ကချင် နယ်စပ်ဂိတ်အားလုံး KIA သိမ်းပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်ဆိုင်း

RFA Burmese
2024.11.21
ကချင် နယ်စပ်ဂိတ်အားလုံး KIA သိမ်းပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်ဆိုင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် KIA သိမ်းပိုက်အပြီး ကချင်အလံလွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Screenshot: Citizen Video

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အထူးဒေသ (၁) က တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မနေ့ညမှာသိမ်းယူပြီးနောက် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်ကို ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲက နယ်စပ်စခန်းအားလုံးကို KIA က သိမ်းပိုက်လိုက်ပြီး တရုတ်ဘက်ကလည်း အဲဒီ နယ်စပ်ဂိတ်အားလုံးကို ပိတ်လိုက်တာကြောင့် ကချင်မှာရှိတဲ့ နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်တန့်သွားပြီလို့ ဆိုပါတယ်။

ကန်ပိုက်တီမြို့ကို KIA က သိမ်းယူလိုက်ပေမဲ့ နယ်မြေရှင်းလင်းရေးလုပ်နေချိန် ဖြစ်တာကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲကြသေးဘူးလို့ ကန်ပိုက်တီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ပိတ်မိနေတဲ့ဟာတွေတော့ အားလုံးဆင်းသွားပြီ (မြစ်ကြီးနားဘက်ကို)။ အခု ဒီနေ့က လိုဏ်ဂူပေါက်တော့ ပိတ်လိုက်ပြီ။ မြို့ထဲမှာတော့ KIA တွေအားလုံး စိုးမိုးထားပြီ။ အဲဒီ အခြေအနေရောက်နေပြီ။ (စစ်ဘေးဒုက္ခသည်တွေလည်း) ဒီနေ့ပြန်ဖို့ အစီအစဉ်ရှိတယ်။ သူတို့ (KIA) ပြန်တော့ ပြန်ခိုင်းနေပြီ။ ဒါပေမဲ့ ဒီတောထဲမှာက နယ်မြေရှင်းလင်းတဲ့ဟာတွေ ရှိသေးတဲ့အခါကျတော့ ရွာသူရွာသားတွေ သိပ်မပြန်ရဲသေးဘူး။ အဲလိုမျိုးဖြစ်နေတာ၊ အဲဒီတော့ နည်းနည်းတော့ စောင့်ကြည့်ရမှာပေါ့"

လေကြောင်းနဲ့လာပစ်မှာ စိုးရိမ်တာကြောင့် စစ်ဘေးဒုက္ခသည်တစ်ထောင်ခန့်ထဲက တချို့သာ နေရပ်ပြန်ကြပေမဲ့ အများစုက စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ KIA က သိမ်းလိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ဝန်းကျင်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြို့ကိုသိမ်းပြီးချိန်မှာလည်း ကန်ပိုက်တီမြို့နဲ့ အင်းဂျန်ယန်မြို့နယ် အင်ဂွမ်လမှာရှိတဲ့ KIA တပ်မဟာ (၁) နဲ့ တပ်မဟာ (၁) လက်အောက်ခံတပ်ရင်း (၇) နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနားလမ်း ပိတ်နေပြီး ကုန်စီးဆင်းမှု ရပ်တန့်

တရုတ်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို KIA ပြန်ပိတ်

မြေရှားသတ္တုတူးဖော်ရေး KIO တာဝန်ခံမှုရှိရမယ်လို့ Global witness ပြော


ကချင်ပြည်နယ်ထဲက အကြီးဆုံးနယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီအပြင် တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ပေါက်အားလုံးကိုပါ KIA က ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အဲဒီဂိတ်တွေထဲက ပန်ဝါ၊ ဖီမော်နဲ့ မိုင်ဂျာယန်ဂိတ်တွေဟာ မြေရှားသတ္တု အဓိက တင်ပို့နေတဲ့ ဂိတ်တွေဖြစ်ပြီး လွယ်ဂျယ်နဲ့ ကန်ပိုက်တီဂိတ်တွေတော့ မြန်မာ-တရုတ် တရားဝင်ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်ပါတယ်။

