိုးစားနေတယ်"
မြန်မာ-တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော က ... “ စီးပွားရေးပြန်တက်ဖို့အတွက် ပေးတာနဲ့တူတယ်။ ဒီမှာရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ နောက်တစ်ခုက ပညာရှင်တွေ ဘာတွေ အဲ့ဒါတွေလည်း သူတို့ Green Card တွေ အများကြီးထုတ်ပေးနေတာတွေ့တယ်။ စီးပွားရေးလုပ်တဲ့ သူတွေအတွက်တော့ ကောင်းတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒီလိုမထုတ်ပေးခင်က မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရုတ်ကို အလည်အပတ်ဗီဇာလျှောက်ပြီး နှစ်ပတ်ကနေ တစ်လကြာ သွားရောက်ကြတာဖြစ်ပါတယ်။
ကုန်သည်တွေနဲ့ အလုပ်သမားတွေကတော့ နယ်စပ်ဂိတ်တွေကနေ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်တွေနဲ့ ဝင်ရောက်ကြတာပါ။ ဒါပေမဲ့ စက်တင်ဘာလလောက်ကစပြီး တရုတ်လုပ်ငန်းရှင်တွေ ထောက်ခံချက်မပါရင် ပေးမဝင်တော့တာကြောင့် နယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံထဲ ဝင်ခွင့် မရသူတွေ များလာတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
စီးပွားရေးသမားတွေကို ရက်ရှည်ဗီဇာပေးတာကို ကြိုဆိုပေမဲ့ လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့ ခွင့်ပြုချက် ဟုတ်၊ မဟုတ် စောင့်ကြည့်ရဦးမယ်လို့ မူဆယ်ဒေသခံ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“စီးပွားရေးဗီဇာပေးတာကတော့ လုပ်ငန်းရှင် အားလုံးအတွက်ကောင်းပါတယ်။ မျှော်လင့်နေတဲ့ အရာပဲလေ။ ကျွန်တော်တို့ နယ်စပ်ကကျတော့သွားလို့ အဆင်မပြေတော့ ရက်ရှည်ဗီဇာရတဲ့အတွက် အဆင်ပြေတာပေါ့။ ပတ်စ်ပို့ ရှိပြီး စီးပွားရေးဗီဇာပေးမယ်ဆိုရင် မြန်မာပြည်မှာ တရားဝင် တည်ထောင်ထားတဲ့ ကုမ္ပဏီရှိရမယ်။ အဲဒီကုမ္ပဏီကလည်း အနည်းဆုံး ဒါရိုက်တာ သက်တမ်းက ခြောက်လရှိရမယ်။ ပြီးရင်လည်း တရုတ်ပြည်ရဲ့ ကုမ္ပဏီက ခေါ်စာတွေရှိရမယ်။ ပေးတယ်လို့ ပြောပေမဲ့ တကယ်ထိထိရောက်ရောက် လွယ်လွယ်ကူကူပေးတဲ့ ဗီဇာဟုတ်ချင်မှ ဟုတ်မယ်။ ဒါနဲ့ထွက်လာတာ ကျွန်တော်တို့ မတွေ့သေးဘူး။ လျှောက်နေတဲ့သူတော့ လျှောက်တုန်းပေါ့နော်”
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ပထမဆုံးတရုတ်ခရီးစဉ်အဖြစ် မဟာမဲခေါင်ဒေသ အစည်းအဝေး အပါအဝင် တခြားအစည်းအဝေးတွေတက်ဖို့ စစ်ခေါင်းဆောင်က အခုလ ၅ ရက်နေ့ကနေ ၁၀ ရက် နေ့အထိ တရုတ်ကိုသွားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံထဲက တရုတ် စီမံကိန်းတွေ ထပ်မံတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဆက်နွှယ်သောသတင်းများ
ကချင် နယ်စပ်ဂိတ်အားလုံး KIA သိမ်းပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်ဆိုင်း
မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကို တရုတ်က ခြောက်လနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်
တရုတ်နဲ့ စစ်ကောင်စီ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်
တရုတ်က မြန်မာပြည် စီးပွားရေးပြန်တက်ဖို့ ရှေးရှုပြီး ဒီလိုဗီဇာတွေ ထုတ်ပေးတာဖြစ်ပေမဲ့ ပြည်တွင်း စီးပွားရေးမကောင်းတာကြောင့် ဒီဗီဇာလုပ်ငန်းစဉ်ကလည်း အကျိုးသက်ရောက်မှု ရှိနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တရုတ်က မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ဘက်စုံကနေ မြှင့်တင်ပေးနေတယ်။ နိုင်ငံရေးအရလည်း မြှင့်တင်ပေးဖို့ ကြိုးစားနေတယ်။ စစ်ရေးအရလည်း နေရာပေးဖို့ ကြိုးစားနေတယ်။ စီးပွားရေးဘက်ကနေ အားပေးခွင့်ရဖို့ ကြိုးစားနေတာပေါ့။ ဒါပေမဲ့ ဘယ်ဘက်က ကြိုးစားကြိုးစား မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ အရာထင်မှာမဟုတ်ဘူး။ အခုဘာစီးပွားရေးမှာ ပြည်တွင်းမှာရှိတဲ့သူတွေ အလုပ်လုပ်လို့မရဘူး”
မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို ခွင့်ပြုပေးတဲ့ “လန်ချန်း-မဲခေါင် ဗီဇာ” ကို လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေကိုပါ ထုတ်ပေးမယ်လို့ တရုတ်အစိုးရက ကြေညာထားပါတယ်။