စစ်ကောင်စီရဲ့မဟာမိတ်အဖြစ် တရုတ်နဲ့ ရုရှား ဆက်ရှိနေကြောင်း ပြသ

RFA Burmese
2024.02.29
စစ်ကောင်စီရဲ့မဟာမိတ်အဖြစ် တရုတ်နဲ့ ရုရှား ဆက်ရှိနေကြောင်း ပြသ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်ကောင်စီ အာဏာတည်မြဲရေးကြိုးပမ်းတဲ့အပေါ် ကန့်ကွက်ရှုတ်ချခံနေရချိန်မှာ ရုရှားနဲ့ တရုတ်နိုင်ငံက သံတမန်တွေ နေပြည်တော်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ဒရေးရူဒန်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ ဖေဖော်ဝါရီလ ၂၀ ရက်နေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

အမေရိကန်အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စိုးမိုးမှုကို ရုရှားနဲ့ တရုတ်က တွန်းလှန်နေတဲ့ကာလဖြစ်လို့ မြန်မာစစ်ကောင်စီနဲ့ အခုလို ဆက်ဆံနေတာလို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

ဒါကပဲ သံတမန်ရေးဖယ်ကျဉ်မှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားရောက်နေတဲ့ စစ်ကောင်စီကို အသက်ရှူချောင်စေတယ်လို့ သုံးသပ်ပါတယ်။

"ရုရှားနဲ့ တရုတ်က သူတို့ရနိုင်တဲ့ နိုင်ငံတွေကို လက်ဦးမှုရှိရှိ ဝင်ပြီး စည်းရုံးနေတာပေါ့ဗျာ။ အဲဒီအတွက် ဒီစစ်တပ်က တော်တော် အနေအစား ရှောင်နေတာ။ ရုရှားကလည်း ကုလသမဂ္ဂတို့၊ ဘာတို့မှာ သူ့ကို ထောက်ခံမှုများဖို့ ဒီလိုနိုင်ငံငယ်တွေကို အကုန် လိုက်စည်းရုံးတယ်၊ စစ်တပ်ကလည်း ဒီလိုပါပဲ။ အဲဒါကြောင့် မြန်မာစစ်တပ်ကတော့ အသက်ရှူချောင်သလိုဖြစ်နေတယ်"

စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၂၀ ရက် ထုတ်ပြန်ချက်မှာတော့ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံချိန်မှာ သံတမန်ရေးနယ်ပယ်အပြင် နျူကလီးယားနည်းပညာကဏ္ဍနဲ့ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတည်ငြိမ်ရေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး Mr Andrey Rudenko နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)
ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး Mr Andrey Rudenko နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Military)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံချိန်မှာလည်း တရုတ်နဲ့ မြန်မာကြား နိုင်ငံရေးဆိုင်ရာယုံကြည်မှု တိုးတက်ဖို့၊ စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံရေးတိုးမြှင့်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ် ပါဝင်ကူညီရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ နည်းပညာရရှိရေးတို့အတွက် စစ်ကောင်စီက တရုတ်နဲ့ ရုရှားကို လိုအပ်နေတယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ အောင်မျိုးက သုံးသပ်ပါတယ်။

"၁၉၈၈ ကနေစပြီး ယနေ့အထိ ကျွန်တော်တို့ကို မလိုလား မနှစ်သက်တဲ့ ပုံစံပြနေတဲ့ အမေရိကန် ပြည်ထောင်စုကို ထိန်းညှိဖို့အရေး သေချာပေါက် တရုတ်နဲ့ ရုရှားကို ပေါင်းရမှာ ဖြစ်ပါတယ်။ ရုရှားဆိုရင် နည်းပညာအရ၊ နိုင်ငံရေးအရ၊ တရုတ်ဆိုရင် စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ နည်းပညာအရပေါ့။ ဒါကြောင့်လည်း အဆက်အသွယ်များကြတာပေါ့လေ"

ရုရှားဟာ မြန်မာစစ်ကောင်စီအတွက် စစ်မှန်တဲ့ မဟာမိတ်ဖြစ်ပေမယ့် တရုတ်ကတော့ သူ့အကျိုးစီးပွားတစ်ခုတည်းကိုပဲ ကြည့်တာကြောင့် သတိထားဆက်ဆံဖို့ လိုအပ်တယ်လို့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

"အမေရိကန် ပြည်ထောင်စုကို ထိန်းညှိဖို့အရေး သေချာပေါက် တရုတ်နဲ့ ရုရှားကို ပေါင်းရမှာ ဖြစ်ပါတယ်။ ရုရှားဆိုရင် နည်းပညာအရ၊ နိုင်ငံရေးအရ၊ တရုတ်ဆိုရင် စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ နည်းပညာအရပေါ့"

မြန်မာ့အရေးကျွမ်းကျင်သူ David Scott Mathieson ကတော့ … လက်နက်ရောင်းချမှု တိုးမြှင့်ဖို့ကလွဲပြီး အရှေ့တောင်အာရှမှာ မဟာဗျူဟာ အကျိုးစီးပွားအနည်းငယ်ပဲရှိတဲ့ ရုရှားအတွက် မြန်မာနိုင်ငံက လက်နက်ဝယ်ယူတဲ့ အဓိကဖောက်သည်ဖြစ်နေပြီး စစ်တပ်က ငွေပေးနေသမျှ မြန်မာစစ်တပ်ကို ရောင်းနေဦးမယ်ဆိုတဲ့ အလုပ်သဘောဆက်ဆံမှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တရုတ်ကတော့ စစ်ကောင်စီကို ဆက်လက်ထောက်ခံနေတယ်ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထောက်ခံမှု လျော့ကျလာတဲ့အပြင် မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်အပေါ် စိတ်ပျက်လာတယ်လို့ David Scott Mathieson က သုံးသပ်ပါတယ်။ တရုတ်အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဘက်ပြောင်းထောက်ခံတာမျိုး မလုပ်ပေမယ့် အခုထိတော့ ရွေးချယ်စရာတွေကို လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က အခုချိန်မှာ ရုရှားနဲ့ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

"လက်ရှိအခြေအနေမှာ ဒါစစ်အုပ်စုဟာ တစ်နိုင်ငံလုံးကို စိုးမိုးထိန်းချုပ်နိုင်တဲ့အခြေအနေမှာ မရှိတော့ပါဘူး။ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အားလုံးပေါင်းပြီးတော့ စစ်တပ်ကို အမြစ်ဖြတ်ပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကလည်း ပြည်သူနဲ့ တစ်သားတည်းရှိတဲ့ ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်"

David Scott Mathieson ကလည်း ရုရှားဆီက ထောက်ခံမှုသာဆုံးရှုံးခဲ့ရင် ရေရှည်မှာ မြန်မာစစ်တပ်အတွက် ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။ အလားတူ တရုတ်ရဲ့ထောက်ခံမှုကို လုံးဝဆုံးရှုံးသွားရင်လည်း စစ်ကောင်စီအတွက် အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ဖြစ်နိုင်ခြေနည်းပေမယ့် တရုတ်အနေနဲ့ အာဏာရှင်ဆန့်ကျင်ခုခံနေသူတွေဘက်ကို ပုံအောထောက်ခံလိုက်မယ်ဆိုရင်တော့ ဒါဟာ အဆုံးအဖြတ်ကာလဖြစ်သွားလိမ့်မယ်လို့ David Scott Mathieson က သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။