တရုတ်ဘက် ကုန်ပို့မဲ့ကားတွေကို ဒီနေ့မနက်ပိုင်းအထိ ဝင်ခွင့်ပြုခဲ့ပြီး နေ့လယ်မှာတော့ ဂိတ်တွေကို ပိတ်လိုက်တာလို့ ကန်ပိုက်တီ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက်က ကန်ပိုက်တီမှာ ရောက်နေတဲ့ကားတွေက တရုတ်ဘက် ဝင်လို့ရတယ်။ ငှက်ပျောကားတွေလိုမျိုးကိုပေါ့၊ ဝင်ခိုင်းတာက။ ဝေမိုးရွာမှာတော့ ပိတ်ထားတယ်။ ဒီကန်ပိုက်တီဘက်ကို မတက်ခိုင်းဘူး။ မနက်ပိုင်းကတည်းက တရုတ်ဘက်က မြန်မာဘက်ကို အဝင်တော့ ပိတ်လိုက်တယ်။ နေ့လယ်ကစပြီးတော့ အဝင်အထွက် အကုန် ပိတ်လိုက်ပြီ"

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကန်ပိုက်တီနယ်စပ်ဂိတ်ကလွဲပြီး ကျန်တဲ့ဂိတ်အားလုံးကို အောက်တိုဘာ ၁၉ ရက်နေ့ကတည်းက တရုတ်ဘက်က ပိတ်ထားတာဖြစ်ပြီး ကန်ပိုက်တီဂိတ်ကိုတော့ ဒီနေ့ နေ့လယ်မှ ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေအပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

အမည်မဖော်လိုတဲ့ KIA အရာရှိတစ်ဦးကတော့ ကန်ပိုက်တီမှာ နယ်မြေရှင်းလင်းရေးလုပ်နေပြီး တရုတ်ဘက်က ဂိတ်တွေပိတ်လိုက်တာကလွဲပြီး ပုံမှန်အခြေအနေရှိနေတယ်လို့ RFA ကိုပြောပါတယ်။

ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ ကန်ပိုက်တီဟာ တရုတ်တဲ့ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်း ရှိတာကြောင့် အရေးပါတဲ့မြို့ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်နဲ့ တရုတ် ထိန်ချုံးကို အဓိကဆက်သွယ်ထားတဲ့ လမ်းမကလည်း ဒီကန်ပိုက်တီမြို့ကနေ သွားတာဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုအားလုံး အဲဒီကနေ သွားတာဖြစ်ပါတယ်။ ဒီကုန်သွယ်ရေးစခန်းက ဒီကချင်ပြည်နယ်ရဲ့ နောက်ဆုံးကျန်ရှိတဲ့ တစ်ခုတည်းတော့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီကုန်သွယ်ရေးကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် KIA အတွက်လည်း အင်မတန်မှ အကျိုးအမြတ် ကြီးမားပါတယ်။ မြန်မာစစ်တပ်အတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်"

"ကုန်သွယ်ရေးကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် KIA အတွက်လည်း အင်မတန်မှ အကျိုးအမြတ် ကြီးမားပါတယ်။ မြန်မာစစ်တပ်အတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်"

KIA ဟာ စက်တင်ဘာလကုန်ပိုင်းကစပြီး မြေရှားသတ္တုထွက်ရှိရာ ဦးဇခုန်းတိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) ဒေသဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ကန်ပိုက်တီဒေသတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈ သန်းကျော်ရှိပြီး ကန်ပိုက်တီကတော့ ဒေါ်လာ ၂၀၈ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ - ၂၀၂၁ ခုနှစ်မှာတော့ လွယ်ဂျယ်နယ်စပ်စခန်းက ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော် ရှိခဲ့သလို ကန်ပိုက်တီကလည်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။